သတင်း

ရွာသားပျောက်ဆုံးမှု လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားဟု ရသေ့တောင်အမတ်ဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှ ရွာသားတစ်ဦး ပျောက်ဆုံးနေမှုကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ဒီဇင်ဘာ ၁၇ ရက်တွင် စာပေးပို့တိုင်ကြားထားကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ဆိုသည်။

အသက် ၂၄ နှစ်အရွယ် ကိုကျော်ငြိမ်းထွန်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စတင်ပျောက်ဆုံးခဲ့ပြီး ကော်မရှင်ထံပေးပို့ထားသည့် တိုင်ကြားစာကိုလည်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို ပေးပို့ထားသည်ဟု ၎င်းကဆိုသည်။

ကိုကျော်ငြိမ်းထွန်း ပျောက်ဆုံးရသည့် အကြောင်းရင်းကို တိတိကျကျမသိသေးသော်လည်း တစ်ဦးတည်းသော မျက်မြင်သက်သေဟုဆိုသူ ၎င်း၏ဖခင်ကမူ ၎င်းကို တပ်မတော် စစ်ကြောင်းက ဖမ်းဆီးသွားသည်ကို မြင်လိုက်သည်ဟု ပြောသည်။ တပ်မတော်ကမူ ထိုသို့ ဖမ်းဆီးခြင်းမရှိဟု ပြောသည်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၄ နာရီခွဲခန့်က ကျောက်ရံရွာအနီး လယ်ကွက်ထဲတွင် စပါးသိမ်းနေသည့် အသက် ၂၄ နှစ်အရွယ် ကိုကျော်ငြိမ်းထွန်းကို ရွာအနီးမှ ဖြတ်သန်းသွားသည့် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း ၎င်း၏ ဖခင် ဦးမောင်သိန်းထွန်းက Myanmar Now ကိုပြောသည်။

“သူတို့ဖမ်းခေါ်သွားတာကို ရွာနားကနေတွေ့လိုက်တယ်၊ ဒါပေမဲ့ ကျွန်တော်လည်း ဘာမှမပြောရဲဘူး၊ ကြောက်လို့ပုန်းနေရတယ်” ဟု ဦးမောင်သိန်းထွန်းက ပြောသည်။

ရွာ၏အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တပ်မတော်၏ ရေစိုးချောင်းဗျူဟာစခန်းရှိသည့်အတွက် အဆိုပါစခန်းသို့ မိသားစုနှင့်အတူ နှစ်ကြိမ်တိုင်တိုင် သွားရောက်စုံစမ်းခဲ့သော်လည်း ဗျူဟာမှ တပ်မတော်အရာရှိတစ်ယောက်က မသိကြောင်းငြင်းဆန်သည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေစိုးချောင်းဗျူဟာမှ ဦးမောင်သိန်းထွန်းတို့ကို လက်ခံတွေ့ဆုံခဲ့သည့် ဗိုလ်ကြီးကျော်ကို ကို Myanmar Now က ဆက်သွယ်မေးမြန်းသည့်အခါတွင် ၎င်းတို့၏ လက်အောက်ခံစစ်ကြောင်းများတွင် ကိုကျော်ငြိမ်းထွန်းကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောသည်။

“ကျွန်တော်တို့ ဒီကထွက်တဲ့ စစ်ကြောင်းတွေကို လိုက်စုံစမ်းကြည့်တော့ သူတို့မှာလည်း မပါဘူးလို့ပြောတယ်ခဗျ၊ အတတ်နိုင်ဆုံးလည်း ဆက်ပြီးစုံစမ်းပေးနေပါတယ်” ဟု ဗိုလ်ကြီးကျော်ကိုက ပြောသည်။

ကိုကျော်ငြိမ်းထွန်းကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းက ဖမ်းဆီးသွားသည့်ဖြစ်စဉ်ကို မသိရသေးကြောင်း ပြောသည်။

ကျောက်ရံကျေးရွာသည် ရသေ့တောင်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် အမြဲကြုံတွေ့နေရသည့် ကျောက်တန်း၊ အမျက်တောင်၊ သမီးလှ စသည့်ရွာများ၏ အနီးတွင်ရှိသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒေသခံရွာသားများ ပျောက်ဆုံးမှု မကြာခဏဖြစ်ပေါ်နေပြီး ယခုရက်ပိုင်းတွင် ပျောက်ဆုံးသူများကို သေဆုံးလျက် ပြန်လည်တွေ့ရှိရသည်များလည်း ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ စပါးသိမ်းရန်သွားသည့် ဒေသခံနှစ်ဦးမှာ ပျောက်ဆုံးသွားပြီးနောက် ၄ ရက်အကြာတွင် မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိသည့် လယ်ကွက်တစ်ခု၌ အလောင်းများ မြှုပ်နှံထားသည်ကို ဒေသခံများက တွေ့ခဲ့ရသည်။

ထို့အပြင် ဒီဇင်ဘာ ၁၇ ရက်က ပျောက်ဆုံးသွားသည့် အမ်းမြို့နယ်၊ ရေငန်းချောင်းကျေးရွာသား နှစ်ဦးကိုလည်း ပျောက်ဆုံးပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၁၉ ရက်တွင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

ယင်းသို့ပင် ဒီဇင်ဘာ ၁၇ ရက်က အမ်းမြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာအနီးတွင် အရပ်ဝတ်ဝတ်ထားသည့် AA အဖွဲ့ဝင်နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသည့်အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

 

Show More

Related Articles

Back to top button