ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ၈ မိုင်ခန့်အကွာ မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၃၀) ညပိုင်းက ထိုအနီးဝန်းကျင်ရှိ ညောင်ချောင်းနှင့် မဟာမုနိဒုက္ခသည်စခန်းများဘက်ကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ည ၈ နာရီခန့်က လက်နက်ကြီးပစ်ခတ်သံ တစ်ချက်နှင့် လက်နက်ငယ်ပစ်ခတ်သံများကို ဆက်တိုက်ကြားလိုက်ရသောကြောင့် ထွက်ပြေးခဲ့ကြရသည်ဟု စစ်ဘေးရှောင်တချို့က ဆိုသည်။
“မနေ့ညက တိုက်ပွဲဖြစ်တာ မဟုတ်ပါ။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်နေတာပါ။ ဘုရားကုန်းကနေ ပစ်တာပါ။ ပထမအလုံးကြီးပစ်သံ ကြားပါတယ်။ ပြီးမှ လက်နက်ငယ်တွေ ပစ်တာပါ။ အချက် ၃၀ လောက် ကျမယ် ထင်ပါတယ်၊ ပစ်တာ” ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုဘုရားအနီးတွင်ရှိသော စစ်ရှောင်စခန်းမှ ဒုက္ခသည်တချို့မှာ အနီးမှ ကျေးရွာများသို့ ညတွင်းချင်း ရှောင်တိမ်းခဲ့ကြရသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
“အသံကြားခါစကတော့ လူတွေလန့်သွားကြတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူးဆိုမှ ငြိမ်သွားကြတာ။ မဟာမုနိဘုရားက လူတွေတော့ အိပ်ရဲကြမှာမဟုတ်ဘူး ထင်ပါတယ်။ စစ်ရှောင်စခန်းက လူတွေတောင်မှ ဒီဘက်ရွာထဲကို လာအိပ်ကြပါတယ်” ဟု ဆိုသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းက ဒုက္ခသည့်အမျိုးသားတစ်ဦးကလည်း ယမန်နေ့ည ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ရှောင်များ ထိတ်လန့်နေကြကြောင်း ယနေ့ (မေ ၃၁) နေ့လယ်တွင် ပြောသည်။
“သေနတ်ပစ်တာနဲ့ စိုးရိမ်စိတ်ကြောင့် မနေ့ကည ဒုက္ခသည်တွေ ရှုပ်ယှက်ခတ်သွားကြတယ်။ ပစ်သံစဲသွားတာနဲ့ နည်းနည်းငြိမ်သွားတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
မဟာမုနိဘုရားနှင့် မလှမ်းမကမ်းရှိ ညောင်ချောင်း၊ မဟာမုနိစစ်ဘေးရှောင်စခန်းတို့တွင် ယခင်နှစ်များအတွင်း တိုက်ပွဲများဖြစ်ကတည်းက ခိုလှုံနေကြသည့် စစ်ရှောင်ဦးရေ ၆၀၀၀ နီးပါးခန့် ရှိသည်။
စစ်တွေ – မြောက်ဦးသွား လမ်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေထိုင်သည့် စစ်တပ်က ပြီးခဲ့သည့်ရက်များအတွင်းကတည်းက ညအချိန် သေနတ်ပစ်ဖောက်ခဲ့သည်။
“ဒုက္ခသည်စခန်းမှာ ကျည်ဆန်တွေကျတယ်ဆိုတာ ဒီလ ၂၆ ရက်၊ ၂၇ ရက်နေ့လောက် ကျမယ်။ အဲဒီတုန်းက ပစ်တဲ့အချိန်မှာ အဲဒီလို နည်းနည်းကျည်ဆန်တွေ လာထိတာတွေ ရှိခဲ့တယ်။ မဟာမုနိစစ်ဘေးရှောင်စခန်းက တဲအိမ်ကို လာထိတာ ဆိုတော့ စိုးရိမ်နေကြတာပေါ့။ အဲဒီတုန်းကလည်း စစ်ဘေးရှောင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တုန်လှုပ်သွားကြတယ်” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
ထိုတဲအိမ်အလုံး ၄၀၀ ကျော်ရှိသော မဟာမုနိစစ်ရှောင်စခန်းသည် မေ ၉ တွင်လည်း မီးဘေးနှင့် ရင်ဆိုင်ရသဖြင့် တဲအိမ်အလုံး ၂၆၀ ကျော် လောင်ကျွမ်းထားသည်။

