သတင်း

ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြော တိုက်ပွဲများတွင် ဒေသခံ PDF များ အထိနာနေ 

ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြောတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်တိုက်ခိုက်နေရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အထိနာလာပြီး သေဆုံးသူ ၆ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ လက်နက်ကြီးကြောင့် ယမန်နေ့ (မေ ၂၃) က လွယ်ပေါအုပ်စု မခေခမ်းရွာအနီးတွင် ဖယ်ခုံ PDF ရဲဘော်နှစ်ဦး၊ မေ ၂၀ က လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်ရွာများအနီး တိုက်ပွဲတွင် ဖယ်ခုံ PDF အဖွဲ့ဝင် ရဲဘော်တစ်ဦး ထပ်မံကျဆုံးသည်။

ထို့ပြင် မေ ၁၈ ရက်က မိုးဗြဲရေကာတာအနီး ဆီးမီလော့ရွာတွင် ဖယ်ခုံ PDF တစ်ဦးနှင့် KNDF ရဲဘော်တစ်ဦး၊ မေ ၁၅ တွင် ဆောင်နန်းခဲကျေးရွာ၌ ရှမ်းတောင် ၁၀၀၈ တပ်ရင်း ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာတပ်ရင်းများထံမှ သိရသည်။

“အခုက စစ်ဆင်ရေးက တော်တော်ကြာသွားပြီဆိုတော့လေ ကျွန်တော်တို့ဆီက ရဲဘော်တွေကလည်း စောင့်ရတာ ကြာတာတို့ လက်နက်ခဲယမ်းအခက်အခဲတို့ အဲလိုမျိုးတွေဖြစ်တော့ ရဲဘော်တွေက ပင်ပန်းတဲ့အခါကျတော့ ကျဆုံးတာတွေ ပိုပိုဖြစ်လာတယ်” ဟု ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြောကို စစ်တပ်က နှစ်ဖက်ညှပ် ထိုးစစ်ဆင်နေသည်မှာ ၁၂ ရက်ရှိလာပြီဖြစ်ကာ ကရင်နီဒေသပူးပေါင်းတပ်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဖယ်ခုံ၊ မိုးဗြဲ၊ ရှမ်းတောင်၊ လွိုင်ကော်နှင့် အင်းလေး အစရှိသော PDF အဖွဲ့များနှင့်အတူ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) လည်း ပါဝင်တိုက်ခိုက်နေသည်။

ကရင်နီပူးပေါင်းတပ်များတွင် မောင်းပြန်ရိုင်ဖယ်၊ M-79 လက်နက်ကြီး စသည့် လက်နက်များ အထိုက်အလျောက်ရှိသော်လည်း စစ်ကောင်စီ၏ ၁၂၀ မမ၊ ၁၀၅ မမ အမြောက်ကြီးများဒဏ်ကို မခံနိုင်သဖြင့် ပြန်ဆုတ်ရကြောင်း ဖယ်ခုံ PDF တာဝန်ခံက ဆိုသည်။​

စစ်တပ်က လက်နက်ကြီးပစ်ကူဖြင့် ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြောရှိ တောင်ကုန်းများကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တောင်အောက်ရှိ ရွာများကိုလည်း နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု သိရသည်။

“သူတို့က လူအင်အားတော့ အများကြီးမသုံးဘူး။ တောင်တစ်တောင်ကို တက်မယ်ဆိုရင် လက်နက်ကြီးနဲ့ အဲ့တောင်ကို တစ်ချိန်လုံး ပတ်ထုလိုက်တယ်။ နောက်မှ လူနည်းနည်း နည်းနည်းနဲ့ တက်လာတယ်။ ကျွန်တော်တို့က အဲလိုမျိုးကျတော့ နေလို့မရဘူးလေ။ ကတုတ်ကျင်းတွေတူးထားလည်း ဒဏ်မခံနိုင်ဘူးပေါ့။ ပစ်လာတဲ့အလုံးတွေက ပေါက်ကွဲအား တအားပြင်းတဲ့အခါကျတော့လေ” ဟု ဖယ်ခုံ PDF တာဝန်ခံက ဆိုသည်။

စစ်သားများက ဖယ်ခုံမြို့နယ် လွယ်ပေါရွာဈေးရှိ ဆိုင်ခန်းများကို ဖောက်ထွင်းကာ ပစ္စည်းများ သယ်ယူနေသည်ကို လွန်ခဲ့သည့်နှစ်ရက်တွင် ဒရုန်းမှတဆင့် တွေ့ရကြောင်းလည်း ၎င်းထံမှ သိရသည်။ 

နေ့စဉ်ရက်ဆက် တိုက်ပွဲများအတွင်း ဖယ်ခုံအင်းအရှေ့ဘက်ရှိ ဆောင်နန်းခဲရွာနှင့် နန်းပေါ်လုံရွာတို့ကို စစ်တပ်က နောက်တစ်ကြိမ် မီးထပ်ရှို့ခဲ့သည်ဟု ဆိုသည်။

ဖယ်ခုံအင်းတောင်ဘက် မိုးဗြဲရေကာတာအနီး ဆီးမီလော့ရွာတွင်မူ လွန်ခဲ့သည့် တစ်ပတ်ခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ညက ပြန်ဆုတ်သွားပြီဟု ပါဝင်တိုက်ခိုက်နေသည့် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ စာသင်ကျောင်းမှာရော တောင်ပေါ်မှာရော နေရာယူထားတာ အခု သူတို့ပြန်ဆုတ်သွားပြီ။ ၄၂၂ (ခမရ ၄၂၂ မိုးဗြဲ) ထဲကို ပြန်ဆုတ်သွားတာ။ ဒီနေ့ တိုက်ပွဲတော့ နည်းနည်းငြိမ်နေတယ်” ဟု ၎င်းက ပြောသည်။

ပြန်ဆုတ်သွားသည့် စစ်သားများမှာ အင်အား ၇၀ ခန့်ရှိပြီး တပ်မ ၆၆ မှဖြစ်ကြောင်း သိရသည်။ 

ဆီးမီလော့ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် လျှပ်စစ်မီးကြိုးများနှင့် နေအိမ်များပျက်စီးကာ နွားနှစ်ကောင် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးကြောင်း၊ ရွာထဲကိုမူ စစ်သားများ ဝင်ရောက် တပ်စွဲခဲ့ခြင်းမရှိကြောင်း ထို KNDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီဒေသခံပြည်သူများက လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့သည်မှာ ယခုလ ၂၁ ရက်တွင် တစ်နှစ်ပြည့်မြောက်ပြီဖြစ်သည်။ လက်ရှိတွင် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို တို့တွင်လည်း တိုက်ပွဲများဖြစ်နေသည်။

ဒီးမော့ဆိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် စခန်းချနေသော စစ်ကောင်စီတပ်ကို ကရင်နီဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခြင်းများရှိသည့်နည်းတူ ဖရူဆိုမြို့နယ်တွင်လည်း ရိက္ခာလာပို့သော စစ်တပ်ယာဉ်တန်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရသည်။​

ကရင်နီဒေသတွင် စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းနီးရှိပြီဖြစ်ကြောင်း ကရင်နီအရပ်ဘက် လူမှုအဖွဲ့ကွန်ရက်က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button