
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ရှောင်စခန်းတွင် ၂ နှစ်ကျော်ကြာ သောင်တင်နေသူများထဲတွင် တချို့က ထမင်းကျန်များကို မစွန့်ပစ်ဘဲ အခြောက်လှန်းကြသည်။
ထမင်းချက်သည့်အခါ ထမင်းခြောက်ကို ရောနှောချက်ပြုတ်ခြင်းမှာ ရိက္ခာနည်းပါးသည့် သူတို့၏ ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတစ်ခု ဖြစ်နေသည်ဟု စခန်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“အချို့က ချေးငှားပြီး လှည့်ပတ်ပြီးစားနေကြရတာတွေလည်းရှိတယ်။ အခုဆိုရင် တချို့က ငတ်တာတွေ များပါ တယ်။ ဥပမာ- ဆန်နှစ်ဗူး စားဖို့ နေရာမှာ ဘူးဝက်စားတယ်။ အဲဒီမှာ မိဘနဲ့ သားသမီးမှာ မိဘက သားသမီးတွေကို ငဲ့ညှာပြီး မိဘတွေက အများကြီးငတ်ကြတာပေါ့”ဟု ထိုအမျိုးသားက ပြောသည်။
နေရပ်ပြန်ရန် အခြေအနေ မပေးသေး၊ လက်ရှိနေရာတွင် ဝင်ငွေ မရှာနိုင်သေးသည့် စစ်ဘေးတိမ်းရှောင်သူတို့သည် စစ်အာဏာသိမ်းမှု၊ ကိုဗစ်ကပ်ဘေးတို့နောက်ပိုင်း ရိက္ခာထောက်ပံ့မှု ပုံမှန်မရသောကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်ရမည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ပြောကြသည်။
၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှ အစပြုသော ရခိုင်ဒေသ ၂ နှစ်ကြာ စစ်ပွဲအတွင်း လူ ၂ သိန်းကျော် စစ်ရှောင် ခဲ့ရပြီး ထိုအထဲမှ ထက်ဝက်ခန့်မှာ ဒေသတွင်း မတည်ငြိမ်မှု အခြေအနေများကြောင့် ယနေ့ထက်ထိ နေရပ် မပြန်နိုင်ကြသေးပေ။
ထောက်ပံ့မှု ရပ်ဆိုင်း
မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစခန်း၊ ရသေ့တောင်မြို့နယ် သာသနာ့ဗိမာန်စခန်းနှင့် ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစခန်းတို့သည် စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်)ထံမှ ထောက်ပံ့မှု မလာသည်မှာ ၃ လ ကြာပြီဟု ဒုက္ခသည်တို့က ပြောသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ အကူအညီလည်း ရပ်နေသည်ဟု စင်းဘောကိုင်းစခန်းမှ စစ်ရှောင်ဒုက္ခသည် ကိုဝင်းနိုင်က ပြောသည်။
“အရင်တုန်းကဆိုရင် ICRC ကလည်း ပေးတယ်။ လူကယ်ပြန်ကလည်း ပေးတယ်။ ICRC ပေးတာနဲ့ မလောက်ငလည်း လူကယ်ပြန်က ပေးတာနဲ့ ပေါင်းလိုက်ရင်တော့ အဆင်ပြေသလောက်တော့ ရှိပါတယ်။ အခုက ICRC ကလည်း ရပ်လိုက်တယ်။ လူကယ်ပြန်ကလည်း မပေးတော့ဘူး” ဟု ကိုဝင်းနိုင်က ပြောသည်။
“လူကယ်ပြန်က ရပ်သွားတာက နှစ်လ၊ သုံးလလောက် ရှိနေပြီ။ ICRC က ရပ်သွားတာက ဒီလမှာ လုံးဝမရောက်ပါ။ ကျွန်တော်တို့အတွက် အခက်အခဲက စားဝတ်နေရေး နံပါတ်တစ်၊ ကြုံနေရတာပါ” ဟု သူက ဆက်ပြောသည်။
