
ရန်ကုန် – အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အမှု၌ တရားလိုကို အပြန်အလှန် စစ်မေးရာတွင် လွတ်လပ်ပြီး အဆင်ပြေမှုရှိကြောင်း ဒေါက်တာသန်းထွဋ်၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက မီဒီယာများကို မေ ၁၁ ရက်နေ့တွင် ပြောသည်။
မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်၌ ဒုတိယအကြိမ် ရုံးထုတ်အပြီးတွင် ၎င်းက မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ကတော့ ဘောင်အတွင်းကနေ ဥပဒေအရလွတ်မြောက်ကြောင်း၊ သက်သာရာ သက်သာကြောင်းကို အစွမ်းကုန် ချေပပေးမှာပါပဲ။ ဒါကလည်း သူ့ရပိုင်ခွင့်ပါပဲ။ အမှုစစ်ရတာကတော့ အင်မတန် လွတ်လပ်ပြီးတော့ အဆင်ပြေပါတယ်” ဟု ဦးချစ်ကိုကိုက ဆိုသည်။
ယနေ့ရုံးထုတ်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားခွင် (၂) တရားသူကြီးဒေါ်ညိုညိုဝင်းက တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းအား လိုပြသက်သေသွင်းမှုနှင့်အတူ အမှုကို ဆက်လက်စစ်ဆေးခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းကို ယခုလ ၁၈ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။ တရားလိုပြသက်သေ ၃၆ ဦးအထိ ရှိသည်ဟု သိရသည်။
တရားစွဲခံထားရသူ ဒေါက်တာသန်းထွဋ်ကမူ အလွဲသုံးစားလုပ်ခြင်း မဟုတ်ဟု ငြင်းဆိုသွားသည်။
‘‘ကျွန်တော့်ကို အဂတိလိုက်စားတယ်၊ အလွဲသုံးတယ်လို့ပြောတယ်။ ကျွန်တော် အလွဲသုံးတာ မဟုတ်ဘူး။ အမှုမှန်ပေါ်သွားအောင် ကျွန်တော်တို့က တရားရုံးမှာ ဥပဒေနဲ့အညီ ရင်ဆိုင်နေတာပါ’’ ဟု ရုံးထုတ်အပြီးတွင် ဒေါက်တာသန်းထွဋ် က ပြောသည်။
၎င်းသည် ၂ဝ၁၇ ခုနှစ်အတွင်း FDA ဓာတ်ခွဲခန်းအဆောက်အအုံ ၂ လုံးနှင့် တိုင်းဒေသ ကြီး/ပြည်နယ်၊ ခရိုင်ရုံး ၁၂ ခု ဆောက်လုပ်ခွင့်တင်ဒါ ရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁,၅ဝဝ ကျော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ နေအိမ်အသုံးအဆောင် ပစ္စည်းများ လက်ခံရယူထားသည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
ကော်မရှင်က ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ပြီးခဲ့သည့်လ ၂ဝ ရက်နေ့က တိုင်ချက်ဖွင့်ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆို တင်ပို့ခံခဲ့ရသည်။
ထိုဥပဒေပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားလျှင် ချမှတ်ခံရနိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁ဝ နှစ် ဖြစ်သည်။ ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရသည့် ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဌာနမှ ထိပ်တန်းအရာရှိနှစ်ဦးကို ဧပြီလ ၂၆ ရက်နေ့က ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခံခဲ့ရသည်။