ဆောင်းပါး

AA သံသယဖြင့် အဖမ်းခံရသူများ၏ လွတ်မြောက်ရေး မျှော်လင့်ချက် 

အာဏာဖီဆန်နေသူများ၊ လက်နက်ကိုင်အန်တုသူများကို နယ်အသီးသီးတွင် ရင်ဆိုင်နေရခြင်းတို့ကြောင့် အကျပ်ရိုက်နေသည့် စစ်ကောင်စီတပ်သည် ရခိုင်ဒေသအတွက် ခေါင်းကိုက်စရာ မလိုသေးပေ။

ကြည်း၊ ရေ၊ လေ စစ်သည်အင်အား အများအပြားသုံးပြီး ၂ နှစ်ကြာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရသည့် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် နားလည်မှုယူပြီး အပစ်ရပ်နိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုနားလည်မှုကြောင့် စစ်ကောင်စီတပ် ရခိုင်ပြည်နယ်တွင် ပိုမိုအသက်ရှူချောင်စေပြီး AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးနှိပ်စက်ခံနေရသော ရခိုင်ဒေသခံအများအပြားလည်း ပြန်လွတ်လာသည်။ 

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂၀၀ ကျော်အနက် ပြန်လွှတ်ပေးသူများရှိသော်လည်း စုစုပေါင်း ၁၆၆ ဦး ကျန်ရှိနေသေးသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့များ စက်တင်ဘာ ၁၅ အထိ ပြုစုထားသော စာရင်းအရ သိရသည်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို စိတ်ကြိုက်လုပ်ကိုင်နေသော စစ်ကောင်စီသည် AA နှင့် ဆက်စပ်သည်၊ AA ကို ကူညီသည်ဟု စွပ်စွဲခံနေရသူ ၁၆၆ ဦးလုံးကို ပြန်လွှတ်ပေးသင့်ပြီဟု ဒေသတွင်းအဖွဲ့အစည်းများက ထောက်ပြနေကြသည်။

မှားယွင်းဖမ်းဆီးခြင်း

AA နှင့် ဆက်နွှယ်သည်ဟု ယူဆခံရသူ အကျဉ်းသားများအနက် စက်တင်ဘာလလယ်တွင် ၃၅ ဦး ပြန်လွတ်လာသည်။ 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံထားရသော အမှုများကို ပိတ်သိမ်းခံရသူများထဲတွင် စစ်တွေထောင်မှ ၁၃ ဦး၊ ကျောက်ဖြူထောင်မှ ၆ ဦး၊ မြောက်ဦးအချုပ်မှ ၁၆ ဦး ပါဝင်သည်။

ငြိမ်းချမ်းရေးကို ရှေးရှုပြီး အထက်ညွှန်ကြားချက်အရ အမှုများကို ဥပဒေနှင့်အညီ ရုပ်သိမ်းခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားသည်။

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်လာသူ ၆ ဦးမှာ အမ်းမြို့နယ်နေ ကိုဇော်ဇော်ထွန်း(ခ)ဇော်စေ့ကေ၊ ကိုမောင်မောင်ချေ၊ ကိုမင်းမင်း(အမည်လွှဲ)၊ မောင်ဝင်းခင် (ခ) မောင်ခင်ဝင်း၊ ကျောက်ဖြူမြို့နယ်နေ ကိုထွန်းမြင့်စိုးနှင့် ကိုအေးနိုင် တို့ဖြစ်သည်။

ကျောက်ဖြူအကျဉ်းထောင်တွင် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၇၂ ဦးအနက် အများအပြားမှာ အကျဉ်းစံကာလ ၂ နှစ်ခန့် ရှိနေသည်။ 

၎င်းတို့ထဲမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက စစ်သားတို့က AA တပ်ဖွဲ့ဝင်တို့ကို ရှာမတွေ့သဖြင့် အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်းဖြစ်သည်ဟု ပြောသည်။