ကျောက်တော်၊ တောင်မင်းကုလားစခန်းမှ မအေးခိုင် ဆိုသူက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ထံမှ ရသည့် အထောက်အပံ့အနည်းငယ်နှင့် ရပ်တည်နေရသည်ဟု ဆိုသည်။
“WFP ထောက်ပံ့ပေးတာနဲ့ပဲ မလောက်လည်း လောက်ငအောင် ချင့်ချိန်ပြီးစားနေရတယ်။ WFP က လစဥ် ပေးပါတယ်။ အရင်တုန်းကတော့ လူတစ်ဦးကို တစ်လ ၁၅၀၀၀ ပေးတယ်။ ပြီးခဲ့တဲ့လကတော့ ၁၈၀၀၀ ပေးတယ်” ဟု ပြောသည်။
အလားတူ ရသေ့တောင်မြို့ပေါ်ရှိ သာသနာ့ဗိမာန်တွင် နှစ်ချီ ခိုလှုံနေရသည့် ဦးသာဇံလှက ICRC ၏ အထောက်အပံ့တစ်ခုတည်းနှင့် ရပ်တည်နေရသည်ဟု ပြောသည်။
“ဒီမှာ ခိုလှုံနေတာ သုံးနှစ် သုံးမိုးရှိပြီ။ အခုဘယ်အဖွဲ့ကမှ လာမလှူကြဘူး။ ICRC တစ်ခုတည်းကတော့ ဆန်၊ ဆီ၊ ပဲတွေ ထောက်ပံ့တာတော့ ရှိတယ်။ အရင်က ဆိုရင် လူမှုဝန်ထမ်းအဖွဲ့က လာပေးတယ်။ အခု မပေးတော့ဘူး။ မပေးတာ နှစ်လ သုံးလလောက်ရှိနေပြီ။ မလုံလောက်လည်း ဖြစ်သလို စားနေကြရတယ်” ဟု ဆိုသည်။
တဲအိမ်များ ယိုယွင်းပျက်စီး
စခန်းအသီးသီးတွင် တဲထိုးနေရသူတို့က မိုးရာသီမတိုင်ခင် တဲအိမ်များကို ပြုပြင်လိုကြသည်။ ထိုသို့ ပြောနေကြစဥ်မှာပင် စစ်ရှောင်စခန်းများရှိသည့် ဒေသများတွင် မိုးက နွေရာသီမကုန်ခင် စတင် ရွာသွန်းနေပြီဖြစ်သည်။
ဧပြီ ၂၀ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း မြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းအချို့ ထိခိုက်ခဲ့ရပြီး ထိုတဲအိမ်များနှင့် တခြားယိုယွင်းပျက်စီးနေသည့် တဲအိမ်အဟောင်းများကိုလည်း မိုးမကျမီအမြန်ပြုပြင်ရန် လိုလျက်ရှိနေသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
ရသေ့တောင်မြို့ သာသနာ့ဗိမာန် စစ်ဘေးရှောင်စခန်းတွင် တဲအိမ်အလုံး ၃၀ ခန့်မှာ ပြိုပျက်နေကြောင်း အထက်ပါစစ်ရှောင်အမျိုးသားက ဆိုသည်။
“နေရေးထိုင်ရေးလည်း အခက်အခဲတစ်ခုရှိတယ်။ တဲအိမ်တွေက အကုန်ပျက်စီးနေပြီး မိုးရွာရင် မိုးယိုတယ်။ ကိုယ်ထူကိုယ်ထ သစ်ဝါးတွေနဲ့ ဆောက်ထားတဲ့ နေအိမ်တွေ ၃၀ လောက်ရှိတယ်။ အဲဒီအိမ်တွေလည်း အကုန်ပြိုနေကြပြီ” ဟု ၎င်းက ပြောသည်။
တဲအိမ် ၄၃၂ လုံးရှိပြီး လူဦးရေ ၁၈၂၀ ဦး နေထိုင်ခိုလှုံနေသော ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် မေ ၉ က မီးလောင်မှုဖြစ်ပွားခဲ့ပြီး တဲအိမ်ထက်ဝက်ကျော် ဆုံးရှုံးမှုဖြစ်ပွားကာ UNHCR က လူသုံးကုန်ပစ္စည်းများ လာရောက်ကူညီခဲ့ကြောင်း သိရသည်။
အိမ်ထောင်စု ၉၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော်ရှိသည့် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ မအေးခိုင်က ဧပြီလအတွင်း တစ်အိမ်ထောင်စုလျှင် ဝါး ၁၀၀ လုံးစီ၊ UNHCR ထံမှ ရကြောင်း ပြောသည်။
“အိမ်တစ်ဆောင်လုပ်ဖို့ မိသားစုတစ်ခုကို ဝါးက ၁၀၀ ပေးတယ်။ နှီးထိုးတာ ဆယ်လုံးလောက် ကုန်တယ်။ ကျန်တဲ့ ၉၀ နဲ့ ပြန်ပြုပြင်ဖို့ အဆင်မပြေပါ။ အခုလုပ်ပြီးတော့ တစ်လ၊ နှစ်လ ဆိုတာနဲ့ ပြန်ပြီး တော့ မိုးယိုတယ်။ လေနည်းနည်းတိုက်ရင် နံရံတွေ ပျက်တယ်” ဟု မအေးခိုင်က ဆက်ပြောသည်။

မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှ ကိုဝင်းနိုင်က ဧပြီလ လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသည့်တဲအိမ်အချို့ရှိသည်ဟု ဆိုသည်။
“တချို့တွေမှာက အနီးအနားကိုသွားပြီးတော့ သစ်ဝါးတွေရှာပြီးတော့ ဖာထည့်ပြီး နေထိုင်နေကြရသူတွေလည်း ရှိတယ်။ လုံးဝမတတ်နိုင်ဘဲနှင့် မဆောက်ရသေးတဲ့လူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လိုအပ်နေသူများထံ ကူညီထောက်ပံ့မှု လျော့နည်းလာခြင်းနှင့် ပတ်သက်ပြီး ယခင်က စခန်းများနှင့် ထိတွေ့နေသည့် အဖွဲ့အစည်းများထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
နေ့စဉ် အခက်အခဲများ
မိုင်းနှင့် စစ်ကျန် လက်နက်များ၏ အန္တာရာယ်ကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်များဖြစ်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် တခြားမြို့နယ်များရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံလျက်ရှိနေသည့် စစ်ဘေးရှောင်ဒုက္ခသည် သိန်းနှင့်ချီရှိနေဆဲဖြစ်သည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဖျားတွင်ရှိသည့် စစ်ဘေးရှောင်စခန်း တစ်ခု ဖြစ်သည်။ အဆိုပါလေးမြို့ချောင်းဒေသ၌ နေထိုင်ကြသည့် ဒေသခံများမှာ ဥယျာဥ်ခင်းများနှင့် ရာသီအလိုက် စိုက်ပျိုးရသည့် သီးနှံခင်းများကို အဓိကလုပ်ကိုင်လေ့ ရှိကြသည်။
စစ်ဘေးရှောင်များမှာ ပွင့်လင်းရာသီများတွင် နေ့စဥ်ဘဝကို ထင်းခုတ် ပြီး ဝင်ငွေရှာကြသလို တချို့မှာ သီးနှံစိုက်ခင်းတွင် နေ့စားအလုပ်ရရန် ကြိုးပမ်း နေကြသည်ဟု စခန်းတွင် နေထိုင်သည့် ကိုဝင်းနိုင်က ပြောသည်။
“ဒီရာသီမှာက အလုပ်အကိုင်တွေလည်းရှားပါတယ်။ ဒီအချိန်မှာ တခြားအလုပ်ကလည်းမရှိပါ။ နွေရာသီပိုင်းတွေမှာတော့ အနီးအနားက ရွာတွေကို ထင်းတွေသွားရောင်းတယ်” ဟု သူက ပြောသည်။
“အခုတော့ ရွာတွေမှာလည်း အလုပ်သိမ်းချိန်ဖြစ်သွားတော့ အလုပ်ကမရှိဘူး။ အလုပ်ရှိနေတဲ့ အချိန်အခါမှာ တစ်နေ့တာလုပ်အားခက ယောက်ျားဆိုရင် (ကျပ်) ငါးထောင်လောက်ရတယ်။ မိန်းမဆိုရင် သုံးထောင်လောက် ရကြတယ်။ အဲဒီဝင်ငွေတွေနဲ့ လောက်ငအောင် ချွေတာသုံးနေကြရတယ်”
