သတင်း

လက်ပံတောင်း ကြေးနီစီမံကိန်း ခြိမ်းခြောက်ခံရဟု တရုတ်ကုမ္ပဏီပြော

PDF လှုပ်ရှားမှု အားကောင်းသည့် စစ်ကိုင်းတိုင်း မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းဒေသ ကြေးနီစီမံကိန်း ခြိမ်းခြောက်ခံနေရကြောင်း အာဏာသိမ်းစစ်တပ်၏ စီးပွားရေးမိတ်ဖက် တရုတ်ဝမ်ပေါင်ကုမ္ပဏီက မေ ၄ ရက်နေ့တွင် ထုတ်ပြောသည်။

ဒေသခံတို့ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်နေကြသည့် ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင် (UMEHL) တို့ ပူးတွဲကာ လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီထုတ်လုပ်တူးဖော်နေကြခြင်းဖြစ်သည်။

နိုင်ငံနှင့် လူထုအတွက် အကျိုးမရှိသည့်စီမံကိန်းများဖြစ်၍ မလည်ပတ်ရန်၊ ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် PDF များက သတိပေးပြီးနောက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ Myanmar Wanbao နှင့် Myanmar Yangtse ကုမ္ပဏီနှစ်ခုက ခြိမ်းခြောက်ခံရသည်ဟု ထုတ်ပြန်သည်။

စီမံကိန်းကို ဆန့်ကျင်သည့် ကောလာဟလနှင့် အယူအလွဲများရှိလာသည်၊ အခြေအနေကို စောင့်ကြည့်ကာ လူမှုအသိုင်းအဝိုင်း၊ ကန်ထရိုက်တာများ၊ မိသားစုဝင်များနှင့် ဝန်ထမ်းများအတွက် လုံခြုံဘေးကင်းရန် ဆောင်ရွက်မည်ဟု ထိုကြေညာချက်က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းရပ်ဆိုင်းထားကာ ဝန်ထမ်းအားလုံးကို အခြေခံလစာပေးထားကြောင်း၊ နေအိမ်တွင် နားနေကြောင်း၊ မိုင်းတွင်းများ၌ ပတ်ဝန်းကျင်မထိခိုက်စေရန် အရေးကြီးသည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းလုပ်ကိုင်သူများသာရှိကြောင်း ကြေညာချက်တွင် ပါဝင်သည်။

အာဏာသိမ်းပြီးနောက် တရုတ်ကြေးနီစီမံကိန်းများမှ ဝန်ထမ်းအများအပြား CDM တွင် ပါဝင်လာပြီး ဝန်ထမ်းအင်အားမရှိသောကြောင့် လုပ်ငန်းမလည်ပတ်နိုင်ခြင်းသာဖြစ်သည်ဟု လက်ပံတောင်းတောင်စီမံကိန်းမှ သတ္တုကုန်ကြမ်းများထုတ်လုပ်သည့် ဌာနမှ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကုမ္ပဏီဘက်က ဒီကာလမှာ မလည်ဖို့များလောက်ပါတယ်။ ကျွန်တော့်အထင်ပေါ့။ စက်ရုံပစ္စည်းတွေ သယ်ယူရင် ခေတ်မကောင်းဘူးဆိုတဲ့အခြေအနေမှာ PDF တွေဘာတွေက တိုက်ခိုက်မှာပေါ့” ဟု ၎င်းက ဆိုသည်။ 

သို့သော်လည်း ကြေးနီတူးဖော်မှုလုပ်ငန်းခွင် ပြုပြင်ထိန်းသိမ်းခြင်းအတွက် ဝန်ထမ်းများထားရှိသည့် ကိစ္စကိုမူ ခွင့်ပြုပေးသင့်ပြီး လူတစ်ဦးမျှမရှိပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုကြီးလာနိုင်သည်ဟု ထိုသူက ဆက်ပြောသည်။

လက်ရှိတွင် စက်ရုံလုပ်ငန်းရပ်ထားခြင်းကြောင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီမှတစ်ဆင့် စစ်တပ်ထံ စီးဆင်းမည့် ငွေကြေးပမာဏကြီးကြီးမားမားကို ဖြတ်တောက်ထားနိုင်ပြီးဖြစ်ကြောင်း အထက်ပါ CDM ဝန်ထမ်းက ဆိုသည်။

စီမံကိန်းအတွက် ရွာများကို ရွှေ့ခိုင်းရာတွင် မြေယာလျော်ကြေးပြဿနာများရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြီးမားသည့် ထိုလုပ်ငန်းခွင်ကြောင့် ဒေသလူထု အကျိုးမရှိဟု လက်ပံတောင်းတောင်ဒေသခံနှင့် အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်ဖြစ်သူ ဦးမျိုးမင်းက ပြောသည်။

