မေးမြန်းခန်း

“ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်”

ရန်ကုန် – ဒေါ်ခိုင်ခိုင်ဝင်းသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက စတင်ပေါ်ပေါက်လာသော ထိုကော်မရှင်တွင် တာဝန်ယူလိုသောကြောင့် ဝင်ငွေကောင်းသော ဂျပန်ဘာသာပြန်အလုပ်၊ ပြည်ပအဖွဲ့အစည်းအလုပ်အကိုင်တို့ ကို စွန့်လွှတ်ခဲ့သည်ဟု ဒေါ်ခိုင်ခိုင်ဝင်းက ပြောသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သူ၊ စာနယ်ဇင်းနှင့်ရင်းနှီးကျွမ်းဝင်သူ  ၄၁ နှစ် အရွယ် ဒေါ်ခိုင်ခိုင်ဝင်းက မကြာသေးမီရက်ပိုင်းအတွင်း Myanmar Now နှင့် တွေ့ဆုံစဉ် ပြည်တွင်း လူ့အခွင့်အရေးအခြေအနေ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု၊ ပဋိပက္ခဒေသ အနေအထားတို့အကြောင်းကို ပြောပြထားသည်။ Myanmar Now သတင်းအဖွဲ့ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး – ဌာနဆိုင်ရာ မှတ်တမ်းမှတ်ရာတွေက ကန့်သတ်ထားတာတွေ များတယ်။  ကော်မရှင်ရဲ့ စုံစမ်းမှုမှာ လိုအပ်ချက်အရ အစိုးရဌာနကို စာရွက် စာတမ်း တောင်းယူတဲ့အခါ အခက်အခဲတွေ့ရပါသလား။  

ဖြေ –   လက်ရှိအထိတော့ အဲဒီလိုအနေအထားမျိုး လုပ်ရမယ့်အမှု မရှိသေးဘူး။ ဥပမာ   အုပ်ချုပ်ရေးမှူးတစ်ယောက်ကို လာတိုင်တယ်ပေါ့။ သူ့ကြောင့်လူ့အခွင့်အရေးဆုံးရှုံးတယ်ဆိုရင် … ကျွန်မတို့က လိုက်တယ်၊   အထောက်အထားတွေနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ပြီး နောက်ဆုံးထွက်လာတဲ့ သုံးသပ်ချက်တွေကို အဲဒီအထွေထွေ အုပ်ချုပ်ရေးရုံးထက်မြင့်တဲ့ ပြည်ထဲရေးကို ပို့တယ်၊ ဘယ်နေ့က၊ ဘယ်မြို့က၊ ဘယ်သူဟာ ဘာလုပ်ခဲ့တာကို ကော်မရှင်တွေ့ရှိချက်က ဒီလိုဖြစ်နေတယ်၊ ဒီလိုဖြစ်သင့်ပါတယ်လို့ အကြံပြုလိုက်တယ်၊  ဘယ်လိုလုပ်ပါလို့ မပြောဘူး။ ဟိုဘက်ကလည်း  ကော်မရှင်ဥပဒေအတိုင်း ရက်ပေါင်း ၃ဝ အတွင်းမှာ အကြောင်းပြန်ရမယ်။ အဲဒီအကြောင်းအရာကို ဌာနအနေနဲ့ရတယ်၊ စုံစမ်းလိုက်တာမှန်တယ်၊ သူ့ကိုအရေးယူပြီးသွားပြီဆိုတဲ့စာ ပြန်လာတယ်။ ပြန်စာရတဲ့အခါ ကျွန်မတို့ဆီ တိုင်ခဲ့တဲ့သူကို ဒီစာပြန်ပို့ပေးတယ်၊ တိုင်ထားတဲ့ကိစ္စ ဒီလိုဖြစ်သွားတယ်ပေါ့။ နောက် ရှေ့နေလိုင်စင် အသိမ်းခံရတယ်ပေါ့၊ ဒါဟာ သူ့ရဲ့လူ့အခွင့်အရေးကို ချိုးဖောက်တာ။ ကျွန်မတို့က လိုက်တယ်၊ မှန်ကန်တယ် ဆိုရင် ရှေ့နေ လိုင်စင် ပြန်ရသွားတဲ့သူတွေရှိတယ်။ ဒီနေ့ဒီအချိန်အထိတော့ နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စ ဘယ်ဌာနနဲ့မှ မရှိသေးဘူး။ (မွန်ပြည်နယ်ရှိ တပ်မတော် စခန်းတစ်ခုတွင် ထိန်းသိမ်းခံရစဉ် ပစ်ခတ်ခံရပြီး သေဆုံးသူ) ကိုပါကြီး အမှုမှာ ဗိုလ်ချုပ်တွေ ကပါ လာအစစ်ခံတယ်။  ဒီနေ့အထိကတော့  ကန့်သတ်ဆိုတဲ့ဟာတွေနဲ့ မတွေ့ဖူးသေးဘူး။

မေး – ၂ဝ၁၅  ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲတစ်ခုမှာ လက်ပတ်နီဝတ်  စွမ်းအားရှင်ဆိုတဲ့သူတွေက ဝင်ပြီး အကြမ်းဖက် ကိုင်တွယ်ခဲ့တယ်။ ဒီဖြစ်ရပ်အကြောင်း ကော်မရှင်က  ကိုင်တွယ်စုံစမ်းခဲ့တာရှိပါသလား။

ဖြေ –   ကျွန်မသိသလောက်တော့ မလုပ်ဘူးရှင့်။ စောင့်တော့စောင့်ကြည့်တာပေါ့။   

မေး –   ကော်မရှင်ဥပဒေမှာပါတဲ့ တချို့အချက်တွေက ကော်မရှင်ရဲ့ အလုပ်တွေကို အဟန့်အတားဖြစ်နေတာမျိုး ရှိပါသလား။ ဥပမာဆိုရရင်  တရားရုံးမှာ စီရင်ဆဲနဲ့ စီရင်ချက်ချပြီး သားအမှုတွေကို ကော်မရှင်က ကိုင်တွယ်ပေးလို့ မရဘူး။

ဖြေ – ဆုံးဖြတ်ပြီးသားအမှုတွေကို မကိုင်ရဘူးဆိုရင် ဒီတရားရုံးကဆုံးဖြတ်တာဟာ တရားမျှတမှုဖြစ်ပါတယ်လို့ ဘယ်သူပြောနိုင်မလဲ၊ တရားသူကြီးက တရားမျှမျှတတနဲ့ အမှုကို ကိုယ်တွယ်ပါတယ်လို့ ကော်မရှင်က ဆိုနိုင်မလားဆိုတာမျိုး ရောက်တဲ့နေရာတိုင်းမှာ အမေးခံရတယ်။ ကော်မရှင်က လူကြီးပိုင်းတွေ သုံးသပ်ထားတာ ရှိတယ်၊ နောက်ပိုင်း ဒါမျိုးတွေ သိပ်များလာလို့ လိုအပ်လာရင် ဥပဒေပြင်တဲ့လမ်းကြောင်းအတိုင်း တစ်မျိုးတစ်ဖုံလုပ်ကြဖို့ပေါ့။ ဆုံးဖြတ်ထားပြီးသား အမှုတိုင်းမှာလည်း တရားမျှတပါတယ်လို့ ပြောလို့မရဘူးရှင့်။ အခုလွှတ်တော်ထဲမှာ ကော်မတီတွေရှိပါတယ်၊ ဥပဒေတိုင်းကို သုံးသပ်ပြီး အားနည်းတယ်ထင်ရင် ပြင်လို့ရတဲ့အပိုင်းတွေရှိတော့ လူ့အခွင့်အရေးကော်မရှင်မှာ ဒါမျိုးတွေ ဖြစ်နေသေးတယ် (ဆိုပြီး) ပြည်သူတွေရဲ့အားနဲ့၊ ပြည်သူတွေရဲ့ အသံတွေနဲ့ သွားရင် ဖြစ်လာနိုင်ပါတယ်။  

