ဆောင်းပါး

စစ်သားများအာဏာဖီဆန်ရန် တွန်းပို့နေသော တပ်တွင်းအခြေအနေများ

ပါဝါရိန်းဂျားဇာတ်လမ်း၊ လေပေါ်ပျံရသော ဇာတ်ဝင်ခန်းများကို စွဲလန်းခဲ့သူ ကလေးငယ်က လူလားမြောက်ချိန်မှာ သူ့ရည်မှန်းချက်အတိုင်း လေယာဉ်မောင်းပြီး စစ်တိုက်ရသူဖြစ်လာသည်။

ဆယ်တန်းအောင်ပြီးချိန်တွင် မိဘကဖြစ်စေလိုသည့် ဆန္ဒနှင့် သူ့အိမ်မက် ထပ်တူကျခဲ့သည်ဟု  ၃၅ နှစ်အရွယ်  ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

“အဓိက ကတော့ ကျွန်တော့်ရဲ့ အဘ(အဘိုး)ပေါ့။ ဆယ်တန်းအောင်တော့ သူက စစ်တပ်ထဲ ဝင်စေချင်တယ်။ ကျွန်တော်က လေယာဉ်မောင်းချင်တယ်။ အဓိကက ကျွန်တော်က လေယာဉ်မောင်းချင်လို့ ဝင်တာ”ဟု ၎င်းကပြောသည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားသည်ဟု အကြောင်းပြကာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ဆန့်ကျင်သူ ပြည်သူများကို စိတ်ထင်တိုင်းကြဲ သတ်ဖြတ်နှိမ်နှင်းနေသူ စစ်ခေါင်းဆောင်များအတွက် သူစစ်မတိုက်လိုတော့ပေ။

အခြားတဖက်တွင်လည်း ရာထူးအာဏာ အသုံးချ၍ ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်အဆင့်ဆင့်ကြောင့် အဘက်ဘက်က ယိုယွင်းပျက်စီးနေသည့် စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်းစနစ် ပြုပြင်ပြောင်းလဲရေးကို သူလိုလားသည်။  နောက်ဆုံး သူချစ်သော စစ်တန်းလျားကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည်။

“အခုအချိန်မှာ နိုင်ငံရဲ့အလှည့်အပြောင်း၊ နောက်ပြီးကျတော့ တပ်မတော်ရဲ့ အလှည့်အပြောင်း။ ဒီစနစ်ကြီးတစ်ခုရဲ့ မကောင်းတဲ့သားကောင်တွေအဖြစ် အောက်ခြေစစ်သားတွေ ဝန်ထမ်းတွေ အရာရှိကြီးတွေ အများကြီးပါပဲ၊ ဒီထဲမှာ စတေးခံနေရတာ”ဟု လေတပ်မှ တိုက်ပွဲဝင် လေယာဉ်မျိုးစုံမောင်းနှင်ခဲ့ဖူးသည့်  ဗိုလ်ကြီးဇေသူအောင်က ပြောသည်။ 

စစ်ခေါင်းဆောင်များက တိုင်းပြည်ကို ကယ်တင်ရန် အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောဆိုဝါဒဖြန့်၍ နယ်မြေအလိုက် တပ်တွင်းစည်းရုံးရေး ဆင်းနေသည့်တိုင် အောက်ခြေတွင်မူ ရှေ့တန်းစစ်မြေပြင်ရောက်မှ ကိုယ်တိုင်သေနတ်ပိုက်၍ CDM ပါသူများရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ် ချိတ်ဆက်ပြီးမှ တပ်ရင်းကို ကျောခိုင်းသွားသူများလည်း နေ့စဉ်လိုလို ရှိလာနေသည်။

စစ်အာဏာသိမ်းပြီး ၁၄ လ အတွင်း CDM ပါလာသော တပ်မတော်သားနှင့် ရဲဝန်ထမ်းဦးရေ ၁၀,၀၀၀ နီးပါးရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဧပြီ ၁၈ တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်တပ်မှ  ၃ဝဝဝ ကျော် ပါဝင်နေပြီး ၎င်းတို့နှင့် အဆက်အသွယ်မလုပ်သူများလည်း ရှိနိုင်သည်ဟု ဆိုသည်။

မထည့်နိုင်ဘူးဆိုရင် သက်ဆိုင်ရာ ယာယီတပ်ရင်းမှူးတို့ ယာယီတပ်ခွဲမှူးတို့ကို အထက်ကနေ၊ ကွပ်ကဲမှုဌာနချုပ်တွေကနေတဆင့် မင်းတို့အဆင့်တိုးထောက်ခံချက် ငါတို့မစဉ်းစားဘူး၊ မင်းတို့ ရအောင်စည်းရုံး။ စည်းရုံးတယ်လို့သာပြောတာ၊ ဓားပြတိုက်သလိုပါပဲ။ ဇွတ်ထည့်ရတာ

မတူသည့်ရည်မှန်းချက်ကိုယ်စီဖြင့် တပ်ထဲဝင်ခဲ့ကြပြီး တပ်ကိုစွန့်ခွာချိန်တွင်မူ သူတို့၏ အကြောင်းပြချက်က အခွင့်ထူးခံ ကိုယ်ကျိုးရှာနေသော စစ်ခေါင်းဆောင်များ အဆုံးသတ်ရေးဖြစ်သည်။

“စစ်တပ်က ဇာတ်တူသား တအားစားတယ်”

စစ်သည်များ၊ တပ်အရာရှိများ၏လစာထဲမှ ပမာဏအများအပြားသည် စစ်တပ်နှင့်ဆက်စပ်သော  ကုမ္ပဏီနှစ်ခုထံ လစဉ်ရောက်ရှိသွားသည်။  ထိုနှစ်ခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် အောင်ပြည့်စုံ ပိုင်သော အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီနှင့် ၁၉၉၀ တွင် တည်ထောင်ခဲ့သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ ဖြစ်သည်။

အောင်မြင့်မိုရ်မင်း ကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီး တစ်နှစ်ကျော်အကြာ ၂၀၁၂ နိုဝင်ဘာမှ စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုကုမ္ပဏီသို့ အသက်အာမခံကြေးသွင်းရန် ဖိအားပေးခံခဲ့ရသည်ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“မထည့်နိုင်ဘူးဆိုရင် သက်ဆိုင်ရာ ယာယီတပ်ရင်းမှူးတို့ ယာယီတပ်ခွဲမှူးတို့ကို အထက်ကနေ၊ ကွပ်ကဲမှုဌာနချုပ်တွေကနေတဆင့် မင်းတို့အဆင့်တိုး ထောက်ခံချက် ငါတို့မစဉ်းစားဘူး၊ မင်းတို့ ရအောင်စည်းရုံး။ စည်းရုံးတယ်လို့သာပြောတာ၊ ဓားပြတိုက်သလိုပါပဲ။ ဇွတ်ထည့်ရတာ”ဟု အာဏာသိမ်းပြီး ၂ လ အကြာတွင် CDMလုပ်လာသူ  ဗိုလ်ကြီးဇင်ယော်ကပြောသည်။ 

စစ်သားများနှင့်  ကုမ္ပဏီအကြား ချုပ်ဆိုရသည့် ၃ မျက်နှာပါ စာချုပ်ကို အသေးစိတ်မဖတ်မိကြောင်း၊   စာချုပ်ပါ စည်းကမ်းချက်များကို  ကုမ္ပဏီဘက်က ၅ နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ကြောင်း ၎င်းကပြောသည်။

“၅ နှစ်စုရတယ်။ အဲ့ဒီ ၅ နှစ်ပြည့်လို့ ဘာမှ မဖြစ်ရင် အဲ့ဒီငွေ(ပမာဏ)ပဲ ပြန်ရမှာ။ သူတို့ကို ပိုက်ဆံ အပ်ထားရသလိုပဲ။ ဆတိုးနဲ့ ပြန်ရတာမဟုတ်ဘူး။ အဲ့ဒီ ၅ နှစ်အတွင်းမှာ သေသွားမှ အမြတ်ရတာ။ ဒါပေမယ့်ဗျာ … သေပြီးမှ မြတ်တဲ့ အမြတ်တော့ ဘယ်သူက ယူချင်မှာတုန်းဗျာ”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