“စစ်ဆေးဖို့ရှိတယ်ဆိုပြီး အိမ်က ခေါ်သွားတာ။ တပ်တောင်(အမ်း)မြို့ကို ရောက်တော့ မျက်နှာကို ပဝါစည်းပြီး လက်ကို နောက်ပြန်ချည်တယ်။ ကျွန်တော့်ကို AA အတွက် ငွေကောက်ပေးသူဖြစ်တယ်၊ AA အမာခံဆိုပြီး တိုင်သူရှိလို့ ဖမ်းတာလို့ ပြောတယ်။ ဒါပေမဲ့ တိုင်တဲ့သူကို အခုထိ ကျွန်တော်မသိဘူး”ဟု ထိုအမျိုးသားက ပြောသည်။

“AA ကို ငွေကောက်ပေးတာ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုပြီး ရိုက်တယ်၊ မေးတယ်၊ ဝန်ခံခိုင်းတယ်။ ဝန်မခံရင် ပြည်သူလူထုကို ဖမ်းတယ်ဆိုတာ ဖြစ်သွားမှာမို့လို့ ဝန်ခံလာအောင်ကို ရိုက်တာ။ အမ်းမှာ ၄ ရက်လောက် နှိပ်စက်တာ ခံရတယ်။ သူတို့မေးတာကို ဝန်ခံမှ ရိုက်တာရပ်တယ်။ ပြီးမှ အကြမ်းဖက်ပုဒ်မတပ်ပြီး ရဲစခန်းကို အပ်တာ။ ရဲစခန်းအချုပ်ကို ပို့ပြီးမှ နှိပ်စက်တာက လွတ်တယ်”ဟု ၎င်းက ပြောပြသည်။

AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံခဲ့ရသူတို့သည် ထိုအမျိုးသားကဲ့သို့ပင် နှိပ်စက်ခံခဲ့ရသည်။

အမှုပိတ်ပြန်လွှတ်ပေးမှုကို မျှော်လင့်သော်လည်း နောက်တစ်ကြိမ် ပြန်ဖမ်းခံရမည်ကိုလည်း စိုးရိမ်နေကြသည်။

” ကျွန်တော် အခုလွတ်လာတော့ လုပ်စားကိုင်စားဖို့ လိုအပ်ချက်တွေရှိပါတယ်။ နောက် လုံခြုံတယ်လို့ မခံစားရဘူး။ နောက်တစ်ချိန်လည်း အခုလို ဖမ်းဆီးခံရမှာကို စိုးရိမ်ပါတယ်”ဟု ကိုမင်းမင်း(အမည်လွှဲ) က ပြောသည်။

စစ်တွေထောင်မှ ၁၃ ဦးနှင့် မြောက်ဦးအချုပ်မှ ၁၆ ဦး 

စက်တင်ဘာ ၉ မှာပင် စစ်တွေထောင်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ၂ နှစ်ခန့် အချုပ်အနှောင်ဖြင့် တရားရင်ဆိုင်ခဲ့ရသူ လူငယ် ၄ ဦး လွတ်မြောက်လာသည်။

စစ်တွေထောင်ကို ဝေဟင်မှ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

မြေပုံမြို့နယ် ယောချောင်းကျေးရွာမှ ကိုဇော်နိုင်ဝင်း၊ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ကိုနေလင်းထွန်း၊ ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေနှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေးတို့ ဖြစ်ကြပြီး စစ်တွေမြို့သို့ သွားရောက်ရန် ကားတစ်စီးတည်း လိုက်ပါစီးနင်းလာစဉ် ၎င်းတို့ ၄ ဦး ၂၀၁၉ ၊ ဇူလိုင်တွင် ပုဏ္ဏားကျွန်းရဲစခန်းရှေ့၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

AA နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့်  ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်အေးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး တရားလိုဘက်က အမှုပိတ်သိမ်းလိုက်သည့်အတွက် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ 

၂၀၁၉ ၊ ဇူလိုင် ၂၇ ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကားတစ်စီးပေါ်မှ အသက် ၁၈ နှစ်မပြည့်သူ ၇ ဦးအပါအဝင် လူငယ် ၁၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် AA အဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးခံရသူများဟု စစ်တပ်မှ ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရစဉ်တွင် ၁၁ ဦးဖြစ်သော်လည်း အသက် ၁၈ နှစ်မပြည့်သူ ၇ ဦးကို အမှုမှ ရုပ်သိမ်းပေးခဲ့သည်။

ထိုသို့ မတရား စွပ်စွဲဖမ်းဆီးခံခဲ့ရသည့်အတွက် နစ်နာမှုများရှိခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များက ပြောဆိုသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် အသက် ၁၉ နှစ်အရွယ် ကိုဇော်နိုင်ဝင်းက “ကျွန်တော်က AA နဲ့လည်း ပတ်သက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ မြေပုံမြို့နယ်က စစ်တွေကို လာနေတဲ့အခါ ပုဏ္ဏားကျွန်းအရောက်မှာ ဖမ်းပါတယ်။ ပုဒ်မ ၅၂ (ည) နဲ့ တရားစွဲတာခံရပါတယ်။ အခုလို အဖမ်းခံရတဲ့အတွက်ကြောင့် အရမ်းဝမ်းနည်းမိပါတယ်။ အခုလို အချိန်အကြာကြီး ထိန်းသိမ်းခံခဲ့ရတာဟာ ကျွန်တော်တို့အတွက် နစ်နာမှုတွေလည်း အများကြီးရှိတယ်။ အချိန်တွေရော၊ ပြီးတော့ မိသားစုတွေလည်း ပူပင်သောကရောက်ခဲ့ရတယ် “ ဟု ပြောသည်။

“ကျွန်တော်တို့လိုဖမ်းဆီးခံရသူတွေလည်း အထဲမှာ အများကြီးရှိသေးတယ်။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ကိုမောင်ချေ၏ မိခင် ဒေါ်မအောင်သိန်းက “သူ့ကို ဖမ်းဆီးသွားပြီးတော့ တရားရင်ဆိုင်နေရတဲ့အချိန်မှာ အဒေါ်တို့မှာ ငွေရေးကြေးရေးကအစ အခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရတယ်။ သားတွေဆီ လာဖို့ဆိုရင် သူများဆီက ချေးငှားပြီးတော့ သွားခဲ့ရတာ” ဟု ဆိုသည်။

ယင်းနေ့တွင် စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရွှေနဒီအမြန်ရေယာဉ်မှ စာရေး ဦးဘစော၊ စက်ဆရာ မောင်စောသိန်း၊ သင်္ဘောသား ဦးဘထွန်း၊ ရေယာဉ်ဝန်ထမ်း ကိုညီညီအောင်၊ မောင်သာထွန်း၊ ရေယာဉ်မောင်း ဦးကျော်မင်းတို့ ၆ ဦးကို ပြန်လွှတ်ပေးလိုက်သည်။

ပြီးခဲ့သည့် ၂ဝ၁၉ ၊ အောက်တိုဘာ ၂၆ တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့သွားသည့် ရွှေနဒီအမြန်ရေယာဉ်ကို မေယုမြစ်အတွင်း ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာနှင့် ရေမျက်ကျေးရွာအကြား AA က ထိန်းသိမ်းခဲ့ရာ ရေယာဉ်ပေါ်ပါ စစ်သားများ အဖမ်းခံရသည့်အတွက် ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်အပါအဝင် ရေယာဉ်ဝန်ထမ်းများကိုပါ စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ၊ ဒီဇင်ဘာ ၉ တွင် ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေသန်းကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ရေယာဉ်ဝန်ထမ်းများကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က/ခ) ဖြင့် စစ်တပ်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရွှေနဒီဖြစ်စဉ်

အောက်တိုဘာလ ၂၆ မနက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာသည့် ရွှေနဒီအမြန်ရေယာဉ်ကို AA တပ်ဖွဲ့ဝင်များက တားဆီးကာ စစ်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြန်လည်ကယ်တင်ရာတွင် ၁၄ ဦးကို ပြန်ရခဲ့သည်ဟု အောက်တိုဘာ ၂၇ တွင် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

၅၈ ဦးကို ဖမ်းဆီးခဲ့သော်လည်း စစ်တပ်က ပစ်ခတ်သည့်အတွက် သေဆုံးသူနှင့် ထွက်ပြေးလွတ်မြောက်ခဲ့သူများ ရှိသည်ဟု AA က ဖြစ်စဉ်အပြီးတွင် ပြောဆိုခဲ့သည်။ 

ထို့နောက် AA က ၈ လ အတွင်း ၃ ကြိမ်ခွဲပြီး ပြန်လည်လွှတ်ပေးခဲ့သည်။ AA နှင့် မြန်မာစစ်တပ်ကြား အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကြောင့် သုံ့ပန်းများကို လွှတ်ပေးခြင်းဟု AA ဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၄ တွင် စစ်တွေအကျဉ်းထောင်မှ ၃ ဦးကို အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာ ၁၄ တွင် မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂(က)၊ ၅၀ (ည)၊ ၅၂ (စ) ဖြင့် တရားစွဲဆိုခံထားရသူ ၁၆ ဦး၏ အမှု ၈ မှု ကို ရုပ်သိမ်းပေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း မြောက်ဦးမြို့အခြေစိုက် ရှေ့နေတစ်ဦးက ပြောသည်။

AA နှင့် စစ်ကောင်စီ ဆက်ဆံရေး

အပစ်ရပ်ပြီး ၄ လ အကြာတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က AA ကို အကြမ်းဖက်အုပ်စုစာရင်းမှ ရုပ်သိမ်းလိုက်သည်။

ယင်းနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် အမှုတချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးသည်။

AA ကို ဆက်သွယ်ကူညီထောက်ပံ့သည်ဟုဆိုကာ တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌနှင့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ အပါအဝင် ၄ ဦးကို ၂၀၂၁ ၊ ဧပြီ ၂၆ တွင် ပြန်လွှတ်ပေးခဲ့သည်။  

အလားတူ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသူ အသက် ၁၈ နှစ် မပြည့်သေးသည့် လူငယ်များ၏ အမှု ၁၇ မှုကို ၂၀၂၁ ၊ မေလအတွင်း ရုပ်သိမ်းပေးခဲ့ပြီး လူငယ် ၂၆ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။ ၎င်းကလေးသူငယ်များကို ၂၀၁၉  နှင့် ၂၀၂၀ အတွင်း စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၂၁ ၊ ဇွန် ၉ ကလည်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုဝင်များအပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲခံထားရသူ ၁၀ ဦး လွတ်လာသည်။

ဇွန် ၁၁ ကလည်း အမ်းမြို့နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခံထားရသူ အရပ်သား ၄ ဦးကို စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ပြန်လည်လွှတ်ပေးခဲ့သည်။ ၎င်းတို့ကို ၂၀၂၀ ၊ ဇန်နဝါရီလတွင် ဖမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် စက်တင်ဘာအတွင်း ၃၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ထို ၃၅ ဦး၏ ကျောက်တော်မြို့နယ်မှ ၆ မှု၊ ပုဏ္ဏားကျွန်းမှ ၁ မှု၊ ရသေ့တောင်မှ ၁ မှု၊ မင်းပြားမှ ၁ မှု၊ စစ်တွေမှ ၂ မှု၊ အမ်းမှ ၁ မှု၊ ကျောက်ဖြူမြို့နယ်မှ ၂ မှု၊ စုစုပေါင်း ၁၄ မှုကို ရုပ်သိမ်းပေးကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။  

ဘူးသီးတောင်မြို့နယ်တွင် ဒေသခံများ သွားလာနေသည်ကို ၂၀၂၀ ဖေဖော်ဝါရီ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA) 

သို့ရာတွင် ဇူလိုင် ၁၆ ၌ ​​AA နှင့် ဆက်သွယ်၍ ဖောက်ခွဲရေးပစ္စည်းများဖြန့်ဖြူးသည်ဟုဆိုကာ အမျိုးသား ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် မန္တလေးခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အတွက် ရခိုင်နိုင်ငံရေးသမားများနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က ဝေဖန်ခဲ့ကြသည်။

စစ်ကောင်စီ​​နှင့် ပြောပလောက်သည့်​ နားလည်မှုမျိုးမရှိဘဲ ပုံမှန်အပစ်အခတ်ရပ်စဲထားသည့် ​အဆင့်သာရှိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သြဂုတ် ၁၅ တွင် အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက်သွယ်မေးမြန်းခန်းတွင် စစ်တပ်နှင့် ဆက်ဆံရေးအခြေအနေကို ထည့်သွင်းပြောခဲ့သည်။

စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ကမ်းလှမ်းခြင်း၊ အကြမ်းဖက်ဖြင့် တရားစွဲထားသူများကို ပြန်လွှတ်ပေးခြင်းများ ပြုလုပ်နေသော်လည်း AA ၏ ဒေသတွင်းကြီးမားလာသော ဩဇာသက်ရောက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။ 

၁၆၆ ဦး ဆက်အဖမ်းခံထားရ

ထိုသို့ ပြန်လွှတ်ပေးသူများရှိသော်လည်း ၂၀၁၉ နှင့် ၂၀၂၀ အတွင်း ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၀(ဃ)၊ ၅၁(က)၊ ၅၁(ဂ)၊ ၅၂၊ ၅၂(က) ၊ ၅၂(ခ) စသည့်ပုဒ်မများဖြင့် ဒေသခံ  ၁၀၀ ကျော်သည် အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံနေရဆဲဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့စဉ်ကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

စစ်ပွဲကာလ ၂ နှစ်တာကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲ ရောက်နေသည်မှာ ၂ နှစ်ကျော်လာသူတို့ များစွာနစ်နာနေသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

 “AA ကို အမှန်တကယ်လည်း အကြမ်းဖက်အဖွဲ့က ပယ်ဖျက်တယ်ဆိုရင် အကြမ်းဖက်မှုနဲ့ တရားစွဲထားသူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရမယ်။ အဲဒီလိုမဟုတ်ရင် ထောင်ထဲမှာ အကြာကြီးဖမ်းဆီးခံထားရသူတွေအတွက် နစ်နာမှုရှိပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောချင်ပါတယ်”ဟု ဦးမြတ်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ စက်တင်ဘာ ၁၅ အထိ စုစုပေါင်း ၁၆၆ ဦး ကျန်ရှိနေသေးကြောင်း အကျဉ်းသားများကို ကူညီပေးနေသည့် ဝေဟင်အောင်ပရဟိတအဖွဲ့စာရင်းအရ သိရသည်။ ၎င်းတို့မှာ စစ်တွေထောင်တွင် ၅၁ ဦး၊ ကျောက်ဖြူထောင်တွင် ၇၀ ဦး၊ သံတွဲထောင်တွင် ၉ ဦး၊ ဘူးသီးတောင်ထောင်၌  ၅ ဦး၊ မြောက်ဦးအချုပ်ခန်းတွင် ၃၁ ဦး ရှိနေသည်။

ထို့ပြင် ထောင်ထဲတွင် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာလည်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေရပြီး ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာမည့်နေ့ကို စောင့်မျှော်လျက်ရှိနေကြသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကာ ပုဒ်မအလိုက် ထောင်ဒဏ်ကွဲပြားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button