
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ စစ်ဘေးဒုက္ခသည်စခန်းအတွင်းသို့ ယနေ့ (ဇွန် ၁၇) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု ဒေသခံနှင့် ကူညီသူအချို့ထံမှ သိရသည်။
မြို့အနောက်ဘက် ၅ မိုင်ကျော်အကွာတွင်ရှိသည့် ဇွပ်အောင်စခန်းအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ၂ လုံးကျခဲ့သည်ဟု ပေါက်ကွဲချိန်တွင် ရှိနေသည့် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
အိမ်အတွင်းရှိ ၅၆ နှစ်အရွယ် ဒေါ်နန်လိုင်၊ သမီးဖြစ်သူ ၂၈ နှစ်အရွယ် မဒေါင်နောတို့ သေဆုံးကာ ၈၅ နှစ်အရွယ် ဦးလအောင် ဒဏ်ရာရသည်ဟု ၎င်းက ပြောသည်။
“နှစ်လုံး (လက်နက်ကြီးကျည်) ကျတာ အမျိုးသမီးနှစ်ယောက်ကတော့ တစ်ခါတည်းဆုံးတယ်၊ တစ်ယောက်ကတော့ ဆေးရုံရောက်သွားပြီ” ဟု အဆိုပါအမျိုးသားက ပြောသည်။
ရင်ဘက်နှင့် ချိုင်းအောက်တို့တွင် ဒဏ်ရာရပြီး သေဆုံးကြောင်း၊ ထိုအိမ်တွင် အလည်အပတ်ရောက်နေသည့် အဘိုးအိုမှာ ဘယ်ဘက်ပေါင်နှင့် ကျောကုန်းတို့တွင် ဒဏ်ရာရကြောင်း ထိုဒေသအတွင်း စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ပေါက်ကွဲမှုကတော့ တော်တော်ပြင်းတယ်၊ အိမ်ဘေးမှာ ကျင်းကြီးတောင် ဖြစ်သွားတယ်၊ အိမ်က ခေါင်မိုးတွေ သွပ်တွေဆိုရင် ပေါက်ပြဲထွက်ကုန်တာ”။
ဒဏ်ရာရသူ ဦးလအောင်ကို ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက မွန်းလွဲ ၃ နာရီခန့်တွင် Myanmar Now ကို ပြောသည်။
သေဆုံးသူ မဒေါင်နောမှာ စစ်ရှောင်များအရေး တက်တက်ကြွကြွဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်သည်ဟု သိရပြီး ၎င်းတို့ အလောင်းများကို ဇွပ်အောင်စစ်ရှောင်စခန်းအနီးတွင်သာ သင်္ဂြိုလ်မည်ဟု ကူညီသူနှင့် ဒေသခံအချို့က ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်မ ၇၇ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်များ ဇွန် ၁၄ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဇွပ်အောင်စစ်ရှောင်စခန်းတည်ရှိသည့် ကာလိုင်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ဒေသတွင်းသတင်းဌာနအချို့ကလည်း ဇွန် ၁၅ ရက်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ၊ ဇွန် ၁၆ ရက်တွင် ဟူလိုင်ရွာနှင့် ကုန်ချမ်းရွာများအနီး စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။
ဇွန် ၁၆ ရက် တိုက်ပွဲတွင် ကုန်ချမ်းရွာအတွင်း စစ်ကောင်စီလက်နက်ကြီးကျရောက်ခဲ့သည့်အတွက် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သလို ရွာသား ၃ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးထားခဲ့သည်ဟု ရွှေဖီမြေသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ကွတ်ခိုင်မြို့နယ်အတွင်း နန့်ဖလွန်ရွာအနီး တိုက်ပွဲများဖြစ်ပွားသည့် သတင်းများသာ ကြားသိရပြီး ကွတ်ခိုင်အနောက်ဘက် ကာလိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားသည့် သတင်းများကို မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယနေ့နံနက်တွင်လည်း ကာလိုင်ကျေးရွာနှင့် ဇွပ်အောင်စစ်ရှောင်စခန်းအနီး KIA တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာလည်း မကြားပါဘူး၊ ကျွန်တော်တို့ အောက်ခြေကနေ သတင်းပေးတာလည်း မရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA တပ်မဟာများဖြစ်သည့် တပ်မဟာ (၆)၊ တပ်မဟာ (၁၀) နှင့် တပ်မဟာ(၄) တို့ လှုပ်ရှားနေပြီး ယခုတိုက်ပွဲဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ် ကာလိုင်ဒေသတွင် တပ်မဟာ(၄) တပ်များ လှုပ်ရှားနေသည်။
၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံအရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။
စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ခဲ့သော်လည်း အများအပြားက ငြင်းဆန်ထားကာ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရန် လုပ်ဆောင်မည်ဟု ပြောထားကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA အပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA, တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့နှင့်လည်း စစ်ကောင်စီတပ်က တိုက်ပွဲများဖြစ်ပွားနေသည်။
အရပ်သားထိခိုက်သည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)