သူ၏လစာ ၃၆၀,၀၀၀ ထဲမှ ၂၅,၀၀၀ ကို  စာချုပ်အရ အာမခံကြေးပမာဏပြည့်မီရန် ၅ နှစ်ကြာ လစဉ်ဖြတ်တောက်ခံရကြောင်း ဗိုလ်ကြီးဇင်ယော်က  Myanmar Now ကိုပြောသည်။

စစ်သည်များလည်း  လစာ ၁၄၄,၀၀၀ ထဲမှ ၄၀,၀၀၀ နှုန်းဖြင့် လေးလတစ်ကြိမ် ဖြတ်တောက်နုတ်ယူခံနေရသည်ဟု အသက်အာမခံအကြောင်း မကြားဖူးကြသည့်  အောက်လက်ငယ်သားများကို ရှင်းပြခဲ့ရဖူးကြောင်း ၎င်းကပြောသည်။

“စစ်သည်တွေက မေးတယ်လေ၊ ဗိုလ်ကြီး ကျွန်တော်တို့ငွေ ဘယ်အချိန်ပြန်ရမှာလဲတဲ့။ ဟာ တပည့်တို့ နောက် ၅ နှစ်နေရင် မင်းတို့ပိုက်ဆံ အကုန်ပြန်ရမှာ။ အဲဒီအခါ အမြတ်တော့ မရဘူး။ မြတ်ချင်ရင်တော့ မင်းတို့ ဒီကြားထဲ သေလိုက်ရင်တော့ မြတ်တယ်လို့ဆိုတော့ တပည့်တွေကလည်း ဟာ တဲ့ မလိုချင်တော့ဘူးတဲ့။ အလကားပဲတဲ့” ဟု သူက ဆိုသည်။ 

လစာထုတ်ပေးချိန်မှာပင် စစ်တပ်၏ ငွေစာရင်းညွှန်ကြားရေးမှူးရုံး (ကကငွေ)မှ အရာရှိများက ဖြတ်တောက်နုတ်ယူထားလိုက်ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

“ကကငွေကနေ စာရင်းနဲ့ တစ်ခါတည်းဖြတ်ယူထားလိုက်တယ်။ ကျွန်တော်တို့လက်ထဲကို ငွေမရောက်တော့ဘူး။ လစဉ် အဲ့လို ဖြတ်တောက်ခံရမယ်ဆိုတာ စာချုပ်နဲ့ လက်မှတ်ထိုးရတာ”ဟု စစ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သည့် ၎င်းကပြောသည်။

အသက် ၃၀ အရွယ် ဗိုလ်ကြီးလင်းထက်အောင်သည် DSA အပတ်စဉ် ၅၄ ဆင်းဖြစ်သည်။ ၎င်း နောက်ဆုံးတာဝန်ကျခဲ့သော တပ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၂၈ ဖြစ်သည်။

၎င်းသည် တပ်ထဲဝင်စက အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းတွင် အသက်အာမခံထားရသော်လည်း ၂၀၁၆ မှစ၍ အောင်မြင့်မိုရ်မင်းကုမ္ပဏီထံ ပြောင်းလျှောက်ထားခဲ့ရသည်ဟု ပြောသည်။

စစ်တပ်က ဇာတ်တူသား တအားစားတယ်ဗျ။ အဲဒီ ၁၅ သိန်း ပြန်ရဖို့အတွက်ကို နောက်ထပ် ၅ သိန်းလောက် ရင်းရတာမျိုးတွေလည်း ရှိတယ်။ အဲတော့ ကိုယ်စုထားတဲ့ ပိုက်ဆံကို သူများကို ဇာတ်တူသားစား ပေးနေရတာပေါ့

“မဖြစ်မနေ ချုပ်ရတာ။ မချုပ်ရင် အရေးယူခံရတယ့် အနေအထားကို ရှိတယ်။ လစဉ်အစည်းအဝေးတွေမှာ ဒီလိုမျိုး စာချုပ်မချုပ်ရသေးသူတွေကို အတင်းအကျပ်ဖိအားပေးတာ” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကိုပြောသည်။

