သတင်း

အကျင့်ပျက်ခြစားမှုများ စစ်ဆေးပေးရန် ၆ လအတွင်း တိုင်စာ ၃၉၀၀ နီးပါးရှိ

(နေပြည်တော်) – အကျင့်ပျက်ခြစားမှုများကို စစ်ဆေးပေးရန် ၆လအတွင်း တိုင်စာ ၃၉၀၀နီးပါး လက်ခံရရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော်တွင် ယနေ့ (ဇွန်လ၉ရက်)နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တိုင်စာထက်ဝက်ခန့်ကိုသာ စုံစမ်းစစ်ဆေးရန် စီစဉ်နိုင်ခဲ့ပြီး ကျန်ထက်ဝက်ခန့်သည် ကော်မရှင်နှင့်မသက်ဆိုင်သဖြင့် ပယ်ချခဲ့ရကြောင်း ကော်မရှင်အတွင်းရေးမှဴးက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာပို့ပါက တိကျခိုင်လုံသောအချက်များ၊ အဂတိနှင့် သက်ဆိုင်သည့်အကြောင်းအရာများကိုသာ အဓိကထားတိုင်ကြားပေးရန် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဇွန် ၉ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့က တိုင်ကြားမှုပေါ်အခြေခံပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တိုင်ကြားစာဟာ တိကျဖို့လိုတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ဆိုင်တဲ့ဟာကိုပဲ တိုင်စေချင်တယ် ” ဟု ၎င်းက ဆိုသည်။

ကော်မရှင်အဖွဲ့၏ ခြောက်လသက်တမ်းအတွင်း တိုင်ကြားစာ ၃၈၉၈ ကို လက်ခံရရှိခဲ့သော်လည်း ကော်မရှင်နှင့် မသက်ဆိုင်သည့်အတွက် တိုင်ကြားစာပေါင်း ၂၀၅၇ မှုကို ပယ်ခဲ့ရသည်ဟု ကော်မရှင်အတွင်းရေးမှူး ဦးသန်းအေးက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၂၈(က) တွင် ခိုင်လုံသောအထောက်အထား မပေါ်ပေါက်ဟု ယူဆပါက စွပ်စွဲတိုင်တန်းချက်ကို ပယ်နိုင်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည် ။

Show More

Related Articles

Back to top button