အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကွတ်ခိုင်အပါအဝင် ထိန်းချုပ်ဒေသများတွင် MNDAA အစီအစဉ်ဖြင့်သာ  ကျောင်းဖွင့်မည်

ကိုးကန့်တပ်ထိန်းချုပ်သော ဒေသများတွင် နိုင်ငံတကာသုံး အင်္ဂလိပ်စာ၊ တရုတ်စာ နှင့် အခြားဘာသာ စကားများကို နှစ်ချိန်ခွဲ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းများ အမြန်ဆုံးဖွင့်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အပါအဝင် ထိန်းချုပ်ဒေသများတွင် လာမည့် ဇွန်လမှ စတင်၍ စာသင်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး အထူးဒေသ (၁) မြန်မာပညာရေးကော်မတီက ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ကိုးကန့်တပ် (MNDAA) က ယနေ့ ထုတ်ပြန်ထားသည်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအပါအဝင် စာသင်ကျောင်းအားလုံး၌ နိုင်ငံတကာတွင် အသုံးများသည့် အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားများကို သင်ကြားပေးမည့်အပြင် ဒေသခံတိုင်းရင်းသားဘာသာစကားများကိုပါ အထူးထည့်သွင်းသင်ကြားပေးမည် ဟု MNDAA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကွတ်ခိုင်မြို့နယ်အတွင်း ဇွန်လတွင် စာသင်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ယခုလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံမည်ဟု ထုတ်ပြန်ထားသော်လည်း ကျောင်းအရေအတွက် မည်မျှဖွင့်မည်ကို မသိရသေးပေ။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်)၊ တာမိုးညဲ၊ ကုန်းကြမ်းမြို့များကို သိမ်းပိုက်ပြီး အဆိုပါ မြို့များကို သိန္နီ (မူပန်) ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ လောက်ကိုင် ခရိုင်ဟူ၍ ခွဲခြားပြီး ကိုးကန့်အထူးဒေသ (၁) အဖြစ် သတ်မှတ်အုပ်ချုပ်နေသည်။

ယခုနှစ် မတ်လအတွင်း မဟာမိတ်ဖြစ်သော တအာင်းတပ် (TNLA) ထံမှ သိမ်းလိုက်သည့် ကွတ်ခိုင်မြို့ကို MNDAA က အထူးဒေသ (၁) ၌ ထည့်သွင်းအုပ်ချုပ်နေရာ  တအာင်းပညာရေးကောင်စီ (TLEC) ဦးစီးသော တအာင်းကျောင်းများ ဆက်ဖွင့်ခွင့်မရသောအခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

MNDAA ကမူ အဆိုပါစာသင်ကျောင်းများ ပိတ်ထားခြင်းမှာ ကျောင်းပိတ်ချိန်ဖြစ်သောကြောင့် ဖြစ်ပြီး ၎င်းတို့ပညာရေးဌာနမှ ဦးစီးကာ ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုသည်။ အခြားဒေသများတွင် ကျောင်းသား၊ ကျောင်းသူ အယောက် ၅၀ ရှိမှသာ ကျောင်းဖွင့်ခွင့်ပြုမည် ဖြစ်သော်လည်း ကွတ်ခိုင်ခရိုင်အတွင်း၌မူ ကျောင်းသားအရေအတွက် ရှိသရွေ့ ဖြေလျှော့၍ ခွင့်ပြုမည်ဟု သိရသည်။ 

သင်ကြားမည့် ဆရာ၊ ဆရာမများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး အထူးဒေသ (၁) ပညာရေးကောလိပ်သို့ ဆက်လက် တက်ရောက်ရမည်ဟုလည်း ဆိုသည်။

TNLA တပ်က လက်လွှတ်ခဲ့ရသည့် ကွတ်ခိုင်မြို့အပါအဝင် ခြောက်မြို့တွင် စစ်တပ်နှင့် ကိုးကန့်တပ်က ၎င်းတို့အစီအစဉ်ဖြင့်သာ ပညာရေး၊ အုပ်ချုပ်ရေး လည်ပတ်နေကြသဖြင့် တအာင်းကျောင်း ၃၀၀ ကျော် ပိတ်လိုက်ရကြောင်း တအာင်းပြည် ပညာရေးကောင်စီ (TLEC) မေလဆန်းက ပြောထားသည်။ ကွတ်ခိုင် မြို့နယ်အတွင်း TLEC ကျောင်း ၁၀၀ ကျော်ရှိသည်။ 