“စီမံကိန်းပတ်ပတ်လည်ကတော့ ဆိုးကျိုးအနေနဲ့ ခံစားရတယ်။ ပတ်ဝန်းကျင်သစ်ပင်တွေသေတယ်။ အဆောက်အအုံတွေ သွပ်မိုးထားရင် ပေါက်ပြဲသွားတယ်။ အက်ဆစ်ဒဏ်ခံစားရတယ်။ အိမ်တွေ ပျက်စီးတယ်။ လေထုညစ်ညမ်းတဲ့အတွက် မျက်စိယားယံခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စီမံကိန်းဝင်ငွေ​၏ ၂ ရာခိုင်နှုန်းက ဒေသဖွံ့ဖြိုးရေးအတွက် သုံးမည်ဟု သတ်မှတ်ချက်ရှိသော်လည်း အမှန်တကယ်သုံးမသုံးမသိရကြောင်း ဦးမျိုးမင်းက ဆက်ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းမှ ဝမ်ပေါင်ကုမ္ပဏီ အလုပ်သမားများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာပြီး  ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အာဏာသိမ်းမှုဆန့်ကျင်သည့် မုံရွာလူထုသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းခဲ့သည်။

တရုတ်၏ ဆွေမျိုးပေါက်ဖော်မူဝါဒသည် ပြည်သူမဟုတ်ဘဲ စစ်တပ်ဖြစ်နေသောကြောင့် ငဲ့စရာမရှိကြောင်း စစ်တပ်၏ ဝင်ငွေအရင်းအမြစ်များကို ဖြတ်တောက်ရန်လှုပ်ရှားနေသည့် သွေးစွန်းငွေဖြတ်တောက်ရေး BLood Money အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မြန်မာပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တရုတ်က ပေါင်းမယ်ဆိုရင်တော့ ပြည်သူတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပစ်မှတ်ထားခဲ့ရင် အဲဒါ မြန်မာပြည်သူတွေ အပြစ်မဟုတ်ဘူး” ဟု အဆိုပါအဖွဲ့ဝင်က ဆိုသည်။

အာဏာသိမ်းပြီးနောက် တရုတ်သည် စစ်ကောင်စီကို ထောက်ခံအားပေးနေပြီး တရုတ်၏ နိုင်ငံခြားမူဝါဒ ချမှတ်သူများအနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန်၊ စစ်တပ်နှင့် ပူးပေါင်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ရန်လိုကြောင်း ထိုအဖွဲ့က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုအကြီးမားဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ရှိသည့် ကြေးနီးတူးဖော်ရေးစီမံကိန်းမှာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပေးသည်ဟုဆိုကာ PDF များက သတိပေးတားမြစ်သည့် ဖြစ်စဉ်များရှိနေသည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်နေချိန် စစ်အုပ်စုလက်အောက်ခံ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့၏ စီမံကိန်းများကို ခွင့်မပြုကြောင်း၊ ထိုလုပ်ငန်းခွင်မှ ဝန်ထမ်းများကို မေ ၅ နောက်ဆုံးထား CDM ဝင်ရန် ဆားလင်းကြီး၊ ယင်းမာပင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဧပြီလအတွင်း ထုတ်ပြန်သည်။

လက်ရှိတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၌ ရဲနှင့် စစ်သားများ အချိန်ပြည့် လုံခြုံရေးယူထားကြောင်း၊ ယမန်နေ့ (မေ ၅) မှစ၍ ယင်းမာပင်ဘက်မှ လာသည့် အင်းအား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းမှာ Myanmar Yangtse အနီး ကုမ္ပဏီအနီး ဝါးတန်းကျေးရွာတွင် တပ်စွဲထားကြောင်း ဦးမျိုးမင်းထံမှ သိရသည်။

မေ ၅ တွင် နောက်ဆုံးထား CDM ဝင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသောကြောင့် စစ်ကောင်စီက ကြိုတင်လက်ဦးမှုယူ၍ နယ်မြေရှင်းလင်းမည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

လက်ပံတောင်းတောင်စီမံကိန်း၏ ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ကို အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ရရှိနေသည်။

စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် ဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း ခံစားခွင့်ရှိသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ ၁၈၇ သန်းစီးဝင်နိုင်ကြောင်း Publish What You Pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီနှင့် ၎င်း၏ကုမ္ပဏီခွဲ နှစ်ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အမေရိကန်က ဒဏ်ခတ်အရေးယူထားသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လည်း ပြီးခဲ့သည့်နှစ် မတ်လတွင် အမေရိကန်နှင့် ဗြိတိန်တို့၏ ဒဏ်ခတ်အရေးယူခြင်းခံရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button