သတင်း

တိုက်ပွဲရှိရာ ဒီးမော့ဆိုတွင် အိုမီခရွန်ကူးစက်မှု မြင့်တက်နေ

စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကယားပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများနှင့် ကျေးရွာများတွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါပိုးတစ်မျိုးဖြစ်သည့် အိုမီခရွန်ကူးစက်မှု မြင့်တက်နေသည်။​

တိုက်ပွဲများရှိနေဆဲဖြစ်သော ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းနှင့် ကျေးရွာများတွင် အိုမီခရွန်ကူးစက်မှုလက္ခဏာ စတင်တွေ့ရှိရသည်မှာ တစ်လကျော်ရှိပြီဖြစ်ကြောင်း ဒေသခံအဖွဲ့အစည်းအချို့က ဆိုသည်။

ကူးစက်မှုနှုန်း အလွန်မြင့်မားသည့် အိုမီခရွန်ကို တောင်အာဖရိကတိုက်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ငါးခုမြောက် မျိုးရိုးဗီဇပြောင်းကိုဗစ်ရောဂါပိုးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ခက်တာက ကျွန်တော်တို့က Test Kits နဲ့ မစစ်တဲ့အခါမှာ ဘယ်လောက်စစ်ပြီး ဘယ်လောက် (Positive) ထွက်လည်းဆိုတာ ပြောလို့မရဘူးဖြစ်နေတယ်”

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

ကိုဗစ်စတုတ္ထလှိုင်းတွင် ဖေဖော်ဝါရီလဆန်းမှစ၍ နေ့စဉ်ပိုးတွေ့နှုန်း (အိုမီခရွန်အပါအဝင်) မြင့်တက်ခဲ့သော်လည်း မတ်လဆန်းပိုင်းတွင် စတင်ကျဆင်းလာကြောင်း စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီးက ယခုလ ၉ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ကြီးဖြစ်လာသူ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ နေ့စဉ် ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုမှာ ၅၀၀ ဝန်းကျင်အထိ ရှိနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးများနှင့် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲကြောင့် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲသော ကယားပြည်နယ်ကဲ့သို့သော ဒေသများတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ပုံမှန်ထက်များပြားနိုင်သည်။​

လက်ရှိတွင် ကျေးရွာများအပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများခိုလှုံရာ စခန်းများတွင်လည်း လူဦးရေထက်ဝက်ခန့် အိုမီခရွန်ကူးစက်နေသည်ဟု ဒီးမော့မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နွေဦးဂုရုလေးများကိုဗစ်စင်တာ တာဝန်ခံက ပြောသည်။​

“ခက်တာက ကျွန်တော်တို့က Test Kits နဲ့ မစစ်တဲ့အခါမှာ ဘယ်လောက်စစ်ပြီး ဘယ်လောက် (Positive) ထွက်လည်းဆိုတာ ပြောလို့မရဘူးဖြစ်နေတယ်” ဟု ထိုတာဝန်ခံက Myanmar Now ကို ပြောသည်။​

“မိုးဗြဲတိုက်ပွဲမတိုင်ခင်က ကျွန်တော်တို့ ဝယ်လို့ရတယ်။ မိုးဗြဲတိုက်ပွဲဖြစ်ပြီးတဲ့နောက် ဘာမှကို ဝယ်လို့မရတာ။ အခုက ချောင်းဆိုးပျောက်ဆေးနဲ့ ဘိုင်အိုဂျက်ဆစ်ရယ်၊ ပါရာရယ် အဲလောက်ပဲရှိတော့တယ်”

ရာသီတုပ်ကွေးဖြစ်ပွားလေ့မရှိသော အချိန်ကာလဖြစ်သောကြောင့် သုံးရက်ခန့် အပြင်းအထန်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများအရ အိုမီခရွန်ဟု သတ်မှတ်လိုက်သည်ဟုလည်း ၎င်းက ဆိုသည်။​

“Test Kits က ဈေးကြီးတယ်။ လမ်းကြောင်းမရှိတော့ သယ်ရတာ မလွယ်တော့ဘူး။ လမ်းကြောင်းက အကုန်ပိတ်သွားပြီ။ ပြီးတော့ ခုနကပြောတဲ့ ပိုက်ဆံ၊ ရန်ပုံငွေပေါ့၊ ဘတ်ဂျက်မရှိတော့ အဲ့လောက်အများကြီး ကျွန်တော်တို့ မစစ်နိုင်တော့ဘူး” ဟု ပြီးခဲ့သည့်နှစ်အတွင်း စတင်ဖွင့်လှစ်ခဲ့သော ကိုဗစ်စင်တာ၏ တာဝန်ခံက ပြောသည်။​

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နွေဦးဂုရုလေးများကိုဗစ်စင်တာမှ တာဝန်ရှိသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ယခုလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – Nway Oo Guru Lay Myar Facebook)

ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ဖေဖော်ဝါရီလလယ်၌ တိုက်ပွဲစဖြစ်ချိန်မှစ၍ လမ်းကြောင်းပိတ်သွားခြင်းဖြစ်ရာ ကိုဗစ်ရောဂါပိုးစစ်ဆေးသည့်ကိရိယာအပါအဝင် ဆေးဝါးများ လုံးဝဝယ်မရတော့ကြောင်း ကရင်နီဒေသ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီပေးနေသည့် ကွန်ရက်တာဝန်ခံတစ်ဦးက ပြောသည်။

“မိုးဗြဲတိုက်ပွဲမတိုင်ခင်က ကျွန်တော်တို့ ဝယ်လို့ရတယ်။ မိုးဗြဲတိုက်ပွဲဖြစ်ပြီးတဲ့နောက် ဘာမှကို ဝယ်လို့ မရတာ။ အခုက ချောင်းဆိုးပျောက်ဆေးနဲ့ ဘိုင်အိုဂျက်ဆစ်ရယ်၊ ပါရာရယ် အဲလောက်ပဲရှိတော့တယ်” ဟု ၎င်းက ပြောသည်။​

စစ်ကောင်စီက ကယားပြည်နယ်ကို တစ်ကျော့ပြန်ထိုးစစ်တိုက်ခိုက်လာရာ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများအပြင် အရပ်သားများကိုပါမချန် လက်နက်ကြီးမျိုးစုံဖြင့် အသုံးပြုတိုက်နေဆဲဖြစ်သည်။

လူဦးရေ ကိုးသောင်းနီးပါးရှိ ဒီးမော့ဆိုမြို့နယ်၌ ခုနှစ်သောင်းခန့်မှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်နီပြည်အရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ရှောင်စခန်း ၁၅ ခုရှိပြီး စခန်းတစ်ခုစီတွင် လူဦးရေ ၅၀၀ မှ ၆၀၀ အထိရှိကြောင်း၊ ကျန်ဒေသခံများမှာ တောတောင်ထဲတွင် ဖြစ်သလိုရှောင်တိမ်းနေကြရပြီး ကယားပြည်နှင့် ထိစပ်နေသော ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် အနောက်ဘက် ကယန်းဒေသတွင် ခိုလှုံနေရသူများရှိသည်ဟုလည်း ကွန်ရက်တာဝန်ခံတစ်ဦးက ဆိုသည်။​

စစ်ကောင်စီထိုးစစ်ကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရသူများ ရှိလာပြီး ခိုလှုံစရာနေရာပင် ရှားပါးလာသည်ဟု အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ဟု လူအများခေါ်ဝေါ်သုံးစွဲလာသည့် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးပြည်နယ်မှ ဒေသခံတို့က ဆိုသည်။​

ဒီးမော့ဆိုတစ်မြို့နယ်လုံးနီးပါး စစ်ဘေးဒဏ်ခံနေရသည့်အတွက် လမ်းခရီးပိုမိုခက်ခဲသော မြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့နှင့် အရှေ့ဘက်ရှိ ရွာအနည်းငယ်တွင် ခိုလှုံနေရကြရသည်။ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၀ ခန့်ရှိသည်ဟု သိရသည်။

ယခုလဆန်းပိုင်းတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါပေါ်ကူးစစ်ဘေးရှောင်စခန်းမှ ဖရူဆိုမြို့နယ်သို့ ပြောင်းရွှေ့သွားသည့် အမျိုးသမီးတစ်ဦးကမူ ၎င်းတို့စခန်းတွင် နှာစေးချောင်းဆိုးသူ အများအပြားရှိသော်လည်း ကိုဗစ်ရောဂါဟု မထင်ကြောင်းပြောသည်။

