သတင်း

မဇ္ဈိမအယ်ဒီတာ ကိုသန်းထိုက်အောင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုသန်းထိုက်အောင်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ယနေ့ (မတ် ၂၂) တွင် ဆူပူအောင်သွေးထိုးလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က နှင့် ထောင် ၂ နှစ် ချလိုက်သည်ဟု တရားရုံးသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။ 

ကိုသန်းထိုက်အောင်က သူ့တွင် အပြစ်မရှိကြောင်း ပြီးခဲ့သည့်တရားခွင်စစ်မေးချက်များတွင် လျှောက်လဲခဲ့လင့်ကစား ထောင်ချလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“တရားသူကြီးက ကိုသန်းထိုက်အောင်ကို ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ အမိန့်ချလိုက်တယ်” ဟု ၎င်းက ပြောသည်။

အမှုတွင် တရားလိုမှာ ဇဗ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်း ဒုရဲမှူးသိန်းဌေးဖြစ်ပြီး ဆွဲချဟု အများက ခေါ်ဆိုကြသည့် ဥပဒေအရာရှိမှာ ဦးထက်ပိုင်ဦးဖြစ်ကြောင်း၊ အမိန့်ချသော တရားသူကြီးမှာ ဒေါ်အေးမိသူဖြစ်ကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။  

၅၀၅-က ပုဒ်မသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။

ချုပ်ရက်ခံစားခွင့်ရှိသည်ဟု စီရင်ချက်တွင် ဖော်ပြထားသောကြောင့် နေပြည်တော်အချုပ်ထောင်တွင် ၁ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသော ကိုသန်းထိုက်အောင်သည် နောက်ထပ် ၁ နှစ်ကြာ အကျဉ်းစံဘဝဖြင့် နေရဦးမည်ဖြစ်သည်။  

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန် ရုံးထုတ်ကို သတင်းယူနေသော ကိုသန်းထိုက်အောင်သည် ၂၀၂၁ မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။ 

ဖမ်းဆီးခံရသည့် ကနဦးရက်များတွင် စစ်ကောင်စီတပ်သားတို့က နှိပ်စက်ကြသည်ဟု ကိုသန်းထိုက်အောင်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ထို့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သူ၏လူမှုကွန်ရက်ပေါ်တွင် လက်သုံးချောင်းထောင်ထားသည့် ပုံနှင့်တကွ စာရေးကာ ပို့စ်တင်ခဲ့သည်၊၊ ဝန်ထမ်းများ အာဏာဖီဆန်ကြရန် လှုံ့ဆော်သည်ဟု စွပ်စွဲ အမှုဖွင့်ခံခဲ့ရသည်။

မိသားစုတွင် တစ်ဦးတည်းသောသားဖြစ်ပြီး ရပ်ဝေးတွင်နေထိုင်သော မိဘများက အသက်ခြောက်ဆယ်ကျော်အရွယ်များဖြစ်ကြပြီး ဝင်ငွေအရနည်းသည့် အဝတ်လျှော်သည့် လုပ်ငန်းကို လုပ်ကိုင်ကြသည်။

ကုန်ကျစရိတ်ကြီးလွန်းလှသော်လည်း နေပြည်တော်သို့ တစ်ကြိမ်လာရောက်ကာ ရုံးချိန်းတစ်ခုတွင် တွေ့ဆုံခွင့်ရခဲ့သည်။ မိသားစုများသည် နောက်တစ်ကြိမ် ရုံးထွက်ရက်များတွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေသော်လည်း အာဏာပိုင်များက အွန်လိုင်းရုပ်သံစနစ်ဖြင့်သာ ရုံးထုတ် စစ်ဆေးသည်။ ထိုကဲ့သိုလုပ်ဆောင်ပြီး ၆ လ ကျော်အကြာတွင် ပုံမှန်အတိုင်း ရုံးပြန်လည်ထုတ်ကာ စစ်ဆေးခဲ့သည်။  

မတ်လ ၂၁ ရက်ကလည်း ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ၊ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် ညှဉ်းပန်းခဲ့သူ ကိုဟံသာညိန်းလည်း အလားတူပုဒ်မနှင့်ပင် ထောင်၂ နှစ် ချခံရသည်။ 

၎င်းတို့နှစ်ဦးလုံးကို စစ်ကောင်စီက အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်း မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ် ထောင်ဒဏ် စီရင်လိုက်ခြင်းဖြစ်သည်။ 

အထူးကိုယ်စားလှယ်သည် မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် အာဆီယံအသင်းက ခန့်ထားသူဖြစ်ပြီး သူ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းမှု ဆန့်ကျင်သူများက မျှော်လင့်ချက်မထားကြပေ။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၃၀ ကျော် အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်ထိ ၅၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေအနေများကို စာရင်းပြုစုနေသည့် Detained Journalists Group အဖွဲ့က ထုတ်ပြန်ထားသည်။ 

Frontier Myanmar သတင်းဌာနတွင် လုပ်ကိုင်ခဲ့သူ အမေရိကန်နိုင်ငံသား Danny Fenster သည် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။ သတင်းသမားများတွင် ထောင်ဒဏ် အများဆုံးချမှတ်ခံရသည့် သူ့ကို စစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာလအတွင်း စီရင်ချက်ချပြီး ရက်များမကြာမီတွင် ပြန်လွှတ်ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button