![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/news-images/more_than_1000_electricians_march_from_the_ahlone_electricity_authority_yangon_11_feb_2021_photo_cj.jpeg)
အာဏာသိမ်းသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီးနောက် ဘဏ္ဍာ၊ အခွန်ငွေ ရပေါက်ရလမ်း နည်းပါးလာသည့် စစ်ကောင်စီသည် လျှပ်စစ်မီတာခ မပေးဆောင်သည့်လှုပ်ရှားမှုတွင် ပါဝင်သည့် နေအိမ်များကို ယခုကာလအတွင်း မီးဖြတ်ရန် ကြိုးပမ်းလာသည်ဟု မန္တလေးနှင့် ရန်ကုန်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလဆန်းတွင် စစ်သားနှင့် လျှပ်စစ်ဝန်ထမ်း ၂၀ ခန့် စစ်ကား ၃ စီးဖြင့် ရောက်ရှိလာပြီး မီးဖြတ်သွားကြောင်း တောင်ဒဂုံမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းသည် စစ်ကောင်စီအခွန်ငွေ မရရေးအတွက် မီတာခမဆောင်သည့်လှုပ်ရှားမှုတွင် တစ်နှစ်ကျော်ကြာ ပါဝင်ခဲ့သူလည်း ဖြစ်သည်။
“ကျွန်မတို့အိမ်ကို စစ်ကား ၂ စင်း၊ ကားအသေး ၁ စင်းနဲ့ ရောက်လာတယ်။ ကားအသေးမှာက မီတာရုံးက လူတွေ ပါလာတယ်။ မီတာဆောင်ပါ့မယ် ပြောတာကို မီတာကြိုးတွေကို ဖြုတ်သွားတယ်။ အဲဒီညနေပဲ သွားဆောင်လိုက်ရတယ်” ဟု ၎င်းက ပြောပြသည်။
စစ်ကောင်စီယန္တရား မလည်ပတ်နိုင်စေရေးအတွက် မီတာခမပေးဆောင်သည့်လှုပ်ရှားမှုကို စစ်တပ် အာဏာသိမ်းကတည်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများက စတင်ခဲ့ခြင်းဖြစ်သည်။
NUG ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းက မီတာခငွေများဖြင့် စစ်ကောင်စီက လက်နက်ခဲယမ်းများ ဝယ်ယူနေ၍ မပေးဆောင်ကြရန် တိုက်တွန်းကြောင်း Myanmar Now ကို ဖြေကြားထားသည်။
ထိုကဲ့သို့ ကောက်ခံရရှိသော မီတာခ၊ အခွန်ငွေများဖြင့် လက်နက်ခဲယမ်းဝယ်ယူပြီး ပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသည့် စစ်ကောင်စီကို မည်သည့်အခွန်ငွေမျှ မပေးဆောင်လိုကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
“မီတာခ မဆောင်တာက အာဏာသိမ်းစကတည်းက မဆောင်တာပါ။ ခုက မဖြစ်မနေအခြေအနေမို့လို့ ဆောင်လိုက်ရတာ။ ဒီလ (မေလ) က စပြီး ကျွန်မတို့ မဆောင်တော့ဘူး” ဟု သူက ဆိုသည်။
ထိုသို့ မီတာခမပေးဆောင်သည့် အာဏာဖီဆန်သည့် လှုပ်ရှားမှုမှာ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ပြီး နောက်တစ်နှစ်အကြာ မီတာခမပေးဆောင်သည့် အိမ်များကို လျှပ်စစ်မီးဖြတ်တောက်ရန် စစ်ကောင်စီက ကြိုးစားလာခြင်းဖြစ်သည်။
ယခုလဆန်းပိုင်း မန္တလေးမြို့ရှိ မီတာခ မပေးဆောင်သည့် နေအိမ်များကို မီးဖြတ်တောက်နေသည်ဟု မန္တလေးမြို့ခံများထံမှ သိရသည်။
မေ ၂၃ နံနက်က လျှပ်စစ်ရုံးဝန်ထမ်းများ ရောက်ရှိလာပြီး မီးဖြတ်သွားသည်ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်သားတွေနဲ့ မီတာရုံးကလူတွေပါတဲ့ အဖွဲ့လိုက်က တစ်အိမ်တက်ဆင်း၊ စာရင်းစာရွက်နဲ့ တိုက်ပြီး မီတာဆောင်လား လိုက်မေးတယ်။ မဆောင်ရသေးဘူးပြောတော့ ဓာတ်တိုင်ကနေ အိမ်ကိုသွယ်ထားတဲ့ ဆားဗစ်ကြိုးကို ဖြုတ်ချသွားတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစဉ်ကတည်းက မီတာခမပေးဆောင်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ကျသင့်ငွေ ကျပ် ၅ သိန်းကျော် ပေးဆောင်ရမည်ဖြစ်ပြီး စစ်ကောင်စီကို ပေးဆောင်ရန် ဆန္ဒမရှိ၍ မီးဖြတ်ခံထားရသည်ဟု ၎င်းက ဆက်ပြောသည်။