မေး –  အစိုးရကို အကြံ ဉာဏ်ပေးလို့ရတယ်ဆိုတော့ ဘာအကြံ ဉာဏ်တွေ ပေးထားပြီးပြီလဲ။

ဖြေ –  ဥပဒေတစ်ခုဟာ ထွက်လာပေမဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကျွန်မတို့က အကြံဉာဏ်တွေ ပေးလို့ရတယ်။ ဥပဒေအားလုံးတော့ ကျွန်မတို့ မလုပ်နိုင်သေးပါဘူး။ တစ်လင်တစ်မယားစနစ်ဥပဒေ ထွက်လာချိန်မှာ ကျွန်မတို့မှာ ရာဇသတ်ကြီးဥပဒေရှိပြီးသား၊ အဲဒီထဲက ပုဒ်မ ၃၉၄၊ ၃၉၅ ဆိုတာနဲ့ ထိပ်တိုက်ဖြစ်မနေ ဘူးလား၊ အဲဒီရာဇသတ်ကြီးထဲကဟာကိုပဲ ခေတ်နဲ့လျော်ညီအောင် လုပ်လို့မရဘူးလားပေါ့။  ကျွန်မတို့က လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး၊ လူမှုရေးက ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ သူတို့တင်ပြတဲ့ အချက်တွေကိုလည်း လွှတ်တော်ဆီကို တင်ပေးလိုက်တယ်။  

မေး – ကော်မရှင်ရဲ့ အောင်မြင်မှုတချို့ကို ပြောပြပါဦး။

ဖြေ – အောင်မြင်မှုဆိုတာ ကျွန်မအမြင်နဲ့ပဲ ပြောလို့ရမယ်ရှင့်။ ကျွန်မ ဒီကော်မရှင်ကို ၂ဝ၁၄ ကတည်းက ဝင်လုပ်တဲ့နေရာမှာ နံပါတ်တစ်အနေနဲ့ ပြောရရင် ကိုပါကြီးကိစ္စပေါ့။  ကိုပါကြီးက ဒီလိုဒီလိုဖြစ်ပြီး သေသွားတယ်။ ဟိုးအရင်အချိန်တွေကဆိုရင် ဒီလိုအဖြစ်မျိုး ဘယ်သူမှ အနားတောင်ကပ်လို့ရမှာမဟုတ်ဘူး။ ကိုပါကြီးရဲ့ အမျိုးသမီးလည်း အဲဒီလိုအလောင်းဖော်တာ တို့လို အနားတောင်ကပ်လို့ရမှာ မဟုတ်ဘူး။ သူ့ရဲ့အသံတွေလည်း မီဒီယာပေါ် တက်လာမှာမဟုတ်ဘူး။ ကျွန်မတို့ဘက်က ဒါလူ့အခွင့်အရေးချိုးဖောက်တာ၊ နိုင်ငံသားတစ်ယောက်က ဒီလိုမဖြစ်သင့်ဘူးလို့ ကျွန်မတို့ ဒုတိယဥက္ကဋ္ဌကြီးကိုယ်တိုင် စုံစမ်းမယ်ဆိုတဲ့အချိန်မှာပဲ သမ္မတဦးသိန်းစိန်က ဒီကိစ္စကို လိုက်ပါ၊ ဒါလူ့အခွင့်အရေးချိုးဖောက်တာ၊ မင်းတို့အဖွဲ့တွေ သွားသင့်တယ်လို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ကျွန်မတို့ဥပဒေမှာလည်း ပါတယ်၊ လိုအပ်တဲ့အချိန်မှာ သမ္မတက ခိုင်းခွင့်ရှိတယ်လို့။ ဒါပေမဲ့ ဒီကိစ္စမှာ သူ့ဘက်ကိုယ့်ဘက် အမြင်မတူတာ တွေရှိတယ်၊ ပြောမှလုပ်တယ်လို့ ကျွန်မတို့ကို ထောက်ပြဝေဖန်တဲ့သူတွေ၊  မီဒီယာတွေလည်းရှိတယ်။ တကယ်တော့ နိုင်ငံတော်ကို အုပ်ချုပ်တဲ့သမ္မတ ကိုယ်တိုင်က ဒီလူ့အခွင့်အရေးကိစ္စကို စိတ်ဝင်တစားနဲ့ ဖုန်းဆက်တယ်ဆိုကတည်းက ကျွန်မတို့ဘက်ကအနိုင်လို့ ကျွန်မတော့တွက်တယ်။ သူ မဆက်လည်း ရတာပဲ။

မေး – သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို စုံစမ်းခိုင်းလို့ရပါလျက်နဲ့ ဘာဖြစ်လို့ ကော်မရှင်ကို အားကိုးရတာလဲ။

ဖြေ – သမ္မတတစ်ယောက်မှာ လမ်းကြောင်းတွေ အများကြီး ပိုင်ထားတာပဲလေ။ ဒါပေမဲ့   ဥပဒေမှာ သမ္မတ လိုအပ်ရင် သမ္မတပြောတဲ့ကိစ္စ သွားလို့ရတယ်ဆိုတော့  လူ့အခွင့်အရေးရှုထောင့် ကနေသွားရင် ပိုမြန်မယ်လို့ သူ သုံးသပ်လို့နေမှာပေါ့။ ကျွန်မတို့ စုံစမ်းတယ်၊ အလောင်းဖော်တဲ့ဆီမှာလည်း တောက်လျှောက်ပါတယ်။ ကိုပါကြီးအမျိုးသမီးရော၊ သူ့ရှေ့နေရော ပါတယ်။ တိုင်တဲ့သူက အမျိုးသမီးဖြစ်တော့ သူ့ရဲ့လုံခြုံရေးအရ နောက်တစ်ယောက်ကို ခေါ်ခွင့်ရှိတယ်။  ဒါပေမဲ့ သူနဲ့ပါလာတဲ့အဖွဲ့ တစ်ဖွဲ့လုံး ဝင်လို့ရမှ သူဝင်မယ်ဆိုတော့ ကျွန်မတို့ရုံးရှေ့မှာ ဆန္ဒပြတာမျိုး ဖြစ်တယ်။ ကျွန်မတို့ဘက်က သူ့ကို ဆက်သွယ်ပါတယ်။ ကျွန်မတို့အင်တာနက်စာမျက်နှာမှာ အသေးစိတ်ရေးထားတယ်၊  ကျွန်မတို့သွားတယ်၊ အလောင်းပြန်ဖော်တယ်။ အလောင်း ပြန်သယ်လာတော့ ဖြတ်ရမယ့် မြို့၊ ရွာတိုင်းက အများအားဖြင့် ဖြတ်သန်းဖို့ သဘောမတူဘူး။ မြန်မာ့ထုံးစံအရ သေပြီးတဲ့အလောင်းကို လုံးဝ မြို့ထဲအဝင်မခံဘူး။ နည်းနည်း ရုတ်ရုတ်ဖြစ်သွားတာမှာ လူ့အခွင့်အရေးကော်မရှင်ကနေဆိုပြီး ကျွန်မတို့ဆိုင်းဘုတ်တင်ပြီး ပေးသွားပါပြောပြီးတော့ ရှေ့ဆုံးကနေ ကျွန်မတို့ကား ထွက်တယ်၊ ကျွန်မတို့ ကားထွက်မှ လူအုပ်က ဖယ်ပေးပြီး အလောင်းကို ရန်ကုန်သယ်၊ ကောင်းမွန်စွာနဲ့ လူသားတစ်ယောက် ပီသစွာနဲ့ သူ သင်္ဂြိုဟ်ခွင့်ရသွားတယ်။ ဆုံးရှုံးသူဘက်ကကြည့်ရင် အများကြီးဆုံးရှုံးတယ်လို့ ပြောလို့ရပေမဲ့ လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင် ကော်မရှင်က အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာပဲ။ ပြည်သူတွေနဲ့ ကျွန်မတို့နဲ့ နည်းနည်း သဘောထားချင်း မတိုက်ဆိုင်တာက သူတို့က ကျွန်မတို့ကို တရားစီရင်ချက်ချလို့ရတဲ့ အဖွဲ့အစည်း ထင်နေတယ်။ ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်။ လိုက်ပြီး မလုပ်တာလုပ်တာက ဟိုဘက်အဖွဲ့အစည်းက လူတွေရဲ့ လူ့အခွင့်အရေးပေါ် နားလည်မှု၊ လေးစားမှုပေါ် မူတည်တာ။ သူတို့ရဲ့ လူ့အခွင့်အရေးပေါ် နားလည်တဲ့ သဘောတရား၊ စိတ်ခံယူချက်ပြောင်းသွားတဲ့အပေါ် ကျွန်မတို့ အလုပ် လုပ်ရတာ အရမ်းလွယ်တယ်။  ဟိုတလောက မိုးညှင်းမြို့က အချုပ်ထဲမှာ ရိုက်နှက်တာကို ဗီဒီယိုရိုက်ထားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လာတိုင်တယ်။ အဲဒီကိစ္စကို ကျွန်မတို့စုံစမ်းပြီး မှန်ကန်တဲ့အတွက် အထက်ကိုစာပို့လိုက်တာ  ဘယ်နေ့၊ ဘယ်ရက်က အဲဒီလုပ်တဲ့သူကို ဖြုတ်လိုက်ပါပြီလို့ တကူးတကနဲ့ တလေးတစား စာပြန်လာတယ်။ ဆိုလိုချင်တာက ဟိုဘက်က အရေးယူတဲ့အပိုင်း တိုးတက်လာပြီ။  အကျဉ်းထောင်၊ အကျဉ်းစခန်းတွေ သွားစစ်တာမှာလည်း အခုနောက်ပိုင်း လူ့အခွင့်အရေးရှိလာပြီ ဆိုတဲ့အသိနဲ့ အကျဉ်းသားတွေရဲ့ အခြေအနေကောင်းလာပြီ။ ကျွေးမွေးတာကအစ အဆင်ပြေလာတယ်။ ၁၉၄၈ ကနေ ၂ဝ၁၁ အထိ လူ့အခွင့်အရေးမပြောနဲ့၊ ဘာမှတောင်ပြောလို့မရတဲ့ အခြေအနေကနေ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရမယ်။ ကျွန်မတို့ဆီကိုလည်း တိုင်တန်းမှုတွေ အရမ်းများလာတယ်။ များလာလို့ ဂုဏ်ယူပြီး ပြောတာမဟုတ်ဘူး။ လူ့အခွင့်အရေးကော်မရှင်ကို အားကိုးလာတယ်။ (အယ်ဒီတာ မှတ်ချက် -မိုးညှင်းမြို့ အချုပ်ခန်းကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းရာတွင် တာဝန်ရှိသူကို “အရေးယူလိုက်ပါပြီ” ဟု  ပြောလိုခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်ဝင်းက နောက်ပိုင်းတွင် ဆက်သွယ် ပြောဆိုလာပါသည်)

မေး – တိုင်တန်းရာမှာ  မအောင်မြင်တာ၊   စစ်ဘက် အရပ်ဘက် နိုင်ငံတော် ထိပ်တန်းခေါင်းဆောင်တွေနဲ့ ပတ်သက်နေတာတွေ  ရှိလား။

ဖြေ – တိုင်တန်းတဲ့ကိစ္စက  ဥပဒေပါအချက်တွေ မပြည့်စုံတာမျိုးဆိုရင်တော့ ကျွန်မတို့ ကိုင်တွယ်လို့မရဘူး။ တိုင်တန်းတဲ့ကိစ္စတွေမှာ တကယ့်ထိပ်တန်းလောက်အထိတော့ မရှိဘူး။ တပ်ဘက်နဲ့ ပတ်သက်တာမှာဆိုလည်း ဒီလူတစ်ယောက်ရဲ့ အခွင့်အရေးချိုးဖောက်တာထက် လယ်မြေသိမ်းတဲ့ကိစ္စက များတယ်။ ကျွန်မတို့လုပ်လိုက်တဲ့အခါ တပ်ဘက်က တော်တော် များများလည်း ပြန်ပေးပြီးပြီ။ တချို့ဟာတွေကျတော့လည်း မြေ (ပြန်) မပေးနိုင်တဲ့အခါမှာ လျော်ကြေးပေးတာမျိုး ရှိတယ်။  ၂ဝ၁၅ ခုနှစ်မှာပဲ တိုင်တန်းချက်ပေါင်းက ၁,၇ဝဝ ကျော် သွားပြီ။ စဖွဲ့တဲ့ ၂ဝ၁၁ ခုနှစ်နဲ့ဆိုရင် တစ်သောင်းကျော်ပြီ။ ကျွန်မတို့ နှစ်စဉ်အစီရင်ခံစာထဲမှာတော့ အသေးစိတ်ရှိတယ်။ ရန်ကုန်က ဘယ်နှမှု၊ ဧရာဝတီက ဘယ်နှမှု၊ အထွေထွေ အုပ်ချုပ်ရေးကို တိုင်တာက ဘယ်နှမှုဆိုပြီးတော့။
 
မေး – မြန်မာပြည် နေရာအတော်များများမှာ မြေမြှုပ်မိုင်းထောင်နေကြတာနဲ့ပတ်သက်ပြီး ကော်မရှင်က ဘာတွေ လုပ်နေပါသလဲ။

ဖြေ – မြေမြှုပ်မိုင်းက ဘာမှတော့ ကျွန်မတို့ဘက်က အထူးတလည် လုပ်ထားတာ မရှိဘူး။ ဒါဟာ မဖြစ်သင့်ဘူး။ ဒါဟာလူသားတွေ၊  ဘယ်လိုပဲဖြစ်ဖြစ် လူသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးဟာတွေ မလုပ်သင့်ပါဘူးဆိုတာ ကြေညာချက် ထုတ်ထားတယ်။ ခက်တာက ကျွန်မတို့စကားက ဘယ်လောက်အထိ တာသွားသလဲ၊ စစ်တိုက်နေတဲ့သူတွေဆီသွားပြီး လူ့အခွင့်အရေး ပြောမယ်၊ သူတို့က ရယ်တာပေါ့။ သူတို့တွေ့ကြုံလာတာက လူ့အခွင့်အရေးလာမပြောနဲ့ သူသတ်ရင်ငါသတ်မယ်၊ ငါမသတ်ရင် သူငါ့ကိုသတ်မှာပေါ့၊ သူထောင်ရင်ငါထောင် မှာပေါ့ ဆိုတဲ့ဟာမျိုး။ သူနဲ့ငါ ဒီလိုတွေဖြစ်နေတဲ့အခါမျိုးမှာ အချိန်တစ်ခုကိုစောင့်ပြီးတော့ တဖြည်းဖြည်း ကျွန်မတို့ သွားရမှာပဲ။
 

မေး – ပဋိပက္ခဒေသတွေမှာ လက်နက်ကိုင်တဲ့ နှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့  အစိုးရမဟုတ်တဲ့အဖွဲ့အစည်း တချို့က ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ရော ကော်မရှင်က ဘယ်လိုဆောင်ရွက်နေပါသလဲ။

ဖြေ –   ကျွန်မတို့ အဲဒီလို ပဋိပက္ခဖြစ်နေတဲ့နေရာကို မသွားဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့အဖွဲ့ကို လုံခြုံရေး ဘယ်ဘက်ကမှ မပေးနိုင်ဘူး။ အဲဒီလိုနေရာတွေမှာ နှစ်ဖက်စလုံးက ကျူးလွန်တာတွေ ရှိတယ်။ ကျွန်မတို့လုပ်နိုင်တာက ဒါမျိုးတွေကို သတင်းထုတ်ပြန်ချက်တွေနဲ့ ထုတ်ပြန်တယ်။ ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို သွားတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ ဘာဖြစ်နေလဲ၊ ဘယ်မှာနေနေရလဲ၊ စာသင်ရရဲ့လား၊ ကျန်းမာရေးဆေးပေးခန်းရော ရှိလား၊ ကျန်းမာရေးမှူးတွေလာလား စသဖြင့်ပေါ့။ ကျွန်မတို့သွားတိုင်း မတွေ့တာက အမျိုးသားတွေပဲ။ သူနာပြုက တစ်ယောက်တည်း မဖြစ်ဘူးဆိုရင် ကျွန်မတို့က အဲဒီမြို့က အရာရှိကိုခေါ်၊ ဒီမှာနည်းနေတယ်၊ ဘယ်လိုဖြစ်တာလဲပေါ့။ ကျွန်မတို့က ဝန်ကြီးချုပ်ကနေ တစ်ဆင့် သွားတာဆိုတော့ ဒီလိုဖြစ်တာလေး ဘယ်တော့လောက်ကို အကြောင်းပြန်ပေးပါဆိုရင် သူတို့ သူနာပြု ပြန်ထားပေးတယ်။ ဆိုလိုချင်တာက လူ့အခွင့်အရေး ရှုထောင့်ကနေပဲ ကျွန်မတို့ ပြောလို့မရဘူး၊ စစ်ဖြစ်တဲ့နေရာကို ကျွန်မတို့သွားပြီး နင်မပစ်နဲ့၊ နင်မပစ်နဲ့ဆို ဝင်ပြောလို့မရဘူး။ ကျွန်မတို့လုပ်ပေးနိုင်တာပဲ လုပ်ပေးလို့ရတယ်။ စစ်ဖြစ်တာမကောင်းဘူး၊ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာ နှစ်ဦးနှစ်ဖက်လုံးမှာ အတွေးအမြင်ရှိမှ ဒီပြဿနာက ပြေလည်မှာ။  

မေး – ကော်မရှင်ရဲ့ လုပ်ကိုင်မှုတွေမှာ အကန့်အသတ်တွေ ဖြစ်တာမျိုးရောရှိလား။

ဖြေ – အစိုးရပိုင်းနဲ့ ကျွန်မတို့ ဥပဒေအရဆိုရင် ရက် ၃ဝ အတွင်း အကြောင်းပြန်ပေးရမယ်လို့ ပြောထားတယ်။ အကြောင်းမပြန်ရင် ဘာလုပ်မယ်ဆိုတာ မပါဘူး။  ဥပမာ ပဲခူးက ထွေအုပ်ကို တိုင်တဲ့ကိစ္စ။ ကျွန်မတို့က ပြည်ထဲရေးကို ပို့တယ်။ ပြည်ထဲရေးက ပဲခူးတိုင်းကို ချပေးတယ်။ တိုင်းကနေ သက်ဆိုင်ရာမြို့နယ်မှူးကို မင်းလုပ်တဲ့ဟာ ကော်မရှင်က စာလာနေပြီဆို လုပ်တယ်။ ဆက်သွယ်ရေးစနစ်ကလည်း မကောင်းတော့ တချို့နေရာမှာ အကြောင်းကြောင်းကြောင့် ကြာတာတွေရှိတယ်။ တချို့ကလည်း ထားလိုက်စမ်းပါကွာ။ ကော်မရှင်က ဘာအမှု မှန်းမသိ ရှုပ်နေတယ်၊ ငါတို့လည်း ငါတို့ဘက်က ငါတို့လုပ်တာပဲဆိုတဲ့ အဖွဲ့လည်းရှိတယ်။ တချို့ လူ့အခွင့်အရေးကို အသိအမှတ်ပြုလေးစားတယ်ဆိုတဲ့ အစိုးရဌာနတွေကျတော့ တစ်လ အတွင်း စာပြန်လာတယ်။ ဟုတ်ပါတယ်၊ လုပ်ပြီးပါပြီ၊ မှန်ကန်ကြောင်းတွေ့ရပါတယ်ပေါ့။ လူ့အခွင့်အရေးကို လေးစားရကောင်းမှန်းတောင် မသိဘူး၊ ကော်မရှင်လည်း ဘာမှန်းမသိဘူး၊ မလုပ်တော့ရော ဘာဖြစ်လဲဆိုတဲ့ ဌာနမျိုးရောက်သွားရင်တော့လည်း ဘာမှကို လုပ်လို့မရဘူး။ လက်ပံတန်း (ကျောင်းသား သပိတ်စခန်း) ကိစ္စမှာ ပဲခူးတိုင်းဝန်ကြီးချုပ်က အစစ်အဆေးမခံဘူး၊ အဲဒီကိစ္စတွေကို နှစ်စဉ် အစီရင်ခံစာမှာ ထည့်ရေးနေတယ်၊ နောက်နှစ် လွှတ်တော်မှာ ဒီအစီရင်ခံစာ တင်ပြရင် ပါသွားမှာပါ။ လူ့အခွင့်အရေးကို လေးစားတယ်၊ အသိအမှတ်ပြုတယ် ဆိုတဲ့ အစိုးရဖြစ်လာမယ် ဆိုရင် ဒါဟာ သူတို့အတွက် ဖိအားဖြစ်လာမှာပဲ၊  အစိုးရနဲ့ ကျွန်မတို့နဲ့ အလုပ်လုပ်ရတာ ပိုမြန်လာမယ်။ (အယ်ဒီတာ မှတ်ချက် – ကျောင်းသားသပိတ်စခန်းအရေး ဖြေရှင်းမှုတွင် “သက်ဆိုင်ရာဝန်ကြီးတစ်ဦး အစစ်အဆေးမခံဘူး” ဟု ပြောလိုခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်ဝင်းက နောက်ပိုင်းတွင် ဆက်သွယ်ပြောဆိုလာပါသည်)

မေး –  ဌာနဆိုင်ရာတွေကို  အကြံပြုပေမယ့် အရေးယူဆောင်ရွက်တာမရှိဘူးဆိုရင် အလုပ်ပိုဖြစ်ဖို့ ကော်မရှင်ဥပဒေကို ပြင်ဆင်မှာလား။ ဘယ်လိုနည်းလမ်းတွေရှိလဲ။

ဖြေ – ဒါကိုတော့ နိုင်ငံတကာနဲ့ပြောရမယ်။ ထိုင်းမှာ ကော်မရှင်ရှိတယ်။ အိန္ဒိယမှာရော ကျွန်မတို့မှာရော ရှိတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံက သူတို့ပေးချင်တဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာ ကို ပေးထားတာ။ ထိုင်းဆို ကျွန်မတို့လိုပဲ ဆုံးဖြတ်ချက်မရဘူး။ အိန္ဒိယကျတော့ ကော်မရှင်က ဆုံးဖြတ်လို့ရတယ်။ အစိုးရပေါ်မူတည်တယ်။ အဲဒီလိုလေး ဆုံးဖြတ်ပိုင်ခွင့်ပေးထားရင် ကျွန်မတို့မှာ လုပ်ပိုင်ခွင့် ပိုများသွားမယ်။ ပိုအဆင်ပြေမယ်။ ပိုပြီးတော့ သြဇာလည်းရလာမယ်။ အဲဒီ အချက်လေးတွေကို မြင်တဲ့သူတွေက ထောက်ပြနိုင်မယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ ဥပမာ လူတစ်ယောက်က လူ့အခွင့်အရေးကော်မရှင်ဥပဒေက ပုဒ်မဘယ်လောက်က ဘယ်လိုဖြစ်နေတယ်၊ ဒါကို ဒီလိုလေး ပြင်လိုက်ရင် ဌာနဆိုင်ရာတွေအတွက်ပါ ဖိအားလေး ဖြစ်လာနိုင် မယ်၊ ပိုကောင်းသွားမယ်လို့ ထောက်ပြလာရင် ဥပဒေပြင်တာ ဖြစ်ကောင်းဖြစ်လာမှာပေါ့။ ကျွန်မတို့ဘက်က ဒါကို ပြင်သင့်ပါတယ်လို့တော့ သွားပြောလို့မရဘူးလေ။

မေး –  ပြည်ပရောက်နေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခုအကြောင်း ထုတ်ပြောထားတာရှိတယ်။  အခြေခံဥပဒေက နောက်ကြောင်းပြန် အရေးယူတာမျိုး မလုပ်ရဘူးလို့ ပြဋ္ဌာန်းထားတော့ အဲဒီလို အမှုမျိုး တိုင်တန်းလာရင် စုံစမ်းတာမျိုးလုပ်မလား။

ဖြေ – ဒါက အခြေခံဥပဒေအရ နောက်ကြောင်းပြန်လို့မရတဲ့ အမှုမျိုးဖြစ်နေတာပေါ့။ ကျွန်မက ပေါ်လစီချမှတ်တဲ့ ကော်မရှင် ၁၁ ဦးအဖွဲ့ထဲက မပါတော့ သူတို့ ဆုံးဖြတ်၊ မဆုံးဖြတ်ကို မသိဘူး၊ တကယ်လို့ အဲဒီလိုကိစ္စမျိုးတက်လာရင် သူတို့ဆုံးဖြတ်ချက်ပေါ် မူတည်မယ်။ ကိစ္စရပ်တစ်ခု ကျွန်မတို့ဆီရောက်လာရင် အရင်ဆုံးကြည့်တာက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရလား၊ မခံရလားပဲ။ ဥပဒေမှာ အချိန်ကန့်သတ်ချက် မပါတဲ့အတွက် ဘယ်သူမဆို ဘယ်တုန်းက ဖြစ်ခဲ့ ဖြစ်ခဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ထင်ရင် တိုင်လို့ရတယ်။ ကိုယ်တိုင်မှ မဟုတ်ဘူး၊ သူများအတွက်လည်း လိုက်ပြီးတိုင်လို့ရတယ်။     ။

Show More

Related Articles

Back to top button