သတင်း

ဖားကန့် စရဖရုံးနှင့် ရဲကင်းစခန်းကို KIA, KPDF ပူးပေါင်းတပ် ဝင်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် ရဲကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကချင်ဒေသကာကွယ်ရေးအဖွဲ့ KPDF က ယနေ့ (စက်တင်ဘာ ၂၅ ရက်) နံနက်တွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နံနက် ၄ နာရီခန့်တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်ရပ်ကွက်ရှိ အဆိုပါ ပစ်မှတ်နှစ်ခုကို တစ်ပြိုင်တည်း ပစ်ခတ်ခဲ့သည်ဟု ပါဝင်တိုက်ခိုက်သည့် KPDF တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

“နှစ်နေရာဆိုပေမဲ့ အရင်ဆုံး ဝိုင်းထားပြီး လက်နက်ကြီးနဲ့ အရင်ထုတာပေါ့၊ စရဖရုံးကို ဝင်တိုက်တဲ့အချိန် ရဲကင်းစခန်းလှုပ်လာတော့ သူတို့ကို ပြန်ပြီး ဖိထားလိုက်တာပေါ့၊ ရဲကင်းကတော့ လက်နက်ကြီးနဲ့ ရမ်းပြီး ပြန်ထုတယ်၊ စရဖရုံးကတော့ အကုန်ထွက်ပြေးသွားကြတယ်” ဟု KPDF တပ်ဖွဲ့ဝင်က ပြောသည်။

မိနစ် ၃၀ ကြာ တိုက်ပွဲအပြီး စရဖရုံးမှ လက်နက်ခဲယမ်းများ၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိသည်၊ စစ်ကောင်စီတပ်သားများ အကျအဆုံးရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဟု သူက ဆက်ပြောသည်။

ကျောက်စိမ်းထွက်သည့် ထိုဒေသတွင် လူခြေတိတ်ချိန် တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုလည်း အချက် ၂၀ ခန့် ပါဝင်သည်ဟု အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အသံတွေ ကြားနေရတယ်၊ အကြီးတောင်မှ အချက် ၂၀ လောက် အုန်း အုန်း အုန်းနဲ့ ကြားလိုက်ရတယ်၊ သေနတ်သံတွေကတော့ ဆူနေရော” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ စစ်ကားသုံးစီးဖြင့် စရဖရုံးသို့ ရောက်လာသည်ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် KPDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြသေးသည်။

အဆိုပါ ဒရူချောင်းတံတား စခန်းသည် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ အရှေ့ဘက် ၇၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ထိုစခန်းကို ရရှိရန် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည်ဟု KIA က ပြောသည်။

“အဲဒီတံတားနားမှာ ရှိနေတဲ့ စခန်းတွေကို KIA ဘက်နေ ဝင်သိမ်းတဲ့ တိုက်ပွဲဖြစ်စဉ် ဖြစ်ပါတယ်၊ တော်တော် တိုက်ရတယ်။ သူတို့စခန်းတွေက အကုန်သိမ်းပြီး၊ အကုန်လုံး မီးရှို့ပစ်လိုက်ပြီ” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်ရှိ ဗျူဟာကျ တံတားများကို စောင့်ကြပ်ရသည့် စခန်းများဖြစ်သည့်အတွက် အလွန်အရေးပါသည်ဟုလည်း သူက ဆိုသည်။

ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အချို့မြို့နယ်များ၌ပင် KIA နှင့် PDF များက ပူးပေါင်းတိုက်ခိုက်နေသည်။

ဆန္ဒပြပြည်သူတို့ကို ပစ်သတ်သည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လိုသူ အများအပြားသည် KIA ထံမှ လက်နက်နှင့် စစ်ပညာအကူအညီများ ရယူထားသည်။

ဒေသအများအပြားကို စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် KIA ဌာနချုပ်လိုင်ဇာကို ပြန်လည်ဖိအားပေးရန် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ရွာအနီးသို့ စစ်အင်အား ၁,၀၀၀ ခန့် ပို့ဆောင်ပြီး ထိုးစစ်ဆင်နေသည်။

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် ပြည်မမှ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIA ‌ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသလို စစ်ကောင်စီတပ်ကလည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ပိုမိုဆင်နွှဲနိုင်ရန် ကြိုးစားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button