သတင်း

စရဖ တပ်ကြပ်သေဆုံးမှုဖြင့် ထိန်းသိမ်းခံထားရသည့် ရခိုင်လူငယ်သုံးဦးကို ရဲက ခံဝန်ဖြင့် ပြန်လွတ်

ရန်ကုန် – စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်တစ်ဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ တစ်လ နီးပါးကြာ ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်သုံးဦးကို ယနေ့ (နိုဝင်ဘာလ ၅ ရက်နေ့) မနက်က စစ်တွေ မြို့မရဲစခန်းက အာမခံကြေး ခံဝန်ကတိဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။

တပ်ကြပ် ဝင်းထိုက်(ခ)ကိုဖိုးလုံးသည် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကပါကွင်း ဈေးပွဲတော်သို့ မိသားစုနှင့်အတူ လမ်းလျှောက်နေစဉ် အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့သည်။

ထိုလူသတ်မှုနှင့် ဆက်စပ်ပြီး ရဲက သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့အနက် ဘူးသီးတောင်မှ ကိုအောင်ဇော်လင်း(ခ) အောင်ချေ၊ ရသေ့တောင်မှ မေယုထွန်း (ခေါ်) ကိုဇော်ဝင်းနှင့် ပေါက်တောမြို့မှ ခိုင်ဘိုဘို (ခေါ်) ခိုင်သော် တို့ကို ဖမ်းဆီးခဲ့တို့ အား တစ်ဦးလျှင် အာမခံကြေး ကျပ်သိန်း ၃၀၀ စီ ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ကျန်သည့်သုံးဦးကို ထိန်းသိမ်းထားဆဲ ဟုတ်မဟုတ် စစ်တွေမြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်၍မရပေ။

ရဲအနေဖြင့် စုံစမ်းစစ်ဆေးဆဲကာလအတွင်း တရားရုံးသို့ အမှုစွဲတင်နိုင်ရန် လုံလောက်သော အထောက်အထား မပေါ်ပေါက်သော်လည်း အပြီးပြတ်လွှတ်ပေးနိုင်ရန် သံသယရှိနေခြင်း ကြောင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ လုံလောက်သည့် အာမခံငွေကြေးဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ၊ ဒုဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် ကပြောသည်။

“သူတို့(ရဲတွေ)က လိုအပ်ရင် ထပ်ခေါ်မှာ။ အခုက ခံဝန်သဘောနဲ့ လွှတ်ပေးတာ”ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် တပ်ကြပ် ဝင်းထိုက်သည် စစ်တွေမြို့၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင်လပိုင်းက ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွဲ့သို့ ပြောင်းရွှေ့ တာဝန်ချထားခံခဲ့ရသူ ဖြစ်သည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိသူ ခြောက်ဦးကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးမှုများပြုလုပ်ခဲ့ သော်လည်း လက်ရှိအချိန်ထိ အဓိက သေနတ်တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယခုလူငယ်သုံးဦးအနက် အောင်ဇော်လင်း (ခေါ်) အောင်ချေသည် လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မေယုထွန်းသည် ရခိုင်အမျိုးသားပါတီဝင်တစ်ဦးဖြစ်ကာ ခိုင်ဘိုဘို သည်စစ်တွေတက္ကသိုလ် သမိုင်းကျောင်းသား ဖြစ်သည်။

Show More

Related Articles

Back to top button