“အိမ်က မိသားစု ဘယ်လောက်ထိ ကြံ့ခိုင်နိုင်မလဲတော့ မသိဘူး။ အခုထိတော့ ဆောင်ဖို့အစီအစဉ်က မရှိဘူး။ မဟုတ်လည်း မီးက ပျက်နေတာပဲ။ ဒီချိန် ဒီကာလမှ ရသမျှ ခေါင်းပုံဖြတ်နေတာကြီးကိုလည်း မကျေနပ်လို့ ဆောင်ဖို့ စိတ်မကူးပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်၊ မန္တလေးနှင့် မြောင်းမြမြို့ကြီးများမှ အိမ်ထောင်စု ၅ စုကို Myanmar Now က ဆက်သွယ်မေးမြန်းရာ မဖြစ်မနေအခြေအနေမျိုးရောက်မှသာ စစ်ကောင်စီကို မီတာခပေးဆောင်သွားမည်ဖြစ်သည်ဟု ဖြေဆိုသည်။
သို့သော်လည်း စစ်ကောင်စီက မီးဖြတ်တောက်နေ၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ မီတာရုံးများတွင် မီတာခပေးဆောင်သူများဖြင့် ပြည့်နှက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မီတာခမပေးဆောင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတို့၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးဖြတ်နေသလို မြို့ပြပြောက်ကျားအဖွဲ့များက လျှပ်စစ်မီတာရုံးများကို သတိပေးတိုက်ခိုက်ခဲ့သည်။
ရန်ကုန်မြို့ အင်းစိန်လမ်းမနှင့် ပါရမီလမ်းထောင့်ရှိ လှိုင်မြို့နယ်မီတာရုံးကို မေ ၂၀ နံနက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
မီတာခ မပေးဆောင်သည့် နေအိမ်များ လျှပ်စစ်မီးဖြတ်တောက်ခံနေရသည့်အခြေအနေကို စောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့် မီတာခမပေးဆောင်ကြဘဲ အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ကြရန် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Yangon Federal Army (YFA) က ပြောသည်။
“မီတာလိုက်ကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အလိုတော်ရိတွေရဲ့ အသက်ဘေးကို ဒီလကုန်ကစပြီး တာဝန်မယူပါဘူး။ နောက်ဆက်တွဲတွေကို ကိုယ့်ဘာသာကိုယ် စဉ်းစားဆင်ခြင်ဖို့ ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မှ မြို့နယ်လျှပ်စစ်ရုံးများတွင် ၂၀၂၀ ဇွန်မှ ဒီဇင်ဘာထိ ဓာတ်အားခကြွေးကျန် ၂၈၁.၅၆၇ ဘီလျံအထိ ရှိနေပြီး လျှပ်စစ်မီတာခ မပေးဆောင်သည့် နေအိမ်များကို လျှပ်စစ်မီးဖြတ်တောက်ရန် ညွှန်ကြားထားသည့် ဌာနတွင် ညွှန်ကြားစာ တစ်စောင် ၂၀၂၁ စက်တင်ဘာက ပေါက်ကြားခဲ့သေးသည်။
၂၀၂၂ နှစ်ဆန်းပိုင်းတွင် တစ်ကြိမ်ကြိုးပမ်းခဲ့သည့် စစ်ကောင်စီက ယခု ထပ်မံကြိုးပမ်းလာခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် မန္တလေးတွင် လက်နက်ကိုင်ဆောင်ထားသည့် စစ်သားများဖြင့် မီတာခ အတင်းအကျပ်ကောက်ခံရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းစဉ်က လျှပ်စစ်ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီဖိအားကြောင့် အချို့မှာ လုပ်ငန်းခွင် ပြန်ဝင်သွားကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)