ထို့အတူ ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရောက် ဒုက္ခသည်များမှာလည်း ၎င်းတို့၏ ဝမ်းရေးအတွက် ရာသီအလိုက် အလုပ်အကိုင်အပေါ်မူတည်ပြီး ဝင်ငွေရသည့် အလုပ်ကို လုပ်ကိုင်ကြရ သည်ဟု ထိုနေရာတွင် နေထိုင်သည့် မအေးခိုင်ဆိုသူက ပြောသည်။
“တချို့တွေက ထင်းခုတ်ရောင်းကြတယ်။ တချို့တွေက ရာသီပေါ်အလိုက် ပဲနင်းတာတွေ၊ ပဲခြွေတဲ့အလုပ်ကို လုပ်ကြပါတယ်။ နောက်ပြီးတော့ တချို့လူတွေက သူတွေလိုမလုပ်နိုင်တော့ သူများစားသလို မစားရဘူး။ ဒါက ဒီစစ်ဘေး ရှောင်စခန်းမှာ ကျွန်မ ကိုယ်တိုင်မြင်နေရတဲ့ အရာတွေပါ” ဟု ဆိုသည်။
ကျန်းမာသန်စွမ်းသူများဆိုလျှင် ဝင်ငွေရသည့်အလုပ်ကို ဒေသတွင်း ရှာကြံလုပ်ကိုင်ကြပြီး ဝမ်းဝအောင် ရှာစားနိုင်သူများလည်းရှိသလို အလုပ်မလုပ်နိုင်သဖြင့် ဝမ်းဝအောင်မစားရသူများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“အိမ်ရှင်(ခင်ပွန်း) မရှိတဲ့ မုဆိုးမတစ်ယောက်မှာ သားသမီး ငါးနှစ်အောက်က နှစ်ယောက်၊ ၁၈ အထက်မရှိဘူး။ အမိ တစ်ယောက်တည်း လုပ်ကိုင်စားရတာ။ သူက ထင်းလက်တောင် အချောင်း ၁၅၀ ထမ်းနိုင်တယ်ဆိုရင် ၂၅၀ ထမ်းပြီး တော့ ရောင်းပြီး ဝင်ငွေရှာပါတယ်”
“အဲလိုရောင်းမှ ငွေ ၅၀၀၀ လောက် ရတယ်။ အဲဒါကို ၇၀၀၊ ၈၀၀ တန် ဆန် ဝယ်တယ်။ ဆား၊ ငရုတ် ၊ ငါးပိဝယ်တယ်၊ အဲဒီလို လုပ်စားနေကြရတယ်” ဟု မအေးခိုင်က ပြောသည်။
ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုဂယက်
အလုပ် အကိုင်ရှားပါး၊ ဝင်ငွေနည်းပါးနေချိန်တွင် စစ်တပ်က အာဏာသိမ်းခြင်းကြောင့် ရှင်သန်ရေးက ပိုမို ခက်ခဲလာသည်ဟု Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သော ရခိုင်စစ်ဘေးဒုက္ခသည်တို့က ဆိုကြသည်။
“ဒီအာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ ကုန်စျေးနှုန်းတွေက ထိုးတက်လာတာပါ။ အများအားဖြင့် ကုန်စျေးနှုန်းတွေ မြင့်မားလာတယ်ဆိုတာနဲ့ ဒီပြင်ပက လွတ်လွတ်လပ်လပ်လူတွေထက် ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို နစ်နာမှုတွေ အများကြီး ရိုက်ခတ်လာတယ်” ဟု စစ်ရှောင် ကိုဝင်းနိုင်က ပြောသည်။
ဒေသအများအပြားတွင် အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို လိုက်လံဖမ်းဆီးမှု၊ ပစ်ခတ်မှု၊ အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး အိမ်ချိပ်ပိတ်မှု၊ အကြမ်းဖက်သမား ဝင်ထွက်သည်ဟုယူရသည့်ရွာကို မီးရှို့မှုများ နေ့စဥ် ဖြစ်ပေါ်နေသော်လည်း ရခိုင်ပြည်နယ်တွင်မူ အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်မှုများ မရှိသေးပေ။
