သတင်း

ရခိုင်ပြည်နယ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း ​AA သတိပေး

ရခိုင်ပြည်နယ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သောကြောင့် စစ်ကောင်စီတပ်ရှိသည့် နေရာများအနီး သွားလာခြင်းကို ရှောင်ရှားကြရန် ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (မေ ၁၅) တွင် သတိပေးလိုက်သည်။

စစ်တပ်က စစ်အင်အားများကို ထပ်မံတိုးချဲ့နေခြင်း၊ AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော မိမိတို့တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန် ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။

ယခုလဆန်းပိုင်းတွင် AA စစ်ဦးစီးချုပ်က ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတိုင်းမှူးကို လူမှုကွန်ရက် Twitter မှတစ်ဆင့် လူသိရှင်ကြား သတိပေးပြီးနောက် ဤထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။​

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်၊ ရိက္ခာနှင့် အင်အားတိုးခြင်းများ ပြုလုပ်လာသည့်ပြင် AA အပေါ် မထီမဲ့မြင်ပြုလာသည့်အတွက် ယခုကဲ့သို့ စာထုတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသအခြေအနေကို စောင့်ကြည့်လေ့လာနေသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။​

”AA နဲ့ပတ်သက်တဲ့ လူတွေကို ဖမ်းဖို့ဆီးဖို့ လိုက်နေတာတွေ။ နောက်ပြီးတော့ ကားလမ်းတွေမှာ ဂိတ်ချပြီးတော့ လူထုတွေကို အနိုင်ကျင့်တာတွေ အရင်ကထက်ပိုပြီးတော့ လုပ်လာတယ်။ ဗိုလ်ချုပ်က တိုင်းမှူးကို မပြောခင်ထက် ပြောပြီးတဲ့နောက်ပိုင်း ပိုဆိုးလာတယ်လို့ မြင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။

ပြီးခဲ့သည့် မေ ၆ က ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာသို့ ရောက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ULA ကျေးရွာတာဝန်ခံများကို လိုက်လံရှာဖွေခဲ့ပြီး နေအိမ်များကို မွှေနှောက်ရှာဖွေခဲ့သည်။ 

နှစ်ဖက်စစ်ရေးတင်းမာနေချိန်တွင် ရခိုင်ပြည်သူလူထုအနေဖြင့် သတိထားရမည်ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။​

“ဒီတစ်ခါပြောတာကတော့ အရင်တစ်ခါပြောတာထက် ပိုပြီးတော့ ပြင်းထန်တယ်။ ပြင်းထန်တယ်ဆိုတာက သူတို့ဘက်က သတိပေးတာ ပိုပြီးတော့တိကျတယ်ပေါ့။ နောက်ဆုံးသတိပေးချက်ဖြစ်တယ်လို့လည်း မြင်တယ်။ တိုက်ပွဲကတော့ သူတို့ပြောသလို အချိန်မရွေးဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

“မြေပြင်မှာလည်း တပ်ချင်း မျက်နှာချင်းဆိုင်ပြီးတော့ ရှိနေတဲ့အခြေအနေတွေကို ကြားသိရတယ်။ ပြည်သူတွေကတော့ ကြေညာချက်အပေါ်မှာ သတိထားစောင့်ကြည့်ပြီးတော့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားရမယ်လို့ မြင်တယ်” 

AA နှင့် အာဏာသိမ်းစစ်တပ်ကြား ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလတွင် တိုက်ပွဲတချို့ဖြစ်ပွားကာ လက်ရှိတွင်လည်း စစ်ရေးတင်းမာလျက်ရှိသည်။​

တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများ များပြားလာသည့်နည်းတူ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားကာ တင်းတင်းကြပ်ကြပ် စစ်ဆေးလာသည်ဟု အမ်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ 

“စစ်ရေးလှုပ်ရှားမှုတွေ …အင်အားအလုံးအရင်းနဲ့ စစ်ဆင်ရေးဆင်းတဲ့ပုံစံမျိုး စစ်ကြောင်းတွေ သွားတာတွေရှိတယ်။ ကျေးရွာတွေအနီးမှာ ကင်းပုန်းဝပ်တာတွေရှိတယ်။ အမ်းကနေပြီးတော့ ကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်က သွားလာမှုတွေ၊ မြို့ပေါ်ရပ်ကွက်တွေမှာဆိုလည်း သူတို့ (စစ်တပ်) က လူအင်အား၊ လက်နက်အင်အား အပြည့်နဲ့ ညသန်းခေါင်ယံအထိ သွားလာမှုတွေရှိတယ်” ဟု ထိုအမ်းဒေသခံက ဆိုသည်။ 

AA ၏ နောက်ဆုံးထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

လဆန်းပိုင်း AA ခေါင်းဆောင်၏ သတိပေးချက်နှင့် ပတ်သက်ပြီး အကျိုးရှိရှိ ဖြေရှင်းစေလိုသည်ဟု စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း BBC သတင်းဌာန၏ မေ ၆ ရက်နေ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။  

“တိုက်ပွဲမဖြစ်တာက ဒေသခံတွေရော၊ တပ်မတော်ရော၊ EAO တွေအတွက်ရော အားလုံးအတွက် ပိုပြီးအကျိုးရှိကြောင်း၊ အားလုံးက ထိန်းသိမ်းဆောင်ရွက်ရင် ပိုအကျိုးဖြစ်ထွန်းမယ်လို့ မြင်ကြောင်းနဲ့ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ပြောဆိုထားတာလည်းရှိကြောင်း” စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ထားချိန်တွင် တိုက်ပွဲ ၂ နှစ်ကြာ ပြင်းထန်ခဲ့သော ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်မှုအနည်းအကျဉ်းသာ ရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းရန် လအနည်းငယ်အလိုတွင် AA နှင့် ညှိနှိုင်းပြီး ရခိုင်ဒေသတိုက်ပွဲများကို ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

ဤအတောအတွင်း AA လေ့ကျင့်ပေးခဲ့သော PDF အဖွဲ့တချို့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

နေပြည်တော်သို့ လာရောက်ဆွေးနွေးရေးအတွက် မေ ၉ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို အာဏာသိမ်းစစ်ခေါင်းဆောင်က ကမ်းလှမ်းခဲ့ရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသော အဖွဲ့များက တွေ့ရန် မဖြစ်နိုင်သေးကြောင်း တုံ့ပြန်ခဲ့ကြသည်။

AA က ထိုဖိတ်ခေါ်ချက်ကို လူသိရှင်ကြား တုံ့ပြန်ခဲ့ခြင်း မရှိပေ။

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ခန့် တွေ့ရန် အကြောင်းပြန်ထားသည်ဟု သိရသည်။

ယနေ့ (မေ ၁၆) ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ULA/AA တို့ အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး AA စစ်ဦးစီးချုပ်နှင့် အထွေထွအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်တို့ ဆွေးနွေးခဲ့ကြသည်ဟု NUG ဘက်မှ ထုတ်ပြန်သည်။

AA နှင့် NUG အကြား ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန်၌ ထိုတွေ့ဆုံမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button