ယမန်နေ့ည ၈ နာရီခန့်က ကျောက်တော်တပ်မ စကခ ၉ က လက်နက်ကြီး နှင့် ၃ ချက်ပစ်ခတ်ခဲ့သည်ကို ကြားလိုက်ရပြီး မဟာမုနိဘုရားတောင်ဘက်ခြမ်းရှိ ဓမ္မာရုံ၊ ဘုရားရှေ့ဘက်က လေယာဉ်အနီးရှိ အဆောက်အအုံတို့တွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သည်ဟု သိရကြောင်း ကျောက်တော်မြို့ခံနောက်တစ်ဦးက ပြောသည်။
“မနေ့ည ၈ နာရီကျော်က တပ်မက လက်နက်ကြီး ၃ ချက်ပစ်တာကို အိမ်ကနေ ကြားလိုက်ရတယ်။ သိရတာက မဟာမုနိကယ်ဆယ်ရေးစခန်းကို ပစ်တယ်လို့ သိရတယ်။ မနက်မိုးလင်းတာနဲ့ ထပ်ပြီးကြားရတာက ညောင်ချောင်းစစ်ဘေးရှောင်စခန်းကိုလည်း ပစ်လို့ ပြေးရတဲ့အထဲမှာ သူတို့ (စစ်ရှောင်တွေ) လည်း ပါတယ်လို့ သိရတယ်” ဟု ထိုသူ က ဆက်ပြောသည်။
မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်၌ ယခုရက်ပိုင်းအတွင်း အင်အားများ ထပ်မံတိုးချထားကြောင်း ဘုရားအနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အင်အားက ထပ်တိုးတယ်။ အရင်တုန်းက ၆၀ လောက် ရှိတာ။ နောက်ထပ် ၁၃၀ လောက် ထပ်ရောက်လာတယ်လို့ ပြောကြတယ်” ဟု ဆိုသည်။
မဟာမုနိဘုရားအနီး တပ်စွဲထားသော အင်အား ၂၀၀ ဝန်းကျင်စစ်ကြောင်းမှ စစ်သားတစ်ဦး ပြီးခဲ့သည့် မေ ၂၂ ၊ နံနက် ၁၀ နာရီခန့်က လက်နက်ထားခဲ့ကာ ထွက်ပြေးသွားသည်။
နှစ်ဖက် အပစ်ရပ်သော်လည်း အင်အားတချို့သာ စစ်ကောင်စီတပ်က တပ်ရုပ်သွားခဲ့ပြီး ယမန်နှစ် နှစ်လယ်တည်းက စစ်ရေးအင်အားတိုးခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များ၌ စစ်တပ်က သာသနိကအဆောက်အအုံများနှင့် ဘုရားပုထိုးစေတီများသာမက ဗလီများတွင်ပါ တပ်စွဲထားသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ကြား နှစ်ဖက် စစ်ရေးတင်းမာနေချိန်၌ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၌ ယနေ့ (မေ ၃၁) တွင် စစ်ကောင်စီတပ်၏ ရေငုပ်သင်္ဘောတစ်စီး ရောက်ရှိနေသည်ကို တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။
ယင်းရေငုပ်သင်္ဘောမှာ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရေတပ်စခန်းသို့ သံဇစ်မြစ်မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် သတင်းများပျံ့နှံ့နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ရခိုင်ဒေသ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့ကလည်း ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းမှ ရိက္ခာနှင့် လက်နက်ဟု ယူဆရသည့်အရာများကို စစ်ရေယာဉ်က လာရောက်ချထားခဲ့ပြီး ရခိုင်မြောက်ပိုင်းတွင်လည်း ခရီးသွားများကို အစစ်အဆေးတင်းကျပ်နေသည်။
ပြီးခဲ့သည့် မေ ၂၆ က ရခိုင်နှင့် နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ရာ ပလက်ဝမြို့မှ အရှေ့ဘက် တစ်မိုင်ကျော်ခန့်အကွာရှိ အမှတ် ၂၈၉ ခြေလျင်တပ်ရင်းက တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများ ညနေအထိ ပစ်ကူပေးခဲ့၍ ဒေသခံများ ထိတ်လန့်ခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