TLEC ပညာရေး၌ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ပညာရေး သင်ရိုးညွှန်းတမ်းကို အသုံးပြုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ထားကာ မြန်မာစာ၊ တအာင်းစာအပြင် အခြားတိုင်းရင်းသားစကား၊ စာပေများလည်း ထည့်သွင်းသင်ကြားသည်ဟု သိရသည်။ 

ထို့ကြောင့် TLEC က ကျောင်းပြန်ဖွင့်ခွင့်ရလိုသော်လည်း MNDAA ဘက်ကမူ ၎င်းတို့အစီအစဉ်ဖြင့်သာ လုပ်ကိုင်မည်ဟု ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့နဲ့ တရားဝင် ညှိနှိုင်းခွင့် မရသေးဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကလေးတွေ ပညာရေး လက်လှမ်းမီနိုင်ဖို့ပဲ လိုတယ်။ ကျွန်တော်တို့ ထပ်ပြီး သူတို့နဲ့ ညှိနှိုင်းနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု TLEC ဗဟိုတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ် ၁၀၅ မိုင် မိုင်းယုရွာဒေသတို့တွင် တအာင်းပညာရေးကောင်စီ (TLEC) က ဆရာ၊ ဆရာမအင်အား ၅၀၀ ဝန်းကျင်ဖြင့် စာသင်ကျောင်း ၁၃၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၂,၀၀၀ ခန့် ပညာသင်ကြားခဲ့ကြသည်။

ယခုလအတွင်း ကွတ်ခိုင်မြို့၌တွေ့ရသည့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း။ (ဓာတ်ပုံ- Myanmar Now)

ကွတ်ခိုင်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မန္တလေး- လားရှိုး- မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကွတ်ခိုင်နှင့် ထိုလမ်းမကြီးသည် မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည်။ ယခင်က စစ်တပ်၊ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ (AA၊ TNLA၊ MNDAA) အပြင် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ရှမ်းတပ် SSPP/SSA တို့ သွားလာလှုပ်ရှားနေသည့် မြို့ကြီးလည်း ဖြစ်သည်။

မြို့ပေါ် ရပ်ကွက် ရှစ်ခုရှိကာ  ကချင်၊ ပလောင်၊ ရှမ်းနှင့် မုန်းဝန်းတို့ အများဆုံးနေထိုင်ကြသော ဒေသဖြစ်သည်။ 

ပညာရေးနှောင့်နှေးမည်ကို စိုးရိမ်ဟု ဆို

MNDAA ပညာရေးဌာနက ဦးစီးကာ ဖွင့်လှစ်သည့်ကျောင်းများတွင် နံနက်ပိုင်းတွင် တရုတ်စာပေနှင့် နေ့လယ်ပိုင်းတွင် မြန်မာစာပေကို သင်ကြားရမည့် ပညာရေးစနစ်သစ် ပြောင်းလဲကျင့်သုံးရန် MNDAA က ပြင်ဆင်နေသည်ဟု ဒေသခံများက ဆိုကြသည်။

ထိုသို့ တရုတ်ဘာသာနှင့် မြန်မာ ဘာသာ နှစ်ချိန်ခွဲ သင်ကြားမည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိကြသလို MNDAA အနေဖြင့် ကျောင်းများ အချိန်မီ ဖွင့်လှစ်နိုင်ခြင်းမရှိပါက ကလေးများ ပညာရေးနှောင့်နှေးမည်ကို စိုးရိမ်ကြောင်း ကျောင်းသားမိဘအချို့က ဆိုကြသည်။ 

ထို့ကြောင့် ယနေ့ (မေလ ၂၀ ရက်) နံနက်တွင် ကွတ်ခိုင်မြို့၌ MNDAA က ပြုလုပ်သည့် ဒေသခံများနှင့် ကျောင်းသားမိဘများ ပညာရေးမိတ်ဆက်သည့်အခမ်းအနားတွင် မြို့ခံများက ထိုကိစ္စ တင်ပြခဲ့သည်ဟု အစည်းအဝေးတက်သည့် ဒေသခံများထံက သိရသည်။