“ဒါတင်မဟုတ်ဘူး၊ နောက်တစ်ခုက ဦးပိုင်။ သူက မစုဘူးဆိုရင် သတိပေး၊ ဆုံးမ၊ အရေးယူတာတို့ လုပ်တယ်။ နောက်ဆုံး ရာထူးတိုးတွေဘာတွေ ရပ်တဲ့အထိကို ဖြစ်တယ်”

အောက်ခြေစစ်သည်များသည် ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှူးကြီးမှ ဗိုလ်မှူးချုပ် ၅၀၊ ဗိုလ်ချုပ်နှင့်အထက် ကျပ်သိန်း ၁၀၀ စသဖြင့် ဦးပိုင်ကုမ္ပဏီအတွက် အသီးသီးထည့်ဝင်ရကြောင်း ကုမ္ပဏီမှပေါက်ကြားလာသော စာရွက်မှတ်တမ်းများတွင် တွေ့ရသည်။

ဦးပိုင်ကုမ္ပဏီအတွက် ထည့်ထားသောအစုရှယ်ယာငွေမှ ၃၀ ရာခိုင်နှုန်းကို တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်ပြန်ရလေ့ရှိသော်လည်း ၅ နှစ်စေ့၍ ပြန်ထုတ်ရမည် အသက်အာမခံကြေးအတွက်မူ လချီ၍ ကြာတတ်သည်၊ လာဘ်ထိုးနိုင်လျှင် ကြာရှည်စောင့်ရန် မလိုဟု ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

ဧပြီလ ၄ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းတစ်နေရာမှ ဘက်ကူးပြောင်းလာသူ ဗိုလ်သင်တန်းကျောင်း(OTS) အပတ်စဉ် ၁၂၀မှ ဗိုလ်ကြီးရဲမင်းဦး

“ငွေပေးနိုင်တဲ့ သူကတော့ မြန်မြန်ရတာပေါ့ဗျာ။ မပေးနိုင်ဘူးဆိုရင်တော့ ကြားထဲမှာ အဲဒီအမှုတွဲက လွတ်ပစ်ခံထားရတဲ့ အနေအထားအတိုင်းပဲ။ စာရွက်စာတမ်း တစ်ခုတင်ဖို့ကို လ္ဘက်ရည်ဖိုး ဘာဖိုးညာဖိုးပေးရတာ။ ၅ သိန်းလောက်ပေးလိုက်ရင်တော့ ချက်ချင်းလိုလိုကိုရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“စစ်တပ်က ဇာတ်တူသား တအားစားတယ်ဗျ။ အဲဒီ ၁၅ သိန်း ပြန်ရဖို့အတွက်ကို နောက်ထပ် ၅ သိန်းလောက် ရင်းရတာမျိုးတွေလည်း ရှိတယ်။ အဲတော့ ကိုယ်စုထားတဲ့ ပိုက်ဆံကို သူများကို ဇာတ်တူသားစား ပေးနေရတာပေါ့။ ပြန်တော့ ထုတ်ပေးတယ်။ ရက်ကာလတွေ အကြာကြီးစောင့်ရပြီး အဆင့်ဆင့်တွေ တင်ရတယ်”

ဦးပိုင်ကုမ္ပဏီ(MEHL)နှင့် တပ်ချုပ်သားပိုင် အာမခံကုမ္ပဏီအတွက် လစဉ်ကြေးအား လစာထဲမှ လစဉ်ဖြတ်တောက်နုတ်ယူခံရခြင်းမှာ စစ်သားတိုင်းကြုံတွေ့ရသည် ဒုက္ခဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခွင့်ရသော တပ်အရာရှိ ၁၁ ဦးက ထောက်ခံသည်။

အစိုးရနှင့်ဖက်စပ် ရင်းနှီးမတည်ခဲ့သော ထိုလုပ်ငန်းသည် စစ်တပ်အသွင်ပြောင်း သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရ ရွေးကောက်ပွဲ မဲရှုံးပြီးချိန် ၂၀၁၆ တွင် စစ်တပ်ပိုင်လုပ်ငန်းအဖြစ် လုံးလုံးလျားလျားပြောင်းလဲသွားသည်။

ကုမ္ပဏီစထောင်စဉ်က ဦးပိုင်၏ရင်းနှီးမတည်ငွေ ကျပ်ဘီလျံ ၁၀,၀၀၀ မှာ အစိုးရက ၄၀ ရာခိုင်နှုန်း(ကျပ်ဘီလျံ ၄၀,၀၀)ပါဝင်ပြီး စစ်တပ်က ၆၀ ရာခိုင်နှုန်း(ကျပ်ဘီလျံ ၆၀,၀၀)ပါဝင်ခဲ့သည်။ ၂၀၁၄ တွင် ဦးပိုင်၏ ရင်းနှီးမတည်ငွေပမာဏမှာ ကျပ်ဘီလျံ ၁၅၀,၀၀၀ အထိ တိုးလာသည်။ မူလ မတည်ငွေပမာဏထက် ၁၅ ဆ တိုးလာခြင်းဖြစ်သည်။

သို့သော် ထိုကုမ္ပဏီမှ အစိုးရပိုင် ရှယ်ယာတန်ဖိုး ကျပ်ဘီလျံ ၁,၁၃၈ ဒသမ ၃၂၈ ကို ငွေပြန်အမ်း၍ ၂၀၁၆ မတ် ၃၀ တွင် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ထိုကုမ္ပဏီ(MEHL)၏ စီမံကိန်းဌာန၊ အထွေထွေမန်နေဂျာ ဦးလှမျိုးက မြန်မာတိုင်းမ် သတင်းဌာနကို ပြောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ စီးပွားရေးကော်မတီဝင် ဦးရဲမင်းဦးက ဦးပိုင်ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က မူလမတည်ငွေပမာဏပေါ်မူတည်၍ ပြန်အမ်းခြင်းဖြစ်ပြီး ကုမ္ပဏီသက် နှစ် ၂၀ ကျော်အတွင်း ရခဲ့သောအကျိုးအမြတ်များပေါ်မူတည်၍ ထိုသို့ပြန်အမ်းသင့်ကြောင်း ထိုအချိန်က တုံ့ပြန်ထားသည်။

ကုမ္ပဏီက နောက်ဆုံးတိုးလိုက်သော မတည်ငွေပမာဏဖြင့် တွက်မည်ဆိုပါက အစိုးရ ပြန်ရမည့် ရှယ်ယာတန်ဖိုးငွေမှာ ကျပ်ဘီလျံပေါင်း ခြောက်သောင်း(၆၀,၀၀၀)ပင် ဖြစ်သည်။ သို့သော် အမှန်တကယ် ပြန်ရလိုက်သည့် ပမာဏမှာ ကျပ်ဘီလျံ တစ်ထောင်ကျော်ရုံသာဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က မြေပေါ်မြေအောက် သယံဇာတလုပ်ကွက်များမှစ၍ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအဆုံး နိုင်ငံ၏အကျိုးအမြတ်အများဆုံး လုပ်ငန်းမှန်သမျှကို ဦးပိုင်ကုမ္ပဏီကသာ အပိုင်စီးခဲ့သည်။

တပ်မတော်သားများအားလုံးအတွက် လူမှုစီးပွားဘဝ သက်သာချောင်ချိရေးအတွက် ဦးပိုင်ကုမ္ပဏီထောင်ခြင်းဟုဆိုသော်လည်း ပြီးခဲ့သည့် နှစ် ၃၀ ကျော်အတွင်း တစ်သက်စားမကုန်သော ဓနအင်အားကြီးပွားနေသူများမှာ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများသာဖြစ်သည်။

သူတို့အမြင်မှာတော့ ကျွန်တော်တို့က သစ္စာဖောက်ပေါ့။ ပြီးရင် စစ်ပုန်ကန်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့ကို မိသွားရင် အမြင့်ဆုံးအဆင့် သေဒဏ်အထိပေးလို့ရတယ်

သို့သော် ယမန်နှစ်က စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေဖြင့် ဦးပိုင်ကုမ္ပဏီအပါအဝင် စစ်တပ်နှင့်ဆက်နွယ်နေသော လုပ်ငန်းမှန်သမျှကို ပြည်သူလူထုက ဝိုင်းဝန်းသပိတ်မှောက်ခြင်း၊ နိုင်ငံတကာက ဝိုင်းဝန်းပိတ်ဆို့ခြင်းတို့ကြောင့် ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသည်။

