သတင်း

အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ဖမ်းခံရသည့် အကောက်ခွန်ဝန်ထမ်း ၁၂ ဦးကို ရာထူးမှ ယာယီရပ်ဆိုင်း

ပြည်ပမှ တင်သွင်းလာသော ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် ငွေကြေး ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က အမှုဖွင့်ထားသော အကောက်ခွန်ဦးစီးဌာနမှ အကြီးတန်းအရာရှိများအပါအဝင် ဝန်ထမ်းစုစုပေါင်း ၁၂ဦးကို ရာထူးမှ ယာယီရပ်ဆိုင်းထားကြောင်း သိရှိရသည်။

 “ဝန်ထမ်းတွေက အရေးယူခံရတာဖြစ်တဲ့အတွက် တာဝန်ကနေ ယာယီ ရပ်ဆိုင်းထားတယ်။တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးပြီးတော့မှ လွတ်ကင်းတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင်တော့ တာဝန်ကို ပြန်လည်ထမ်းဆောင်ခွင့်ရမှာပါ။ဌာနတွင်းအမိန့်တွေကတော့ ဌာနရဲ့အကြီးအကဲက ထုတ်ပြန် ပါမယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြည်ပမှ တင်သွင်းလာသော ယာဉ်များကို  ရန်ကုန်ဆိပ်ကမ်း၌ ထုတ်ယူရာတွင် ငွေကြေး ရယူသည့်အကောက်ခွန်ဦးစီးဌာန မှ အရာထမ်း၊ အမှုထမ်း ၁၂ဦးကိုထောင်ဒဏ် ၁၀နှစ်ထိ အမြင့်ဆုံးချမှတ်ခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် ဇူလိုင်လ ၁၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ သီလဝါနယ်မြေရဲစခန်းတွင်အမှုဖွင့်ခဲ့သည်။

ထိုနေ့တွင်ပင် ဖမ်းဆီးခံခဲ့ရသည့် အရာထမ်း၊ အမှုထမ်း ၁၂ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တရားရုံးတွင် ရီမန်ယူ ရုံးထုတ်ခဲ့သည်ဟု သိရသည်။

Delivery Van မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှ တစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ မူဝါဒသတ်မှတ်ချက်နှင့်မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေး ပေး၍ ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားစာရပြီးနောက် စမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုအား ယခုနှစ် မေလအကုန်၊ ဇွန်လဆန်းတွင် စတင်ခဲ့ပြီး၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဇူလိုင်လတွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က Myanmar Now ကို ဇူလိုင် ၁၇ရက်တွင် ပြောကြားသည်။

“ကော်မရှင်အနေနဲ့က ရဲစခန်းမှာ အမှုဖွင့်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ သက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးရတဲ့အဆင့်တွေ ရှိဦးမှာပါ။ တကယ်လို့ အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက် ရင်တော့ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ပြစ်ဒဏ်ကျခံရမှာပါ” ဟု ဒေါ်လဲ့လဲ့သွင်ကပြောသည်။

တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရာတွင် ပထမအကြိမ်တင်သွင်းသော Delivery Van ၃ စီးကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ Model Year စိစစ် အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက်အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ငွေကျပ် ၈ သိန်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ် ၄ သိန်း၊ လေလံပယ်ဖျက်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက်အကောက်ခွန်မှူးနှင့် ဒုလက်ထောက် အကောက်ခွန်မှူးတို့က ငွေကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု ပါရှိသည်။

ယင်းသို့ စစ်ဆေးပေါ်ပေါက်သဖြင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီး အရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက်အကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ Delivery Van များဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများ၏ ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့် စပ်လျဉ်း ၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက်ဝန်ထမ်းများက အဂတိလိုက်စားမှု ဖြစ်စဉ်များ အပေါ် ပူးပေါင်းကြံစည် အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော် နှင့် ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့ကို အရေးယူပေးပါရန် ကော်မရှင်က သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ရန်ကုန်ရှိ သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာန သို့ Myanmar Now က ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ မရပေ။

အကောက်ခွန်ဌာနမှ ဝန်ထမ်းခုနစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ အကြီးတန်းအရာရှိ ငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း အရေးယူပေးပါရန် ကော်မရှင်က ဇူလိုင် ၁၆ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို တစ်ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပုဒ်မ ၆၃ အရ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလျှင် ဖြစ်စေ ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင် ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Show More

Related Articles

Back to top button