အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်သားသုံးဦး အဓမ္မပြုကျင့်သည်ဆိုသောအမှု လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အမှုနှင့်ပတ်သက်၍ အရေးယူပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ဇူလိုင် ၁၅ တွင် တိုင်ကြားလိုက်သည်။ 

အဆိုပါအမှုသည် ဇွန် ၂၉ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တွေ အမှတ် (၁ )ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ၊ ပုဒ်မ  ၃၆၆ (အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်ယူမှု) ၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန် အားပေးမှု ) စသည့် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီးလည်းဖြစ်သည်။ 

ပြစ်မှုကျူးလွန်သည့် တရားခံများကို ဖမ်းဆီးအရေးယူပေးနိုင်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကော်မရှင်ထံ တိုင်ကြားရခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတာ ရှိတယ်။ ဆိုတော့ အမှုဖွင့်ထားတာတွေဟာ ပေါ့ပေါ့လျော့လျော့ ပျောက်ကွယ်သွားမှာစိုးလို့ တိုင်ကြားတာဖြစ်တယ်။ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ မပျောက်ကွယ်သွားဘဲနဲ့ မှန်မှန်ကန်ကန် တရားဥပဒေအရ ဆောင်ရွက်ပေးစေချင်ပါတယ် ”ဟု ၎င်းက ဆိုသည်။

ဇွန် ၂၉ ရက်က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ရောက်ရှိလာပြီး အသက် ၃၆ နှစ် အရွယ် ကလေးလေးယောက်မိခင်တစ်ဦးကို တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ပြီး ၎င်း၏သမီးဖြစ်သူကိုလည်း အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု ကာယကံရှင်အမျိုးသမီးက ထုတ်ဖော်ပြောဆိုထားပြီး အဆိုပါကိစ္စမှာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးသည့်သတင်းဟု တပ်မတော်က ဇူလိုင် ၂ တွင် သတင်းထုတ်ပြန်ထားသည်။ 

ရဲစခန်းတွင် အမှုဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကို Myanmar Now က ဆက်သွယ်ရာတွင် “ကျွန်တော်တို့ ဘာမှဆောင်ရွက်စရာ မရှိပါဘူး။ သူတို့တိုင်ကြားတယ်ဆိုရင်လည်း တိုင်ကြားတဲ့အပေါ်မှာ သက်ဆိုင်ရာဥပဒေက သူတို့စုံစမ်းစစ်ဆေးမှုတွေ လိုအပ်သလို လုပ်မှာပေါ့ဗျာ”ဟု ဆိုသည်။

ထပ်မံပြီး စုံစမ်းစစ်‌ဆေးရန် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာတွင် “ဒါလည်း လုပ်ထုံးလုပ်နည်းအရ တစ်ခုခု ဒီလိုမျိုးဖြစ်လာတယ်ဆိုရင် စိစစ်တာတော့ရှိတာပေါ့။ စုံစမ်းစစ်ဆေးတာတော့ရှိတယ်။ ဒါလည်း ကျွန်တော်တို့ သိရသလောက်ကတော့ လတ်တလောအနေအထားအရတော့ ဒါလည်း စွပ်စွဲချက်သက်သက် ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့လည်း စိစစ်ဖော်ထုတ်မှုအပေါ်မှာ မူတည်မှာပေါ့လေ”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် စစ်တွေအမှတ် (၁ ) ရဲစခန်းတွင် ကာယကံရှင်အမျိုးသမီးကိုယ်တိုင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button