ပုံမှန်အားဖြင့် နှစ်စဉ် စက်တင်ဘာတွင်ပေးသည့် ဦးပိုင်အမြတ်ငွေ ၃၀ ရာခိုင်နှုန်းကိုလည်း သတ်မှတ်ချိန်ထက် ၆ လနောက်ကျစောင့်ရသော်လည်း မရသေးကြောင်း ထိုကုမ္ပဏီ၏ ဒါရိုက်တာဟောင်းဖြစ်သူ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျကပင် ညည်းတွားနေသည်။

CDM စစ်သား ၃,၀၀၀ ကျော်သည် ၎င်းတို့ လစဉ်ဖြတ်တောက်ခံခဲ့ရသော ဦးပိုင်အစုရှယ်ယာ အမြတ်ငွေနှင့် အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီထံ ပေးသွင်းထားရသော အာမခံကြေးများကို ပြန်ရနိုင်တော့မည်မဟုတ်ပေ။

စစ်တန်းလျားကို ကျောခိုင်းသူများ 

အာဏာသိမ်း စစ်ကောင်စီက ၎င်းလက်အောက်မှ ရုန်းထွက်၍ ပြည်သူ့ဘက်ရပ်တည်သွားသူများကို သစ္စာဖောက်၊ လောက်ကောင်များအဖြစ် သတ်မှတ်ထားကြောင်း CDM စစ်သားများထံမှသိရသည်။

“သူတို့အမြင်မှာတော့ ကျွန်တော်တို့က သစ္စာဖောက်ပေါ့။ ပြီးရင် စစ်ပုန်ကန်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့ကို မိသွားရင် အမြင့်ဆုံးအဆင့် သေဒဏ်အထိပေးလို့ရတယ်” ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“လက်နက်နဲ့ တစ်ခါတည်း CDM လုပ်တဲ့သူတွေဆိုရင် စစ်ခုံရုံး ရောက်စရာမရှိပါဘူး။ တစ်ခုခု တုံ့ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့တင် တွေ့တာနဲ့ ပစ်သတ်လို့ရပါတယ်”

သတင်းမီဒီယာများတွင် ရုပ်လုံးပြသူ CDM စစ်သားဦးရေ များစွာရှိနေချိန်မှာ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက လောက်ကောင် တစ်ယောက်၊ နှစ်ယောက်သာရှိသည်ဟု ပြည်ပသတင်းသမားတချို့ကို မတ်လလယ်ပိုင်းက အွန်လိုင်းမှ တစ်ဆင့် ပြောကြားခဲ့သည်။

ဗိုလ်ကြီးဇေသူအောင်ကလည်း စစ်သက် ၁၈ နှစ်တာအတွင်း ခင်မင်ရင်းနှီးခဲ့သော အရာရှိနှင့် စစ်သည်များအကြား ထိုကဲ့သို့ နာမည်ဆိုးဖြင့် ပုံဖော်မခံလို၍ CDM ပါရေးအတွက် တစ်နှစ်ကျော်ကြာခဲ့ခြင်းဟုဆိုသည်။

“ကိုယ့်ကို သစ္စာဖောက်လို့ ပြောခံရတာကို လူတော်တော်များများက မကြိုက်ဘူးလေဗျာ။ နောက်ပြီးတော့ အဲဒီလိုမျိုး ထွက်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့က ရာဇဝတ်သားလို့မျိုးဖြစ်သွားပြီဗျာ။ အဲဒါမျိုးကိုလည်း မကြိုက်ဘူး”ဟု အညာသား ဗိုလ်ကြီး ဇေသူအောင်ကပြောသည်။

ရုန်းထွက်လိုသော်လည်း မိသားစုလုံခြုံရေးကြောင့် လွတ်မြောက်နယ်မြေသွားရန် အခက်တွေ့နေသူများကလည်း ပြင်ပကို သတင်းပေးကာ တပ်တွင်းဖရဲသီးများအဖြစ် တော်လှန်ရေးတွင် ပါဝင်နေကြသည်။

“တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”ဟု ခေတ်အဆက်ဆက် ဝါဒဖြန့်လာသည့် စစ်တပ်သည် အရာရှိ ရာထူးဖြင့် မျှားခေါ်သည့် DSA သင်တန်းအတွက်ပင် ပြီးခဲ့သည့်နှစ်အတွက် လျှောက်ထားသူ လူငယ် လွန်စွာနည်းခဲ့သည်

“တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ”ဟု ဝဲယာတစ်ဘက်တစ်ချက် အုတ်နံရံများတွင် ရေးထားသည့် အခြေခံစစ်ပညာသင်တန်းကျောင်းများတွင်လည်း အောက်ခြေစစ်သည်အတွက် တပ်သားသစ်ရရှိမှု နည်းပါးနေသည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းစစ်မျက်နှာဖွင့်ခံလာရသည့် စစ်ခေါင်းဆောင်များသည် တပ်တွင်းစည်းလုံးမှု မပြိုကွဲရေးအတွက် ရုပ်သံ၊ သတင်းစာများအပါအဝင် နည်းမျိုးစုံဖြင့် ဝါဒဖြန့်နေသည်။ ထိုသို့ပြုလုပ်နေသည့် ကြားမှပင်  ဒုတိယဗိုလ်မှူးကြီးသုံးဦးက CDM ပါလာပြန်သည်။

သို့သော် အနှစ် ၇၀ ကျော် တည်ဆောက်လာသည့် အာဏာသိမ်း စစ်တပ်သည် အချိန်တိုအတွင်းမှာ အလွယ်တကူပြိုကွဲရန် ဖြစ်နိုင်ချေနည်းပါးကြောင်း ကြည်း၊ ရေ၊ လေ တပ် CDM များက သုံးသပ်ကြသည်။

“ကြားထဲကနေ ဟိုဘက်သာရင် ကူးမယ်၊ ဒီဘက်သာရင် ကူးမယ်ဆိုပြီးတော့ သာကူးတွေလည်းရှိတာပေါ့။ နောက်ဆုံး အချိန်ထိ တရားသောစစ်ဆိုတာမျိုးနဲ့ ဒါကို ငါတို့ ဆင်နွဲနေတာပါဆိုတဲ့ ပုံစံမျိုးနဲ့ အယူဝါဒ အမှားတွေနဲ့ အဆုံးသတ်သွားမယ့် သူတွေလည်းရှိပါတယ်”ဟု ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

မကြာမီ အသက် ၆၆ နှစ်ပြည့်မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းကို ဆန့်ကျင်သူ ရဟန်း၊ ရှင်လူပြည်သူမှန်သမျှကို နေ့စဉ်ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်ပြနေချိန်မှာပင် ခုခံသူတို့၏ ပြောက်ကျားတိုက်ခိုက်မှုများက နေ့စဉ်ရှိနေသည်။ 

ထိုကဲ့သို့ ရာထူး၊ စည်းစိမ်တောင့်တင်းသည့် စစ်အာဏာရှင်ကို ရရာလက်နက်ဖြင့် ရေကုန်ရေခန်း ခုခံနေသော တော်လှန်ရေးလူငယ်များကို စစ်မြေပြင်မှာ ကိုယ်တိုင်မြင်တွေ့ရသည့်အခါ CDM ဝင်ရန် နောက်ကျခဲ့ခြင်းအတွက် ရှက်မိကြောင်း စစ်တက္ကသိုလ်ကျောင်းဆင်း လေတပ် CDM ဗိုလ်ကြီး ဇေသူအောင်ကပြောသည်။

“ဒီထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ တွေ့ရတာက နဲနဲလည်း ရှက်စရာကောင်းပါတယ်။ စိတ်ထဲမှာ ကိုယ်လာတာ တော်တော်တောင် နောက်ကျနေပါလားလို့ ဆိုပြီး ရှက်မိတယ်။ ဒီမှာ ကျွန်တော်တွေ့နေရတဲ့ သူတို့လေးတွေရဲ့ ပေးဆပ်မှုတွေက အရမ်း အံ့ဩဖို့ကောင်းတယ်၊ ကြောက်မခန်း လိလိပဲ” ဟု ဗိုလ်ကြီး ဇေသူအောင်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button