အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုဗစ်နိုင်တင်းကာလ အင်းစိန်ထောင်အခြေအနေ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးမည်

ကိုဗစ်နိုင်တင်းရောဂါ (Covid-19) ကာလ အင်းစိန်ထောင်အတွင်း ကျန်းမာရေးအစီအမံများနှင့် အကျဉ်းသားများလူ့အခွင့်အရေး အခြေအနေများကို ဇူလိုင် ၈ တွင် သွားရောက်စစ်ဆေးမည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောသည်။

ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ဧပြီ ၂၈ မှ ဇူလိုင် ၁ အထိ နှစ်လကြာ ပိတ်ထားခဲ့ပြီး ဇူလိုင် ၂ တွင် ပြန်လည်ခွင့်ပြုလိုက်သဖြင့် လူ့အခွင့်အရေးကော်မရှင်က သွားရောက်စစ်ဆေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။

ရောဂါကူးစက်ဖြစ်ပွားဆဲကာလဖြစ်သဖြင့် အကျဉ်းသားများနှင့် တွေ့ဆုံစစ်ဆေးသည့်ပုံစံသည် ယခင်စစ်ဆေးပုံများနှင့်မတူဘဲ လူစုလူဝေးဖြစ်ပေါ်စေနိုင်သည့် စစ်ဆေးမှုမျိုးကို ရှောင်ရှားစစ်ဆေးမည်ဟု ဦးလှမြင့်က ပြောသည်။

“ဟိုတုန်းကတော့ အကျဉ်းသားတွေနဲ့ တွေ့ပြီး စကားတွေပြော၊ ဘာပြော။ ဒါပေမယ့် အခု အဲ့ဒီပုံစံက နည်းနည်း လုပ်ရခက်မယ်။ Social Distancing (ခပ်ခွာခွာနေခြင်း) ကလည်း လုပ်ဖို့ရှိတော့ အကျဉ်းသားထဲက ကိုယ်တွေ့ချင်တဲ့ သူကိုပဲ လက်ရွေးစင် ရွေးချယ်ပြီး တွေ့ပြီးတော့မေးမယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကော်မရှင်အဖွဲ့ဝင် နှစ်ဦးနှင့် အကြီးတန်းအရာရှိကြီးတစ်ဦး အပါအဝင် စုစုပေါင်း ခြောက်ဦးက ထောင်အတွင်း ကပ်ရောဂါကာလ ကျန်းမာရေးလုပ်ဆောင်ချက်များအပြင် ယခင် ပုံမှန်စစ်ဆေးနေကျ လူ့အခွင့်အရေးချိုးဖောက်မှု ရှိမရှိကိုပါ စစ်ဆေးသွားမည်ဟု ဦးလှမြင့်က ဆိုသည်။

သို့သော်လည်း တွေ့ဆုံစစ်ဆေးမည့် အကျဉ်းသားအရေအတွက်ကိုမူ ကော်မရှင်က ပြောကြားခြင်း မရှိပါ။ 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်၂၀၁၁ မှစ၍ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးဖောက်ဖျက်မှုခံရခြင်း ရှိမရှိ၊ အခြေခံလူ့အခွင့်အရေးများ ရရှိမှုအခြေအနေတို့ကို သွားရောက်စစ်ဆေးခဲ့သည်။  

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပဲခူးတိုင်းရှိ ပြည်အကျဉ်းထောင်နှင့် ပေါင်းတည်အချုပ်ထောင်တို့ကို လည်းကောင်း၊ မတ်လအတွင်းက ကချင်ပြည်နယ်ရှိ ပူတာအိုအကျဉ်းထောင်နှင့် မြစ်ကြီးနားအကျဉ်းထောင်တို့ကိုလည်းကောင်း ကော်မရှင်အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့် ပတ်သက်ပြီး အကျဉ်းသား/သူများအတွက် ချင်း/ ကွမ်းရွက်/ထန်းလျက်ပြုတ်ရေ နေ့စဉ်တိုက်ကျွေးနေပြီး ဆားခတ်ထားသော ရေနွေးပြုတ်ရေဖြင့် တစ်ရက်လျှင် သုံးကြိမ် အာလုပ်ကျင်းစေခြင်း၊ ရေနွေးကြမ်းတိုက်ခြင်းတို့ကိုလည်းဆောင်ရွက်နေသည်ဟု အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

ထို့ပြင် အကျဉ်းသားများ၏ အိပ်ဆောင်များကို နေ့စဉ် ဆေးဖျန်းခြင်း၊ လက်ဆေးဘေစင် ထားပေးခြင်း၊ ကျန်းမာရေးစစ်ဆေး၍ မှတ်တမ်းထားရှိခြင်းတို့ကို ဆောင်ရွက်နေသည်ဟု ပါရှိသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP-B)၏ စာရင်းများအရ အင်းစိန်ထောင်တွင် လက်ရှိ အကျဉ်းသားဦးရေ ၁၁,၀၀၀ ခန့် ရှိနေပြီး လက်ခံနိုင်သော အကျဉ်းသားအရေအတွက်မှာ ၅,၀၀၀ ဖြစ်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အလုပ်အကျဉ်းစခန်း ၉၃ ခုတွင် အကျဉ်းသား ၆၆,၀၀၀ ဦးသာ ထားရှိနိုင်သော်လည်း လက်တွေ့တွင် ထောင်ကျနှင့် အချုပ်ကျအကျဉ်းသား ၉၂,၀၀၀ ကျော် ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP-B) ၏ ၂၀၁၈ ထုတ် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် လူပြည့်ကျပ်ပြီး သန့်ရှင်းမှု မရှိသော အကျဉ်းထောင်များ၌ အကျဉ်းသား လျှော့ချသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဧပြီ ၃ တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles