
ကယားပြည်နယ်အတွင်း စစ်ကောင်စီ၏ ဗျူဟာတပ်အခြေချရာ ဘောလခဲမြို့သို့ ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီယာဉ်တန်းမှာ ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ယနေ့ (မေ ၂၂) တွင် နောက်ကြောင်းပြန်လှည့်သွားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
မိုင် ၃၀ ကျော်ရှိ ဖရူဆို – ဘော်လခဲလမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယခုလအတွင်း ကရင်နီဒေသသို့ ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းများကို သုံးကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
သုံးကြိမ်မြောက်ကြားဖြတ်တိုက်ခိုက်မှုအဖြစ် ဘောလခဲသို့ ရိက္ခာလာပို့သော စစ်တပ်ယာဉ်တန်းကို မွန်းလွဲ ၃ နာရီခန့်တွင် ဖရူဆိုမြို့နယ် ထားလဲနှင့် ကျွန်းပင်ကုန်းကျေးရွာကြားတွင် ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း KNDF တပ်ရင်း ၄ တာဝန်ရှိသူက ပြောသည်။
ချုံခိုတိုက်ခိုက်မှုကြောင့် ၃၉ စီးပါ ယာဉ်တန်း၏ ရှေ့ဆုံးမှ ၁၀ စီးခန့်သာ ရှေ့ဆက်သွားနိုင်ခဲ့ကြောင်း၊ သုံးစီးထက်မနည်း ပျက်စီးကာ တိုက်ခိုက်ခံရသည့် နေရာတွင် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဖရူဆိုမြို့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထွက်လာသည့် ထိုယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်သည့်နေရာသည် မိုင် ၃၀ ကျော်ဝေးသည့် ဖရူဆိုနှင့် ဘောလခဲကြား ခရီးထက်ဝက်ခန့်တွင် ဖြစ်ပြီး တစ်နာရီခွဲကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထိုသူက ဆက်ပြောသည်။
“စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရတာတွေ ထိခိုက်ကျဆုံးတာတွေ ရှိတယ်ပေါ့နော်။ အဲဒါကို ကျွန်တော်တို့ အတည်မပြုနိုင်ဘူး။ ဘာလို့လဲဆို တိုက်ခိုက်တဲ့အထဲမှာလည်း ကားတန်းတွေက အရမ်းရှည်တော့ ရန်သူလည်း အင်အားအရမ်းများတော့ အတည်မပြုနိုင်ခဲ့ဘူး”
ခြေလျင်စစ်သည်များ၏ နောက်မှ လိုက်ပါလာသည့် ထိုယာဉ်တန်းတွင် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် လက်နက်ခဲယမ်းများပါရှိပြီး တစ်စီးလျှင် စစ်သား ၅ ယောက်မှ ၁၀ ယောက်ခန့်အထိ ပါဝင်ကြောင်း အထက်ပါ KNDF တပ်ရင်း ၄ တာဝန်ရှိသူက ဆိုသည်။
“ပထမတစ်ခေါက်ပို့တယ်။ ကရင်နီပူးပေါင်းတပ်တွေက တိုက်တယ်။ ထိခိုက်ပျက်စီးမှုများတော့ ပြန်ဆုတ်တယ်ပေါ့နော်။ ဒီတစ်ကြိမ်ထပ်မံပြီးတော့ ထိုးတယ်ပေါ့နော်”
ယမန်နေ့က တိုက်ခိုက်ခံရသည့် နေရာတွင် ပျက်စီးကျန်ရစ်ခဲ့သည့် စစ်သုံးယာဉ်များကို စစ်ကောင်စီဘက်မှ လာရောက်ယူဆောင်ခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မေလ ၁၇ ရက်နေ့ကလည်း စစ်တပ်ရိက္ခာပို့သည့် ယာဉ်တန်းကို KNDF တပ်ရင်း ၁၆ က ထိုလမ်းကြောင်း၌ပင် တိုက်ခိုက်ခဲ့ပြီး ကားသုံးစီးပျက်စီးခဲ့သည်ဟု ၎င်းထံမှ သိရသည်။ ထိုတိုက်ခိုက်မှုကို ဦးဆောင်သည့် တပ်ရင်း ၁၆ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေး၍ အသေးစိတ်မသိရသေးပါ။
မေ ၇ ရက်တွင် ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူကျေးရွာကြားတွင် ဘော်လခဲဘက်မှ ဖရူဆိုသို့ ပြန်လာသည့် စစ်ယာဉ်တန်းနှင့် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNDF၊ KA တို့ ပေါင်းကာ တိုက်ခိုက်ခဲ့သေးသည်။
ထိုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ကား ၄ စီးပျက်စီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀ ကျော် သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု KNDF ဘက်က ထုတ်ပြန်ထားသည်။
ဖရူဆို၊ ဘောလခဲ လမ်းကြောင်းတွင် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုမှာ အရေးကြီးမစ်ရှင်သဘောဆောင်နေသည်ဟု အထက်ပါ KNDF တပ်ရင်း ၄ တာဝန်ရှိသူက သုံးသပ်သည်။
“သူတို့အတွက် ဘယ်လောက်အရေးပါတာ မပါတာ သူတို့ရဲ့ လှုပ်ရှားမှုပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ သိမြင်နိုင်တာပေါ့နော်။
ဘောလခဲနှင့် ဖားဆောင်းမြို့တို့တွင် စစ်ကောင်စီက ကျောင်းများပြန်ဖွင့်ရန် စီစဉ်နေကြောင်း၊ ဆရာဆရာမများကို မေလဒုတိယပတ်တွင် ရဟတ်ယာဉ်ဖြင့် ပို့ခဲ့သည်ဟု သတင်းရထားကြောင်း KNDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း စာသင်ကျောင်းများပြန်ဖွင့်ရန် ကြိုးပမ်းနေရာ ချင်းဒေသခံကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်း ခံနေရသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အပြင်းအထန်ခုခံနေသည့် ကရင်နီဒေသရှိ ဖရူဆိုမြို့နယ်အတွင်း KNDF နှင့် KA တပ်ရင်းအချို့ ပူးပေါင်းကာ စစ်ကောင်စီကို ပြောက်ကျားနည်းဗျူဟာဖြင့် ခုခံတော်လှန်နေသည်။
ကယား (ကရင်နီ) နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်ရှိ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြောတွင်လည်း မေလ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည်။
ဖယ်ခုံအင်းအနီး တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အကူအညီပေးရေးအဖွဲ့များထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)