သို့သော်လည်း စစ်တပ်က အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပြဿနာများက ရခိုင်ပြည်တွင် ရှိနေသည်။
ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ရောက်နေသော မအေးခိုင်က ၎င်းတို့ထံလာမည့် လူမှုကူညီရေးဖွဲ့အစည်းတို့၏ အစီအစဥ်များ အဟန့်အတား ဖြစ်နေသည်ဟု ဆိုသည်။
“ကုန်စျေးနှုန်းမြင့်တက်လာနေတာက တိုင်းရေးပြည်ရေးအခြေအနေကြောင့်လို့ ထင်ပါတယ်။ အာဏာသိမ်းမှုနဲ့ အဲဒီကနေစပြီးတော့ အားလုံး အစစအရာရာ၊ ကယ်ဆယ်ရေးတွေလည်းပိတ်၊ အခွင့်အလမ်းတွေလည်းအားလုံးပိတ်၊ ကုန်စျေးနှုန်းတွေကလည်းတစ်ရက်ထက်တစ်ရက် မြင့်တက်” ဟု သူက ပြောသည်။
တစ်နိုင်ငံလုံး ကိုဗစ်နိုင်တင်း ကူးစက်မြန်ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် တစ်ရွာနှင့် တစ်ရွာသွားလာမှု ကန့်သတ်ထားသောကြောင့် ရိက္ခာသယ်ယူရေးအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်ဟု စင်းဘောကိုင်းစခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
“ကိုဗစ်ကာလမှာလည်း အခက်အခဲတွေကြုံခဲ့ရပါတယ်။ ရိက္ခာပိုင်းတွေနဲ့ ပတ်သက်လို့ပေါ့။ စားရေးသောက်ရေး၊ သွားရေးလာရေး၊ ဟိုရွာကလည်းပိတ်ထား၊ ဒီရွာကလည်းပိတ်ထားဆိုတော့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းက ရိက္ခာသယ်ယူဖို့အတွက် သွားရေးလာရေး အခက်အခဲတွေ့ခဲ့ရတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းမှာ မြတန်ဆောင် ဆရာတော်ဦးစီးကာ တည်ဆောက်ခဲ့သည့် စစ်ဘေးရှောင် စခန်းတခုဖြစ်ပြီး ကပ်ရောဂါကာလအတွင်း ထိုဆရာတော်က ဒုက္ခသည်များ စားရေးသောက်ရေးအတွက် ဟင်းလျာများကို အလှူခံပြီး ရှာဖွေပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဟင်းတွေက ကျွန်တော်တို့ သွားရှာလို့လည်းမရ ဝယ်ဖို့ဆိုလည်းမရတော့ အဲဒီဆရာတော်က ဥပမာ ကြက်ဥတွေဘာတွေ လှမ်းပြီး ပို့ပေးတာကိုပဲ အားလုံးမျှတော့ အကျပ်အတည်းခံပြီးတော့ စားခဲ့ကြရတယ်”
ကိုဗစ်နိုင်တင်း ကူးစက်မြန်ရောဂါကြောင့် စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့လည်း ကူးစက်ခံခဲ့ရပြီး ကိုယ်ဝန်ပျက်ကျသည်အထိ ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ကြရသည်ဟု တောင်မင်းကုလား စစ်ဘေးရှောင်စခန်းက ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းဖြစ်ကြတယ်။ ကလေးပျက်ကျတာတွေလည်း ရှိခဲ့တယ်။ အဲဒီကိုဗစ်ကာလတုန်းက အဖွဲ့အစည်းတစ်ခုကမှ လာလို့ စားဝတ်နေရေးအတွက် အကူအညီ လာပေးတာမရှိခဲ့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)