အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြဝတီမြို့မှ သတင်းထောက်တစ်ဦး ပုဒ်မ ၅၀၅ နှင့် အမှုဖွင့်ခံရ

သတင်းသမားများ ထောင်ဒဏ်ချမှတ်ခံရမှု ခပ်စိပ်စိပ်ဖြစ်လာချိန်တွင်ပင် ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနေနော် (ခ) မျိုးနောင်နောင်ဇော်ကို မြဝတီရဲစခန်းက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။ 

ကိုနေနော်သည် မတ်လ ၂၇ ရက်က “အာရှလမ်း (မြဝတီ-ကော့ကရိတ်လမ်း) တောနော်ရေတံခွန်အနီး ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရပြီး လက်ရှိမှာ တိုက်ပွဲပြင်းထန်နေ” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆိုသည်။ 

ကိုနေနော်သည် မတ်လ ၂၈ ရက်က ဖမ်းဆီး အမှုဖွင့်ခံရကြောင်းကို သူရိန်မင်းထွန်း (Thurein Min Tun) ဆိုသူ၏ လူမှုကွန်ရက် Facebook တွင် မတ်လ ၂၉ ရက်က ရေးသားထားခြင်းကြောင့် သိရှိရသည်ဟုလည်း ၎င်းက ပြောသည်။ 

“ဒီသတင်းဟာ ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ရေးသားတဲ့သတင်းပဲဆိုပြီးတော့မှ မတိကျမမှန်ကန်တဲ့သတင်းကို ရေးသားတယ်ဆိုပြီး ပုဒ်မ ၅၀၅-က တပ်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မတ်လ ၂၈ ရက်နေ့က မြဝတီရဲစခန်းက ကိုနေနော်ကို နှစ်ကြိမ်တိုင်ခေါ်ယူခဲ့ပြီး ပထမတစ်ကြိမ် မသွားဖြစ်ကြောင်း၊ မွန်းလွဲ ၁ နာရီခန့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းသို့ သွားရောက်ရာတွင် ပြန်မလွှတ်တော့ဘဲ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ကိုနေနော် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရဘဲ မိသားစုဝင်နှင့် တွေ့ခွင့်မပေးဟုလည်း ဆိုသည်။ 

ကိုနေနော်သည် ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် KIC သို့ အလွတ်တန်းသတင်းသမားအနေဖြင့် သတင်းရေးသားပေးပို့နေသော သတင်းထောက်တစ်ဦးဖြစ်ကြောင်း KIC သတင်းဌာန အယ်ဒီတာချုပ် နန်းဖောဂေက ပြောသည်။

“ကျွန်မတို့တိုက်ကို ပို့တဲ့သတင်းတွေမှာတော့ အချက်အလက်ပေါ်မှာပဲ ရေးသွားတာချည်းပဲ တွေ့ရတယ်။ အဖြစ်အပျက်ပေါ်မှာပဲ သူရေးတာ။ ဘယ်သူဘယ်ဝါ (ကို) ယိုးစွပ်မှုတွေ၊ စွပ်စွဲချက်တွေ မတွေ့ရဘူး” ဟု ပြောသည်။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၁၅ ဦး အဖမ်းခံခဲ့ရပြီး လက်ရှိတွင် ၃၉ ဦး ဆက်လက် အကျဉ်းချခံနေရကြောင်း၊ စစ်ကြောရေးနှင့် တိုက်ပွဲများအတွင်း သတင်းသမားသုံးဦး သေဆုံးခဲ့ကြောင်း သတင်းထောက်များ ပြုစုထားသည့် စာရင်းအရ သိရသည်။ 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် The Committee to Protect Journalists (CPJ) ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာကြောင်း သိရသည်။   

အာဏာသိမ်းစစ်ကောင်စီသည် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများကို အရေးယူလိုပါက ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုလေ့ရှိသည်။ 

ယခု ကိုနေနော်ကို တရားစွဲဆိုထားသည့် ၅၀၅(က) ပုဒ်မသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အများဆုံးထုတ်သုံးခဲ့သည့် ပုဒ်မတစ်ခုဖြစ်သည်။ 

ပုဒ်မ ၅၀၅ ကို ၂၀၂၁ ဖေဖော်ဝါရီ ဒုတိယပတ် (အာဏာသိမ်းအပြီး နှစ်ပတ်အကြာ) တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဆင်ခဲ့သည်။ 

“တပ်မတော်အပေါ်တွင် မေတ္တာပျက်ရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်” ကြိုးစားခြင်း “အများပြည်သူ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းဖြန့်ဝေခြင်း” တို့သည် ပြစ်မှုမြောက်ကြောင်း ပြင်ဆင်ခဲ့သည်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၁၃၁၅ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP ၏ မတ်လ ၃၀ ရက်စာရင်းများတွင် ဖော်ပြသည်။ 

ယခုလအတွင်း စစ်ကောင်စီသည် Mandalay Free Press နှင့် မြန်မာသံတော်ဆင့်သတင်းဌာနတို့မှ သတင်းသမား ၂ ဦးကို မတ် ၂၃ တွင် ထောင် ၂ နှစ်စီ ချလိုက်သကဲ့သို့ မတ်လ ၂၂ ရက်ကလည်း မဇ္ဈိမအယ်ဒီတာ ကိုသန်းထိုက်အောင်ကို ထောင်ဒဏ် ၂ နှစ်ချခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles