အတွေးအမြင်

စစ်ကောင်စီကို နည်းလမ်းစုံဖြင့် ဝိုင်းဝန်းပိတ်ဆို့ခြင်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနှင့်အတူ အရာအားလုံးဟာ နောက်ကြောင်းပြန်လှည့်သွားပြီး၊ စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်ကြီးများအပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှု (Economic Sanctions) လည်း အသစ်တစ်ဖန်ဖြစ်ပေါ်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်းပဲ “အာဏာသိမ်း” တာ မဟုတ်ဘူး၊ အခြေခံဥပဒေနဲ့အညီ “အာဏာထိန်း” တာပါတဲ့။ သူ ဘယ်လိုပဲပြောပြော နိုင်ငံတကာက ဒီလုပ်ရပ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းခြင်းလို့ပဲ ရှုမြင်ပါတယ်။

အာဏာထိန်းသလား၊ သိမ်းသလားဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အထင်အရှား သက်သေခံနေပေမယ့် အခုဆောင်းပါးမှာ ဥပဒေဆိုင်ရာအငြင်းအခုံထက် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် ပြန်လည်ခေတ်စားလာတဲ့ အငြင်းအခုံကိုပဲ ဦးတည်ဆွေးနွေးချင်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုနည်းလမ်းက ထိရောက်မှုရှိမရှိ မေးခွန်းထုတ်မှုများ၊ အငြင်းပွားမှုများ ခပ်စိပ်စိပ်ပြန်ကြားလာရပြီး၊ ထိုကိစ္စတစ်ခုတည်း ကွက်ကြည့်ပြီး သုံးသပ်နေတာတွေကိုလည်း ပြန်လည်ကြားလာရပါတယ်။

အခုတစ်ကြိမ်မှာလည်း အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်နိုင်ငံက စတင် ဦးဆောင်ဦးရွက်ပြုခဲ့ပြီး၊ ဗြိတိသျှ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က ပူးပေါင်းပါဝင်လာပါတယ်။ အာရှက မြန်မာမှာ စီးပွားရေးအကျိုးစီးပွားများစွာရှိတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကတော့ အနောက်နိုင်ငံတွေလို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ပေမယ့်၊ မြန်မာနိုင်ငံကိုပေးမယ့် အထောက်အပံ့တွေကို ရပ်ဆိုင်းတာမျိုး၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်ဆောင်ဖို့ ရပ်ဆိုင်းတာမျိုး လုပ်ဆောင်ခဲ့ကြတာ တွေ့ရပါတယ်။

မြန်မာလို တတိယကမ္ဘာ့နိုင်ငံငယ်တွေရဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေရရှိရေးအတွက် အားကိုးအားထားပြုကြရတဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကလည်း စစ်ကောင်စီကို ဖွံ့ဖြိုးရေးရန်ပုံငွေတွေ ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာ့နိုင်ငံခြားအရန်ငွေ အမေရိကန် ဒေါ်လာ (၁) ဘီလျံဟာလည်း အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ထိန်းသိမ်းလိုက်ခြင်း ခံလိုက်ရပါတယ်။ ဒီပမာဏဟာ နိုင်ငံငယ်တစ်ခုအတွက် အလွန်များပြားတဲ့ ငွေကြေးပမာဏဖြစ်လို့ စစ်ကောင်စီ အထိနာခဲ့ပါတယ်။

NLD အစိုးရလက်ထက် ၂၀၂၀ နှစ်ကုန်ပိုင်းကမှ အစပျိုးခဲ့တဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမယ့် ရန်ကုန်မြို့ပြင်က မဟာစီးပွားရေးစီမံကိန်းတွေ ဆက်မလုပ်တော့ဘဲ ရပ်ဆိုင်းခဲ့သလို၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ အကျိုးတူဖက်စပ်ရင်းနှီးမြှုပ်နှံမိလို့ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ကုမ္ပဏီတွေလည်း ရှိလာပါတယ်။

အခုနောက်ဆုံး ယခင်စစ်အစိုးရလက်ထက်ကစပြီး မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ TOTAL နဲ့ Chevron လို ကုမ္ပဏီကြီးတွေလည်း ပေးရမယ့်ငွေကြေးအချို့ကို ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို ထိချက်အပြင်းဆုံး ဖြစ်လာပါလိမ့်မယ်။ အကြောင်းက သဘာဝဓာတ်ငွေ့ရောင်းချငွေဟာ  စစ်ကောင်စီအတွက် နိုင်ငံခြားငွေကြေး အဓိကရရှိနေတဲ့ ငွေဝင်ပေါက်ဖြစ်လို့ပါပဲ။

