အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မှ စစ်သားတစ်ဦး တပ်မှ ထွက်ပြေး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် စစ်သားတစ်ဦး ထွက်ပြေးသွားသောကြောင့် စစ်ကောင်စီတပ်က လိုက်ရှာနေသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ပြောသည်။ 

မေ ၂၂ ၊ နံနက် ၁၀ နာရီခန့်က မဟာမုနိဘုရားအနီး တပ်စွဲထားသော စစ်ကြောင်းမှ ထွက်ပြေးသည့် ထိုစစ်သားက သေနတ်ယူဆောင်သွားခြင်းမရှိဟု သိရကြောင်း သရက်တစ်ပင်ကျေးရွာမှ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“ဘုရားမှာရှိတဲ့ စစ်ကြောင်းက သရက်တစ်ပင်အနီးက တံတားမှာ ကင်းချထားတာရှိတယ်။ အဲဒီကနေ ထမင်းသွားဝယ်မယ်ဆိုပြီး သွားတာကနေ ထွက်ပြေးတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့နေ့က လိုက်ရှာနေကြတာကို တွေ့ရတယ်” ဟု ထိုသူက ဆက်ပြောသည်။

“တစ်ယောက်တည်း ထွက်ပြေးသွားတာလို့ သိရတယ်” 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သရက်တစ်ပင်ကျေးရွာနှင့် မဟာမုနိဘုရားကြား ညောင်ချောင်းရွာအနီးရှိ အဆိုပါတံတား၌ အင်အား၂၀ ခန့် တပ်စွဲထားပြီး ဘုရားပေါ်တွင်လည်း နေရာယူထားသည်ဟု ဆိုသည်။ 

မဟာမုနိဘုရားနှင့် ကပ်လျက် ညောင်ချောင်းကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ထိုသတင်းကြားသော်လည်း အသေးစိတ်ကို မသိရကြောင်း ဆိုသည်။

“စစ်သားတစ်ယောက် ထွက်ပြေးသွားတယ်ဆိုပြီးတော့ ကြားရတယ်။ ဒါပေမဲ့ ဘယ်ကနေ ထွက်ပြေးသွားတယ်ဆိုတာကို မသိရဘူး။ မဟာမုနိဘုရားမှာတော့ စစ်သားတွေရှိတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

စစ်သားတစ်ဦး ထွက်ပြေးကာ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုထံ ရောက်သွားကြောင်း ဒေသတွင်း သတင်းများထွက်ပေါ်နေသော်လည်း AA ထံမှ တုံ့ပြန်ချက်မရသေးပေ။ 

စစ်တွေ – ရန်ကုန် အာရှကားလမ်းမကြီးပေါ်က အဆိုပါသရက်တစ်ပင်ကျေးရွာသည် ကျောက်တော်မြို့နှင့် ၈ မိုင်ခန့်အကွာတွင် ရှိပြီး ထိုကျေးရွာ၏ အ‌ရှေ့ဘက် မိုင်ဝက်ခန့်အကွာတွင် မဟာမုနိဘုရားတည်ရှိသည်။

စစ်သား ၃ ဦး ထွက်ပြေးသွားပြီး ထိုအထဲမှ တစ်ဦးမှာ AA ထံ ထွက်ပြေးခိုလှုံသွားကြောင်း မျက်မြင်တစ်ဦးကို ကိုးကား၍ ရခိုင်အခြေစိုက် နိရဥ္စရာသတင်းဌာန ယနေ့ (မေ ၂၅) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိရန် ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းထံ ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။ 

သရက်တစ်ပင်ကျေးရွာအပြင်ဘက်ရှိ အဆိုပါတံတားအနီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် (နိုဝင်ဘာ ၁၃) က စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သားအချို့ သေဆုံးခဲ့သည်။

အလားတူ ကျောက်တော်မြို့ဘက်မှ မဟာမုနိဘုရားဘက်သို့ ဦးတည်လာသည့် စစ်ကြောင်းတစ်ခုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂ ၌ ထိုတံတားအနီးအရောက် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button