“မနက်ပိုင်း တရုတ်ကျောင်းဖွင့်ပြီး ညနေပိုင်း မြန်မာစာ သင်မယ့်ကိစ္စက အားလုံးဝိုင်းတင်ပြခဲ့တာ ရှိတယ်။ ကလေးတွေက ဘယ်လိုမှ စာလိုက်နိုင်မှာ မဟုတ်ဘူး လေနော်။ သူတို့ (MNDAA) ကတော့ ဗဟိုက ချမှတ် တဲ့အတိုင်း လုပ်ရတာပါပေါ့။ ပြီးတော့ မြို့ပေါ် ကျောင်းတွေမှာပဲ ဒီစနစ်ရှိမှာ၊ ရွာကျောင်းတွေမှာတော့ ကြိုက်သလို သင်လို့ရတယ်လို့ ပြောတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ အမျိုးသားတစ်ဦး က ပြောသည်။

“နေ့တစ်ပိုင်းတည်းနဲ့ ဘာသာရပ်တွေအားလုံးကို သင်ရမယ်ဆိုတော့ ကလေးတွေအတွက် အဆင်မပြေဘူး။ တရုတ်ကျောင်းမတက်တဲ့ ကလေးတွေလည်း မနက်ပိုင်း အားနေပြီး နေ့လယ်ပိုင်းမှ ကျောင်းသွားရမယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” ဟု ကွတ်ခိုင်မြို့နေ မိဘတစ်ဦးက ပြောသည်။

MNDAA အနေဖြင့် ကျောင်းသင်ရိုးညွှန်းတမ်းနှင့် အခြေခံအသေးစိတ်အချက်အလက်များ ထုတ်ဖော် ပြောဆိုခြင်း မပြုသေးပေ။ 

၂၀၂၄-၂၀၂၅ ခုမှစတင်၍ အထူးဒေသ (၁) မြန်မာပညာရေးကော်မတီကို ဖွဲ့စည်းပြီး ကျောင်း ၁၀၀ ကျော် ဖွင့်လှစ်၍ ဆရာ၊ ဆရာမ အရေအတွက် ၈၀၀ ကျော်ဖြင့် ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းကျော်အား ပညာ သင်ကြားပေးနေသည်ဟု MNDAA က ဆိုသည်။ 

ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားသည်ဟု MNDAA က ဆိုခဲ့ပြီး အထက်တန်းအဆင့် အောင်မြင်ပြီးပါက  ပညာရေးဆက်လက်တက်ရောက်နိုင်ရန် လောက်ကိုင်မြို့နယ်အတွင်း နည်းပညာအထက်တန်းကျောင်း၊ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်ပေးနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

သို့ရာတွင် MNDAA အနေဖြင့် လတ်တလောတွင် ဒေသတစ်ခုလုံး လွှမ်းခြုံ၍ စာသင်ကျောင်းများ မဖွင့်နိုင်သေးဟု ဒေသခံများက ဆိုကြသည်။

“သိန္နီဆိုရင် သူတို့ထိန်းချုပ်ထားတာ ကြာပြီ။ အခုထိ မြို့ပေါ်မှာ အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်း ငါးကျောင်းရှိတာမှာ အလယ်တန်းကျောင်းတစ်ခုပဲ ဖွင့်နိုင်တယ်။ ရွာကျောင်းတွေ မဖွင့်နိုင်ဘူး။ ကွမ်းလုံမြို့ဘက်ဆိုလည်း အဲလိုပဲ” ဟု သိန္နီမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထို့ကြောင့် အချို့မှာ ကလေးငယ်များ၏ ပညာရေးအတွက် စစ်တပ်ကြီးစိုးသော မန္တလေး၊ တောင်ကြီးနှင့် ရန်ကုန်မြို့ကြီးများသို့ ပြောင်းရွှေ့သွားကြသူများရှိသည်ဟု ရှမ်းမြောက်ဒေသခံများထံက သိရသည်။

ကလေးငယ်များ ပညာရေးတွင် အခြေခံပညာအဆင့် ပညာသင်ယူခွင့်ရရှိရေးမှာ အရေးကြီးသည်ဖြစ်၍ MNDAA အနေဖြင့် ကျေးရွာများမှ စတင်သည့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းများ ပိုမိုဖွင့်လှစ်ပေးရန် လိုလားကြောင်း ဆိုကြသည်။

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့အတွင်း၌ အခြေခံ ပညာကျောင်းပေါင်း ၂၃၀ ကျော်ရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၄,၀၀၀ နီးပါး ပညာသင်ကြားခွင့် ရရှိခဲ့သည်။ အဆိုပါ ကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမပေါင်း ၅၇၀ ကျော် ရှိခဲ့သည်။ နှစ်စဉ် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံမှုမှာ ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင် ရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုသူမှာ ၂၀၀ ဝန်းကျင်အထိ ရှိခဲ့သည်ကို တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button