ဖေဖော်ဝါရီလက ရန်ကုန်တွင် အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေသူများ

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေလည်း သိသိသာသာ လျော့ကျသွားပြီး ဧပြီလထဲမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှု လုံးဝမရှိဘူးလို့လည်း သိရပါတယ်။ 

ဒီလိုအခြေအနေမှာ စီးပွားရေးပိတ်ဆို့အရေးယူမှုက ထိရောက်ရဲ့လား၊ စစ်တပ်ကို မထိဘဲ ပြည်သူတွေပဲ နစ်နာနိုင်မလားဆိုတဲ့ သံသရာတစ်ပတ်လည် သံသယဖြစ် မေးမြန်းသူတွေရှိလာတာ တွေ့ရပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံခြားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ သံတမန်များ၊ နိုင်ငံခြားသတင်းဌာနများ၊ ပညာရှင်များ စသဖြင့် လူအမျိုးမျိုး တွေ့ရပါတယ်။ ထိုမေးခွန်းကို တုံ့ပြန်ဖြေကြားသူတွေထဲ မြန်မာ့နွေဦးတော်လှန်ရေးမှာ  ဦးဆောင်ပါဝင်သူ နိုင်ငံရေးသမားများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးလေ့လာသူများ စသဖြင့် အမျိုးမျိုး သန်ရာရှုထောင့်ကနေ ဖြေဆိုနေကြတာ တွေ့ရပါတယ်။  

စီးပွားရေးအရေးယူပိတ်ဆို့မှုရဲ့ ထိရောက်မှုအပေါ် သံသယရှိသူတွေနဲ့ ဆုံတဲ့အခါ သူတို့မေးတတ်တဲ့ မေးခွန်းတွေကို လေ့လာကြည့်ရင် ယေဘုယျ တူညီတဲ့ မေးခွန်းတချို့ကို လေ့လာဆန်းစစ် တွေ့ရှိရပါတယ်။ 

(၁) စစ်တပ်အာဏာသိမ်းမှုကို ရပ်တန့်ဖို့ ဘယ်လိုအရေးယူ ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ပေးစေချင်တာလဲ။ (စီးပွားရေးအရေးယူပိတ်ဆို့မှုလို့ တိတိပပ မရည်ညွှန်းဘဲ ယေဘုယျဆန်ဆန် စပြီးမေးတတ်ပါတယ်။)

(၂) စီးပွားရေးအရ အရေးယူပိတ်ဆို့မှုက စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အမှန်တကယ် ရပ်တန့်နိုင်ပါသလား။ (အလုံးစုံပိတ်ဆို့မှု Blanket Sanctions လား၊ ပစ်မှတ်ထားပိတ်ဆို့မှု Targeted Sanctions လား မခွဲခြားဘဲ ခြုံပြီး မေးတတ်ပါတယ်။)

(၃) စစ်ကောင်စီကို ပစ်မှတ်ထားအရေးယူခြင်းက အမှန်တကယ်ထိရောက်မှုရှိပါ့မလား။ (Targeted Sanctions ကို တိတိကျကျ ရည်ညွှန်းပြီး မေးပါတယ်။)

(၄) စီးပွားရေးအရေးယူပိတ်ဆို့မှုကို ယခင်စစ်အစိုးရလက်ထက်ကလည်း ကြုံခဲ့ပြီးပြီ၊ မထိရောက်ဘဲ တိုင်းပြည်ပိုပြီး ဒုက္ခရောက်နိုင်တယ် မဟုတ်လား၊ အခု ထပ်ပြီးလုပ်သင့်သလား။ (ယခင်နဲ့ ယခုအခြေအနေတွေကို မခွဲခြားဘဲ ရောထွေးပြီး မေးတတ်ပါတယ်။)

(၅) အိမ်နီးချင်းနိုင်ငံတွေမပါဘဲ စီးပွားရေးပိတ်ဆို့တာ အောင်မြင်ပါ့မလား၊ အခြားနည်းလမ်းရော ရှိသေးလား။ (တရုတ်၊ ထိုင်းနဲ့ အာဆီယံကို လက်ညှိုးထိုးပြီး ထိရောက်မှုမရှိနိုင်ဘူးလို့ အရိပ်အမြွက်ပြတတ်ပါတယ်။)

အထက်ပါ မေးခွန်း (၅) ခုခန့်ကို အမေးများတာ ယေဘုယျ လေ့လာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အခုတစ်ချိန် စစ်ကောင်စီအပေါ် စီးပွားရေးအရအရေးယူပိတ်ဆို့မှုက ယခင်ကာလနဲ့မတူတဲ့ အချက်တွေကို တိတိကျကျ ခွဲခြားပြဖို့ လိုအပ်ပါတယ်။ ပထမဆုံး သိသာမြင်သာတဲ့ အချက်က အာဏာသိမ်းပြီး အချိန်တိုအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အလျင်အမြန်တုံ့ပြန်မှုတွေ ပေါ်ထွက်လာခြင်းကြောင့် သိသာထင်ရှားတဲ့ စီးပွားရေးတုံ့ဆိုင်းမှု၊ ထိရောက်မှုတွေ ရှိနေပြီဆိုတာ သံသယဖြစ်စရာ မလိုပါ။ ယခင်အတွေ့အကြုံကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်မြန်ဆန်စွာ တုံ့ပြန်နိုင်ခဲ့တာလို့ သုံးသပ်တွေ့ရှိရပါတယ်။ 

ဖေဖော်ဝါရီလက ရှမ်းပြည်နယ် မြို့တစ်မြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသူများ

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ ယခင်နဲ့မတူ ထူးခြားချက်တွေ ဖြစ်ပေါ်နေတာပါ။ အဲ့ဒါတွေက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားတွေနဲ့ စစ်တပ်ပိုင် စီးပွားရေးအင်ပါယာကြီးရဲ့ သတင်းအချက်အလက်တွေကို ယခင်ကနဲ့မတူ နိုင်ငံတကာက တိတိကျကျ သိရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ကို ပစ်မှတ်ထားအရေးယူမှုတွေဟာ စစ်မြေပြင်က ရန်သူပစ်မှတ်ကို ပဲ့ထိန်းဒုံးတစင်း ပစ်လွှတ်သလို တိကျပါတယ်။ အနောက်နိုင်ငံအစိုးရတွေထဲက မူဝါဒချမှတ်သူတွေ ယူဆသလို ပြည်သူကို ထိခိုက်မှာ မစိုးရိမ်ရပါဘူး။ 

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရရှိတဲ့ လစာနဲ့ ဘယ်လိုမှ ချမ်းသာကြွယ်ဝနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်တွေ့မှာ အလွန်အမင်း ချမ်းသာကြွယ်ဝနေကြပါတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ သန့်ရှင်းတဲ့ “ငွေဖြူ” တွေကြောင့် ဖြစ်ပါတယ်လို့ ဘယ်တုန်းကမှ ထုတ်ဖော်ကြေညာရဲသူများ မဟုတ်ကြပါဘူး။ ယခင်စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နိုင်ငံတော်အာဏာကို ချုပ်ကိုင်ခဲ့စဉ် အထောက်အထားမရှိ ရရှိထားခဲ့ကြတဲ့ ငွေမဲ (Black Money) တွေကို ငွေဖြူအဖြစ် လွတ်လပ်စွာ ငွေကြေးခဝါချပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးတွေ နေ့ချင်းညချင်း ထူထောင်ကြီးပွား ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းသူဌေး ပေါက်စတွေ ဖြစ်လာပါတော့တယ်။ အဲ့ဒီ စီးပွားရေးလုပ်ငန်းစုကြီးတွေကို အဓိကပစ်မှတ်ထား ပိတ်ဆို့အရေးယူတာဟာ သံသယဖြစ်ဖွယ်မရှိ မှန်ကန်ပါတယ်။ ပြောရရင် ထိုအကျိုးစီးပွားတွေကို ကာကွယ်ချင်လို့ အာဏာသိမ်းမှုဖြစ်ပွားခဲ့တာလို့ သုံးသပ်နိုင်တာကြောင့်ပါ။

ယခင်စစ်အစိုးရလက်ထက် မြန်မာ့စီးပွားရေးက ဘယ်လိုဖြစ်ခဲ့သလဲ။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ၎င်းတို့ရဲ့ အခွင့်အာဏာကို အလွဲသုံးစားပြုပြီး၊ တိုင်းပြည်ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ လက်ဝေခံစီးပွားရေးသမားတွေနဲ့ ကွန်ရက်ဖွဲ့ပြီး စီးပွားရေးကို လူတစ်စုလက်ထဲမှာပဲ ခြယ်လှယ်ခွင့်ရရှိအောင် လုပ်ဆောင်တဲ့နေရာမှာ ကျွမ်းကျင်ကြပါတယ်။ ပညာမလိုဘဲ အာဏာသာလိုတဲ့အတွက်ကြောင့် ခရိုနီစီးပွားရေးလို့ အမည်တွင်ခဲ့ပါတယ်။ ဒီလို စီးပွားရေးလုပ်နည်းလုပ်ဟန်ကို NLD အစိုးရလက်ထက်မှာ ပြောင်းပြန်လှန်ပစ်ခဲ့ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင်၊ နိုင်ငံသားတိုင်း အကျိုးရရှိခံစားနိုင်အောင် နိုင်ငံတကာစံနှုန်းအတိုင်း ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့တာပါ။

NLD က ဒီလို စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်လိုက်တာဟာ စစ်ဗိုလ်ချုပ်တွေအတွက် သတင်းကောင်းမဟုတ်တာ သေချာပါတယ်။ သူတို့အကျိုးစီးပွားတွေ အရင်ကလို လွတ်လပ်စွာ တိုးချဲ့ခွင့်မရတော့ဘဲ နိုင်ငံတကာကုမ္ပဏီကြီးတွေနဲ့ယှဉ်ပြိုင်လာကြရပါတယ်။ ဒါဟာ ရေရှည်မှာ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်မှန်း စစ်ဗိုလ်ချုပ်ကြီးတွေ ကောင်းကောင်းသိပါတယ်။

လက်ရှိမှာ NLD အစိုးရကို အာဏာမလွှဲမီ မတရားရယူထားတဲ့ စီးပွားရေးအရင်းအမြစ်တွေကြောင့်သာ ပုံမှန်မပျက် ရပ်တည်နေပြီး၊ ရေရှည်မှာ သူတို့မျှော်မှန်းထားတဲ့ စစ်တပ်အကျိုးစီးပွားသာလျှင် နိုင်ငံမှာ အကြီးမားဆုံးဖြစ်ရမယ်ဆိုတဲ့ အိပ်မက်က NLD ရဲ့ ချမှတ်လာတဲ့ စီးပွားရေးစီမံကိန်းခြေလှမ်းကြီးတွေနဲ့ အာရှရဲ့ စီးပွားရေးအင်အားကောင်းတဲ့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ စတဲ့ နိုင်ငံတွေကနေ ၂၀၂၀ ရွေးကောက်ပွဲအလွန် ဝင်ရောက်လာမယ့် ဧရာမစီမံကိန်းကြီးတွေကြောင့် စစ်တပ်စီးပွားရေးဟာ တဖြည်းဖြည်း သေးငယ်လာတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာပါ။  

မေ ၂၃ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာရွာဘုရားကျောင်းကို စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ရာ ထိုနေရာတွင် ခိုလှုံနေသူ ဒေသခံ ၄ ဦး သေဆုံးသွားသည် (ဓာတ်ပုံ − ပေးပို့)

အခုတစ်ကြိမ် အာဏာသိမ်းပြီးလို့ ရက်ပိုင်းလပိုင်းအတွင်းမှာပဲ စစ်ကောင်စီက စီးပွားရေးမူဝါဒတွေ အပြောင်းအလဲမရှိဘူးလို့ အာမခံခဲ့ပေမယ့်၊ NLD အစိုးရက ချမှတ်ခဲ့တဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေအားလုံး ရပ်တန့်ပစ်လိုက်ပြီး၊ ယခင်က စစ်ဗိုလ်ချုပ်ကြီးတွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကို ပြန်လည်ကျင့်သုံးနေပါပြီ။ အဲ့ဒါက စီးပွားရေးလုပ်ငန်းတွေကို လိုင်စင်ချပေးရာမှာ ယခင်လို ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ပိုင်ခွင့်တွေကို နီးစပ်ရာ လက်သိပ်ထိုးချပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး နည်းလမ်းအမျိုးမျိုးနဲ့ သူတို့မိသားစုအကျိုးစီးပွားအဖြစ် ပြောင်းလဲနိုင်မှာပါ။ ဒါကြောင့် အပေါ်ယံမှာ အရပ်သားပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း အသွင်ယူထားပေမယ့် စစ်ဗိုလ်ချုပ်တွေ အကျိုးစီးပွားကို အကျိုးဆောင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာက ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ လိုအပ်ပါတယ်။

ဒီလိုပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းကို နိုင်ငံတစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံအများက ဝိုင်းဝန်းအရေးယူကြမယ်ဆိုရင် ထိရောက်မှာ သေချာပါတယ်။ ယခင်က ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖူးခဲ့ပြီး ထိရောက်မှုအားနည်းခဲ့တယ်လို့ စောဒကတက်မေးခွန်းမျိုး ရှိနိုင်သေးပေမယ့် စစ်ကောင်စီကို တုံ့ပြန်ရာမှာ ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှုက နည်းလမ်းတစ်ခုသာဖြစ်ပြီး၊ အခြားနည်းလမ်းများကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်နေရာ နည်းလမ်းအားလုံးက အပြန်အလှန်အကျိုးသက်ရောက်ပြီး ထွက်ပေါ်လာမယ့် “စုဝေးသက်ရောက်မှု” (Cumulative Effects) ဖြစ်ပေါ်လာမယ့် အချိန်တစ်ခုကို စောင့်ဖို့လိုပါတယ်။ အဲ့ဒါကိုပဲ အဓိက ဦးတည်ချက်ထားရပါလိမ့်တယ်။

ယခုပင် စီးပွားရေးပိတ်ဆို့ခြင်း၊ သံတမန်ရေးဆိုင်ရာ ဖယ်ကြဉ်ခြင်း၊ နိုင်ငံတကာဖိအားတွေနဲ့ ပြည်တွင်းက အစိုးရယန္တရားတွေ လည်ပတ်နိုင်ခြင်းမရှိအောင် ဝန်ထမ်းများ CDM ဆောင်ရွက်ခြင်း၊ စီးပွားရေးရဲ့ ဒေါက်တိုင်ဖြစ်တဲ့ ဘဏ်လုပ်ငန်းများ မလည်ပတ်တော့ခြင်း၊ ငွေကြေးစီးဆင်းမှု ကမောက်ကမဖြစ်ခြင်း၊ ပြည်သူများက စစ်တပ်ပိုင်စက်ရုံတွေက ထုတ်လုပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို သပိတ်မှောက်ခြင်း၊ အခွန်မဆောင်ခြင်း၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများ သိသိသာသာ မလည်ပတ်နိုင်တော့လောက်အောင် သပိတ်မှောက်ခြင်း စတဲ့ ဝိုင်းပတ်ပိတ်ဆို့တဲ့ နည်းပေါင်းများစွာ ပေါင်းစပ်လိုက်ရင် စစ်ကောင်စီအတွက် ကြီးမားတဲ့ဖိအား ဖြစ်နေပါပြီ။

ဒါကြောင့် မြန်မာနိုင်ငံဟာ ကျဆုံးတိုင်းပြည် (Failed State) ဖြစ်နေပြီလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက သတိပေးနေကြတာပါ။ တိုင်းပြည်ရဲ့ ယန္တရားတွေကို သေနတ်ပြောင်းဝတေ့ပြီး အတင်းအကျပ် လည်ပတ်နေရတာဟာ လက်ရှိ အခြေအနေပါ။ ဒါကိုပဲ တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်ပြီလို့ တံလျှပ်ရေထင်ရင်တော့ ကျဆုံးတိုင်းပြည်ကနေ ဘောလ်ကန်နိုက်ဇေးရှင်းလို “ပြိုကွဲတိုင်းပြည်” အဖြစ် ကမ္ဘာ့မြေပုံပေါ်မှာ မရှိတော့တဲ့အဆင့်အထိ ရောက်သွားနိုင်ကြောင်း စစ်ဗိုလ်ချုပ်ကြီးများ သတိချပ်စေချင်ပါတယ်။    

(ဆောင်းပါးရှင်သည် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ရွေးကောက်ပွဲဖြစ်စဉ်တို့ကို လေ့လာနေသော သုတေသီတစ်ဦးဖြစ်သည်)

Show More

Related Articles

Back to top button