“ကျွန်မတို့ဘက်မှာတော့ (ကိုဗစ်) စစ်တာ မရှိဘူး။ တစ်ခါတလေလည်း ချိတ်ဆက်မိတာရှိရင် သူတို့လာကြည့်ပေးတယ်။ အခု ကျွန်မတို့ရောက်တာ နှစ်ပတ်ပေါ့နော်။ ကျန်းမာရေးပိုင်းမှာ တစ်ခါပဲ ရောက်လာတာ။ အဲဒါ ပါရာ (အကိုက်အခဲပျောက်ဆေး) တို့ ဘာတို့ပဲ ပါတာပေါ့” ဟု ထိုအမျိုးသမီးက ဆိုသည်။

ဝေးလံခေါင်ဖျားသဖြင့် အလှူရှင်များထံမှ ရိက္ခာများ ရောက်မလာတော့ကြောင်းလည်း ၎င်းက ပြောသည်။​ “တော်တော်လဲ ဝေးတယ်လေ။ ကိုယ်ချင်းလည်းစာပါတယ်။ အလှူရှင်တွေရာ ကျန်းမာရေးဘက်ကရော တစ်ခါတစ်ခါ လာဖို့က မလွယ်ဘူးလေ”

ဒေါပေါ်ကူးစစ်ရှောင်စခန်းအနီး ယခုလဆန်းပိုင်းက လက်နက်ကြီးကျည်ကျသဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိ စစ်ဘေးရှောင်များ တကွဲတပြားစီ ဖြစ်ကုန်ကြသည်။ စစ်ကောင်စီက ဘာသာရေးအဆောက်အအုံနှင့် စစ်ဘေးရှောင်စခန်းများပါမကျန် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေသည်။

ကယားပြည်နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၂၂၁ ဦး သေဆုံးပြီး နေအိမ် ၆၄၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၀ လုံး ပျက်စီးဆုံးရှုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။​

အိုမီခရွန်ကူးစက်သူများသော်လည်း ရောဂါမပြင်းထန်၊ လူအသေအပျောက်လည်း မရှိသဖြင့် ဖျားနာသူများကို အိမ်တွင်နေပြီး ဆေးသောက်ရန်သာ မှာထားသည်ဟု နွေဦးဂုရုလေးများကိုဗစ်စင်တာ တာဝန်ခံက ပြောသည်။​

“စစ်ဘေးရှောင်တွေက အခုဆို အကုန်လုံးရွှေ့ရတဲ့အတွက် ကူးစက်မှုနှုန်းပိုများတယ်။ တစ်နေရာက တစ်နေရာ အမြဲတမ်းရွှေ့ရတဲ့အတွက် ကျွန်တော်တို့ ထိန်းချုပ်လို့ မရဘူး။ ကိုယ်ခံအားစနစ်ရအောင်ပဲ လုပ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။​

ပြည်နယ်မြို့တော် လွိုင်ကော်၌မူ တိုက်ပွဲများငြိမ်သက်သွားသည့် ဖေဖော်ဝါရီလဆန်းမှစ၍ ကိုဗစ်ပိုးတွေ့ရှိမှုမှာ ၂၀ ကျော်မှ ၇ ဦးခန့်အထိသာ တွေ့ရတော့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။

“လုံခြုံရေးအရ သွားပြီးမစစ်နိုင်ပေးနိုင်တဲ့ နေရာတွေလည်း ရှိမှာပေါ့။ စာရင်းအတိအကျ မသိရဘူး။ အများအားဖြင့် လွိုင်ကော်မြို့ပေါ်က စာရင်းလောက်ပဲ ကျွန်တော်တို့ သိရတာဗျ“ ဟု ထိုပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပြည်နယ်ကျန်းမာရေးဌာနက စစ်ဆေးရာတွင်လည်း ဆေးရုံတက်သည့် လူနာနှင့် ခွဲစိတ်လူနာအချို့ကိုသာ စစ်ဆေးပေးလေ့ရှိကာ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ရှိ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ငါးရက် သီးသန့်ခွဲထားလေ့ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။​

“ဆရာဝန်တို့ သူနာပြုတို့ ဝန်ထမ်းအင်အား အလုံအလောက်မရှိဘူး။ ကိုဗစ်နဲ့ ပတ်သက်ပြီး အရေးပေါ်တစ်ခုခုဖြစ်ရင် ဖုန်းနဲ့ပဲ ပြောပေးရတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ။ ညဘက်ဆိုရင်လည်း လုံခြုံရေးအရ သွားလို့မရဘူး။ မနက်မိုးလင်းတဲ့အချိန်မှပဲ ဆေးရုံပို့ပေါ့”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button