သတင်း

ဗိုလ်သံမဏိနှင့် အပေါင်းအပါများကို အမြန်ဆုံးအရေးယူရန် တောင်းဆို

လူပေါင်း ၂၀ ကျော် အသတ်ခံရမှုအတွက် တာဝန်အရှိဆုံးဖြစ်သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်သံမဏိနှင့် အပေါင်းအပါအများကို အမြန်ဆုံးအရေးယူပေးရန် နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်က တောင်းဆိုလိုက်သည်။​

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ဒေသတွင် ပြီးခဲ့သည့်နှစ်မှ ယခုနှစ် မတ်လအထိ ဒေသခံအရပ်သားများနှင့် PDF အဖွဲ့ဝင်များ သတ်ဖြတ်ခံရခြင်းအပေါ် ဗိုလ်သံမဏိအဖွဲ့ကို အရေးယူရန် တောင်းဆိုခြင်းဖြစ်သည်။​

ဒေသခံပြည်သူနှင့် အခြား PDF များအပေါ် ဗိုလ်သံမဏိအဖွဲ့က ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်ကြောင်း အတည်ပြုနိုင်သည့် အချက်အလက်များကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထံ ပေးပို့ပြီးဖြစ်သည်ဟု ဘာသာပေါင်းစုံကွန်ရက်၏ ဧပြီ ၃ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

သို့သော် NUG က အသတ်ခံရသူ ၁၀ ဦးအတွက်သာ စုံစမ်းစစ်ဆေးနေပြီး ကျန်နစ်နာသူ ၁၁ ဦးအတွက်ပါ တရားမျှတမှု ရှာဖွေပေးရန် လိုအပ်နေသည်ဟု ကွန်ရက်ဦးဆောင်ဆရာတော် ဦးဝါယမက မိန့်သည်။

ထို့ပြင် မတ်လအတွင်း စတင်ကြားနာသည်ဟု NUG က ဆိုသော်လည်း ယနေ့ (ဧပြီ ၅) အထိ အရေးယူမှုမရှိခြင်းမှာ မဖြစ်ထိုက်ဟု ဦးဝါယမက မှတ်ချက်ပြုသည်။

“ကျန်ခဲ့တဲ့ မိသားစုတွေက ထွက်ပြေးနေရတယ်။ ခြိမ်းခြောက်ခံနေရတယ်ပေါ့။ အဲဒီလိုပြဿနာမျိုးတွေ ဖြစ်တယ်။ တရားမျှတမှုကို ဖော်ဆောင်လိုက်ရင် ပြည်တွင်းက အဖွဲ့အစည်းတွေမှာ ဒီလိုပြဿနာ ထပ်မတက်လာနိုင်ဘူး။ NUG အနေနဲ့လည်း ဒီပြဿနာတွေကို သွေးအေးနေလို့ မရဘူး။​ မြန်မြန်ဆန်ဆန်ဖြေရှင်းရမယ်”

အသက် ၄၄ နှစ်အရွယ် ဗိုလ်သံမဏိအမည်ခံ ယင်းမာပင်မြို့နယ်မှ သပြေအေးဆရာတော် ဦးသောပါက ဦးဆောင်သော အင်အားရာဂဏန်းရှိ ယင်းမာပင် PDF အဖွဲ့ကျူးလွန်သည်ဟု သတင်းရင်းမြစ်အချို့က Myanmar Now ကို အတည်ပြုထားသည်။

ထိုကျူးလွန်မှုများတွင် တာဝန်အရှိဆုံး ဗိုလ်သံမဏိနှင့် အပေါင်းအပါများကို အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံစေခြင်းဖြင့် နောင်တွင် အလားတူဖြစ်ရပ်ဆိုးများ မပေါ်ပေါက်စေရန် NUG က လက်တွေ့အရေးယူသင့်သည်ဟု ဘာသာပေါင်းစုံကွန်ရက်ကလည်း ကြေညာချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။

“မတရားတာကို တော်လှန်တာ ချစ်ခင်တယ်။ သို့သော် မတရားတာကို တော်လှန်တယ်ဆိုပြီး ကိုယ့်အချင်းချင်း မတရားတာ ပြန်လုပ်တာကိုတော့ လုံးဝမနှစ်မြို့ဘူး” ဟု ဦးဝါယမက မိန့်သည်။

ထို့ပြင် ရဟန်းဝတ်ဖြင့် PDF ခေါင်းဆောင်ဖြစ်သူ ဗိုလ်သံမဏိအမည်ခံ ဦးသောပါကကို ဘာသာပေါင်းစုံကွန်ရက်မှ အပြီးတိုင်ထုတ်ပယ်လိုက်ပြီဟုလည်း ထိုကွန်ရက်က ကြေညာထားသည်။​

“သူ (ဗိုလ်သံမဏိ) ရှေ့က ကောင်းတာတွေ အများကြီးလုပ်ခဲ့တာရှိတယ်။ သို့သော်လည်းပဲ ဒီအချိန်မှာ ဒီဖြစ်ရပ်တွေကို သူ့လက်အောက်ကအဖွဲ့အစည်းတွေ လုပ်တယ်လို့ ထွက်ဆိုထားပေမဲ့လည်း တကယ်တမ်းကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းရမဲ့ကိစ္စတွေဖြစ်တယ်” ဟု ဦးဝါယမက မိန့်သည်။

ယင်းမာပင် PDF သတ်ဖြတ်လိုက်သူ ၂၁ ဦး၏ မိသားစုဝင်များ မည်သို့ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်ကို ဦးဝါယမက အသေးစိတ်ထုတ်မပြောသော်လည်း ၎င်းတို့၏ လူမှုဘဝနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများပေးနိုင်ရန် ကွန်ရက်က တာဝန်ယူစီစဉ်နေသည်ဟု သိရသည်။

ဗိုလ်သံမဏိအဖွဲ့က သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ နေရာများ။ ဒီဇိုင်း-Myanmar Now

ယင်းမာပင်မြို့နယ်၊ လာဘို့ရွာမှ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အွန်လိုင်းမှတစ်ဆင့် အပြီးသတ်စုံစမ်းစစ်ဆေးမှုများ ပြီးစီးပြီဟု NUG တရားရေးဝန်ကြီး ဦးသိန်းဦးက မတ် ၂၈ ရက်တွင် Myanmar Now ကို ပြောထားသည်။

လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီကို ရက်ပိုင်းအတွင်း တင်ပြ၍ ဗိုလ်သံမဏိအဖွဲ့ကို အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုထားသည်။

သို့သော် သီးတင်းတစ်ပတ်ကျော်ကြာသည်အထိ ဗိုလ်သံမဏိအဖွဲ့အပေါ် အရေးယူရန်ကိစ္စ ရှင်းလင်းစွာ မသိရသေးပေ။

ယင်းနှင့်စပ်လျဉ်း၍ ဦးသိန်းဦးနှင့် NUG ကာကွယ်ရေးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်ထံ ဆက်သွယ်မေးမြန်းနေသော်လည်း ယနေ့မွန်းလွဲပိုင်းအထိ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။

မတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည့် တရားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်မူ အပြစ်မဲ့အရပ်သားများကို အသက်အန္တရာယ်ပြု၊ သတ်ဖြတ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ဟု ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ဖြစ်ပြီးတော့ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်ကလည်း မတ် ၂၁ ရက်တွင် Myanmar Now ကို ပြောထားသည်။

“ဒါကြောင့်မို့ ပြည်သူတွေကို ထိခိုက်စေတဲ့ကိစ္စမျိုးတွေ၊ တော်လှန်ရေးရဲဘော်ရဲဘက်ချင်း ထိခိုက်အောင်ဖြစ်မဲ့ကိစ္စမျိုးတွေကိုတော့ လုံးဝ လက်ခံမှာမဟုတ်” ဟု ဦးနိုင်ထူးအောင်က ဆိုထားသည်။

၁၀ ဦးသတ်ဖြတ်ခံရသည့် အမှုအတွက် ကနဦးကြားနာစစ်ဆေးခဲ့ရာ မှားယွင်းစီရင်ခြင်းခံထားရသည်ကို တွေ့ရှိရသည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

NUG က စစ်ဆေးပြီးပြီဟု ဆိုထားသည့် အမှုမှာ ယင်းမာပင်မြို့အနောက်ဘက် ၈ မိုင်ကျော်အကွာရှိ လာဘို့ရွာမှ Hero Tiger Force အမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) မှ ၆ ဦး၊ အရပ်သား ၂ ဦး၊ မီးသတ်သမား ၂ ဦးတို့ ၂၀၂၁ နိုဝင်ဘာတွင် သတ်ဖြတ်ခံရသည့် ကိစ္စဖြစ်သည်။

ဗိုလ်သံမဏိအဖွဲ့က သတ်ဖြတ်ခဲ့သူများ။

စစ်ဆေးခံရခြင်းမရှိသေးသည့် ဗိုလ်သံမဏိ၏ အမှုများတွင် ယင်းမာပင်မြို့အနောက်ဘက် ၆ မိုင်ဝန်းကျင်အကွာ ဇီးတောရွာတွင် ၂၀၂၁ အောက်တိုဘာလအတွင်းက ချေးငွေထုတ်ပြန်လာသည့် ဒေသခံအမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပါဝင်သည်။

NUG က ပြုလုပ်ပြီးဖြစ်သည့် ကြားနာမှုများတွင် ပူးပေါင်းပါဝင်ခဲ့ပြီး သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်း မရှိဟု ငြင်းဆိုထားသည့် ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ(ခ) ဦးသောပါကကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

မတ် ၂၁ ရက်တွင် တယ်လီဖုန်းဖြင့် အဆက်အသွယ်ရခဲ့စဉ်ကမူ ထိုမတိုင်မီကမှ လူဝတ်လဲထားသည့် ဦးထွန်းဦး (ခ) ဗိုလ်သံမဏိက ၎င်းကို လူသတ်မှုဖြင့် စွပ်စွဲမှုများသည် လူထုထောက်ခံမှုကျအောင် လုပ်ခြင်းသာဖြစ်သည်ဟု Myanmar Now ကို မှတ်ချက်ပြုထားသည်။

“အဲဒီလိုမျိုးအဖြစ်အပျက်တွေ ဖြစ်သွားတယ်ဆိုတာ ဟုတ်တယ်။ ဖြစ်ပျက်သွားတာတော့ ဟုတ်တယ်။ သတ်တဲ့ကိစ္စကို ဗိုလ်သံမဏိက ဟေ့ သတ်လိုက်။ သတ်တဲ့ကိစ္စကို ငါတာဝန်ယူတယ်လို့ ပြောတာမဟုတ်ဘူး” ဟု ဗိုလ်သံမဏိက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button