ဆောင်းပါး

တော်လှန်ရေးလမ်းခုလတ်တွင် ဆုံးပါးသွားသူ လူငယ်များ

မြေကွက်လပ်ပေါ်တွင် ပြောက်ကျားဝတ်စုံဖြင့် လူငယ် ၁၀ ဦးခန့် ရပ်နေကြသည်။ တောတောင်များအလယ်တွင် ထိုလူငယ်များက သီချင်းတစ်ပုဒ်ကို ဟစ်ကြွေးနေကြသည်။ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးသမားများ၏ ‘ကမ္ဘာမကြေဘူး’ သီချင်းပင်။ 

“ကမ္ဘာမကြေဘူး ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ၊ တော်လှန်ရေး၊ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော ဪ … သူရဲကောင်းတို့ရေ”

စိတ်အားတက်ကြွစေသည့် သီချင်းဖြစ်သော်လည်း သူတို့အသံကား ဆို့နင့်နင့်ဖြစ်နေသည်။​ ကိုဖြိုးဟု အဖျားဆွတ်ခေါ်ဝေါ်ကြသည့် ရဲဘော်တစ်ဦး၏ နောက်ဆုံးခရီးဖြစ်သည်။ ခန္ဓာကိုယ်ပင် မရှိတော့ပြီဖြစ်သော ကိုဖြိုးကို ရည်စူးကာ ခေါင်းတလားဘေးတွင် ပြောက်ကျားဝတ်စုံ၊ ဦးထုပ်တစ်လုံးနှင့် ဖိနပ်တစ်စုံ စီစဉ်ပေးထားသည်။​

ခေါင်းတလောင်းဘေးတွင် ဂီတာတစ်လက်ရှိနေသည်။ တော်လှန်ရေးရဲဘော် ကိုဖြိုး အမြတ်တနိုးတီးခတ်ခဲ့သော ဂီတာဖြစ်သည်။ ထိုဂီတာနှင့်အတူ အသက်ခန္ဓာမဲ့ ကိုဖြိုး၏ဝိညာဉ်ကို မိတ်ဆွေရဲဘော်များက မီးသင်္ဂြိုဟ်ရတော့မည်ဖြစ်သည်။ 

“နောက်ဆုံးအချိန်မှာ သူအရမ်းအကြိုက်တဲ့ပစ္စည်းလေးတွေ ပါသွားအောင်၊ စိတ်စွဲနေမှာစိုးလို့ ကြိုက်တာတွေ အကုန်ထည့်ပေးလိုက်တာ။ သူ့ရဲ့ ဘော်ဒီ ရှိနေတဲ့အတိုင်းလေးဖြစ်အောင် လုပ်ပြီးတော့ သင်္ဂြိုဟ်ပေးလိုက်တာ” ဟု ရဲဘော်ရဲဘက်တစ်ဦးဖြစ်သူ မအားညီက ပြောသည်။​

အသက် ၂၈ နှစ်အရွယ် ကိုဖြိုးမှာ ဖေဖော်ဝါရီ ၂ ရက်က မတော်တဆမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဖြစ်သည်။ စစ်တပ်ယာဉ်တန်းတစ်ခုကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မတော်တဆပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ကိုဖြိုး၏ခန္ဓာကိုယ်မှာ တစ်စစီဖြစ်သွားခဲ့သည်။

ကိုဖြိုးအပါအဝင် အရွယ်ကောင်းလူငယ်အများစု တစ်ကြိမ်တစ်ခါမျှ မထိတွေ့ဖူးသော လက်နက်ခဲယမ်းများ ကိုင်တွယ်ရင်း အချိန်မတိုင်မီ ကြွေလွင့်ရသည်။ အသက်အန္တရာယ်များမှန်း သိသော်လည်း အာဏာရှင်ဖြုတ်ချရေး တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် လူငယ်များ လက်နက်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ပညာကို ကာလတိုအတွင်း ဖုတ်ပူမီးတိုက်သင်ကြားရသည်ဖြစ်ရာ စစ်မြေပြင်တွင် ကျဆုံးရသူများရှိသကဲ့သို့ ကိုဖြိုးနည်းတူ လက်လုပ်မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် သေဆုံးရသူ လူငယ်များလည်းရှိသည်။

“ဒီလမ်းလာတာ သေမယ်ဆိုတာ အကုန်လုံး သိပြီးသားပဲလေ။ အခုလို အဖြစ်ဆိုးကြီးနဲ့ဆိုတော့ အကုန်လုံးက စိတ်မကောင်းဘူး” ဟု ကိုဖြိုး၏ ရဲဘော်ရဲဘက် မအားညီက ဆိုသည်။

သေနတ်တစ်လက် ပိုင်ဆိုင်လိုခဲ့သူ

ဖေဖော်ဝါရီ ၂ ရက်က မတော်တဆမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ ကိုဖြိုးကို ရဲဘော်ရဲဘက်များက အလေးပြုကာ မြေမြှုပ်သင်္ဂြိုဟ်ပေးနေစဉ်။ (ဓာတ်ပုံ​ – ပေးပို့)

မိုင်းမတော်တဆပေါက်ကွဲမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသူ ကိုဖြိုးမှာ ရန်ကုန်သားတစ်ဦးဖြစ်သည်။ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေစဉ် အာဏာသိမ်းမှုကြောင့် လမ်းပေါ်က ဆန္ဒပြပွဲများတွင် ပါဝင်ရင်း လက်နက်တော်လှန်ရေးထဲ ရောက်လာသူဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကြောင့် ဂျပန်မရောက်ဘဲ တောထဲရောက်လာသူဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတစ်ဝန်းမှ အခြားလူငယ်များနည်းတူ ကိုဖြိုးလည်း လက်နက်ကိုင်တော်လှန်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း လွတ်မြောက်နယ်မြေဟု အများခေါ်ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ်ရာနယ်မြေသို့ ကိုဖြိုး ရောက်ရှိခဲ့သည်။ အခြေခံစစ်ပညာသင်တန်း တက်ပြီးနောက် လက်တွေ့စစ်မြေပြင်သို့ လိုက်ပါရန် ကိုဖြိုးတစ်ယောက် စိတ်အားတက်ကြွလွန်းနေသည်။ 

“ဘယ်သွားသွား ဘာလုပ်လုပ် သူပါတယ်။ တစ်ခုခုဆို ရှေ့ဆုံးက လုပ်မယ်။ ဖြစ်ရင်လည်း သူပဲ ခံမယ်။ သူ့အောက်က လူတွေအပေါ်မှာလည်း အမြဲအနစ်နာခံတယ်။ အစားအသောက်ကအစပေါ့နော်” ဟု ရဲဘော်ကိုဖြိုးအကြောင်း မအားညီက ဆိုသည်။ 

စစ်သင်တန်းတက်ပြီး လအနည်းငယ်အကြာတွင် ကိုဖြိုးနှင့်အတူ မိတ်ဆွေသူငယ်ချင်းများ စုပေါင်းကာ People Guard Force ဆိုသော ပြောက်ကျားအဖွဲ့ကို ထူထောင်ကြသည်။ နောက်ပိုင်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် သူတို့ပြောက်ကျားတပ်ဖွဲ့လည်း လိုက်ပါကြသည်။ 

ဖေဖော်ဝါရီလဆန်းပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရေး စီစဉ်ရာတွင် ပြောက်ကျားတပ်ဖွဲ့ဝင် ကိုဖြိုးပါဝင်ခဲ့သည်။ 

စစ်တပ်ယာဉ်တန်း ဖြတ်သန်းသွားလာမည့်နေရာတွင် ကြိုတင်မိုင်းထောင်ကာ စောင့်ဆိုင်းနေကြသည်။ သို့သော် ယာဉ်တန်းရောက်မလာပေ။ အခြားလမ်းမှ ထွက်သွားသည်ဟု သတင်းရချိန်တွင် နံနက် ၃ နာရီကျော်အချိန် ရောက်ရှိပြီဖြစ်သည်။

နံနက်မိုးလင်းချိန်တွင် လမ်းပေါ်၌ အရပ်သားပြည်သူများ ဖြတ်သန်းသွားလာကြတော့မည်ဖြစ်သည်။ ထောင်ထားသည့်မိုင်းကို ပြန်ဖြုတ်ရမည်ဖြစ်သည်။ ထိုမိုင်းကို ဖြုတ်ရန် ကိုဖြိုးဆုံးဖြတ်လိုက်သည်။​

“အဓိကတော့ လမ်းသွားလမ်းလာတွေကို ငဲ့လိုက်တာ။ အဲဒီလမ်းက ဈေးသည်တွေ ဘာတွေ သွားနေကျလေ။ အနားမှာရှိနေတဲ့သူတွေက တွိတွိနဲ့မြည်တော့ ဟာ … သွားပြီ … ဆိုတဲ့အသံပဲ ကြားလိုက်ရတယ်။ အုန်းခနဲ ထပေါက်သွားတာ” ဟု မအားညီက ပြောသည်။ 

အလင်းရောင်ကောင်းကောင်းမရသေးသော အချိန်ဖြစ်ရာ ကိုဖြိုး၏ လှုပ်ရှားမှုကို ကောင်းစွာမမြင်လိုက်ရပေ။ ပေါက်ကွဲမှုအရှိန်ကြောင့် ၈ ပေအကွာရှိ အဖော်လိုက်ပါလာသူများ လွင့်စင်သွားသည်။ ပေါက်ကွဲသည့် နေရာတွင် နှစ်ပေကျော်နက်သည့် ချိုင့်ခွက်ကြီးဖြစ်သွားသည်။ 

ကိုဖြိုး၏ အရိပ်အယောင်ကား မတွေ့ရ။ သေသေချာချာ လိုက်ရှာကြည့်ရာတွင် တစ်စစီ ပြန့်ကျဲနေသော အသားစများကိုသာ တွေ့ရသည်။

“သူအုပ်လိုက်လို့ပဲ နောက်ကလူတွေ မထိတာ။ နောက်ကလူတွေက မိုင်းကွဲတဲ့အရှိန်နဲ့ လွင့်ထွက်သွားတာ။ ထိခိုက်ဒဏ်ရာ နည်းနည်းပဲရတယ်။ သူအုပ်ချလိုက်တယ် ထင်တာပဲ” ဟု စစ်တပ်ယာဉ်တန်းကို မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ကိုဖြိုး၏ ရဲဘော်ရဲဘက် မအားညီက ပြန်ပြောင်းပြောပြသည်။

အသက်ဆုံးရှုံးခဲ့ရသူ ကိုဖြိုးမှာ ပြောက်ကျားတပ်ဖွဲ့တွင် အထူးအားကိုးရသူဖြစ်သည်။​ ညကင်းတာဝန်အပြင် တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေး စသည့် စစ်ဆင်ရေးများတွင်လည်း အမြဲလိုက်ပါသူဖြစ်သည်။ ထို့ကြောင့် စခန်းတစ်ခုလုံးတွင် သေနတ်နှစ်လက်သာရှိသော်လည်း ကိုဖြိုးကို တစ်လက်ပေးထားရသည်။

ပြောက်ကျားတပ်ဖွဲ့ဝင် ကိုဖြိုးတစ်ယောက် လိုချင်တောင့်တခဲ့သည်မှာ ကိုယ်ပိုင်သေနတ်အဟောင်းလေးတစ်လက်ဖြစ်သည်။

“သူအမြဲပြောနေကျ စကားလေးကတော့ သေနတ်အဟောင်းလေး တစ်လက်လောက်ဖြစ်ဖြစ်ပိုင်ပြီး တိုက်ချင်နေပြီ။ ဖယ်ဒရယ်ဒီမိုကရေစီ အမြန်ရပြီး အမေနဲ့ တွေ့ချင်တယ်ဗျာ” ဟု ကိုဖြိုးသေဆုံးချိန်တွင် People Guard Force ပြောက်ကျားအဖွဲ့ခေါင်းဆောင် ဗိုလ်တလွဲက လူမှုကွန်ရက်၌ ရေးသည်။​

နိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် အဖွဲ့အများအပြား အဓိကအသုံးပြုသည့် လက်နက်မှာ လက်လုပ်မိုင်းဖြစ်သည်။ 

လက်လုပ်မိုင်းဒဏ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးကြသလို တစ်ခါတစ်ရံလည်း မိုင်းထောင်သူတို့ကိုယ်တိုင် မိုင်းထိသည့်ဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်ရတတ်သည်။

ရန်ကုန်သားဇတ်ဆိုသူ လူငယ် 

မိုင်းမတော်တဆမှုဖြင့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ဇတ်ဆိုသော လူငယ်မှာ ရန်ကုန်မြို့တစ်နေရာတွင် အသက်ဆုံးရှုံးခဲ့ရသည်။ (ဓာတ်ပုံ – ပေးပို့)

စစ်အာဏာရှင်ကို ဆန့်ကျင်နေသော လက်နက်ကိုင်တော်လှန်ရေးအတွင်း လူမသိသူမသိ ကျဆုံးရသူများတွင် ရန်ကုန်သားဇတ်ဆိုသည့် လူငယ်တစ်ဦးလည်း အပါအဝင်ဖြစ်သည်။ ရန်ကုန်မြို့တစ်နေရာတွင် ပြီးခဲ့သည့်လအတွင်း မိုင်းမတော်တဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ 

အသက် ၂၄ နှစ်အရွယ်သာ ရှိသေးသူ ဇတ်ဆိုသော ထိုလူငယ်မှာ မူလက မင်္ဂလာဈေးတွင် အလုပ်လုပ်သူဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင် ပါဝင်ဆင်နွှဲရာမှတစ်ဆင့် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။

စစ်သင်တန်းတက်ရောက်ဖူးခြင်း မရှိသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အချင်းချင်း နည်းပညာမျှဝေရာမှ လက်လုပ်မိုင်းလုပ်တတ်လာသူဖြစ်သည်။​ လက်လုပ်မိုင်းလုပ်ရင်း မတော်တဆပေါက်ကွဲရာမှ ခြေနှင့်လက်ပြတ်ကာ အသက်ဆုံးရှုံးခဲ့သူလည်းဖြစ်သည်။

“ဒီကလေးတွေက ဘာမှ သင်တန်းတက်မထားဘဲနဲ့ မြို့ပြပြောက်ကျားမှာ ပါဝင်ပြီး လုပ်ဆောင်ကြတာ။ ရင်ဘတ်ချင်းတူတဲ့ လူငယ်တွေ။ လမ်းပေါ်မှာ လေလွင့်နေတဲ့လူငယ်တွေ မဟုတ်ဘူး။ ဆုံးရှုံးမှုအကြီးကြီးဖြစ်ရတယ်” ဟု ဇတ်သေဆုံးရခြင်းအတွက် အမည်မဖော်လိုသူ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ဆိုသည်။​

ဝမ်းနည်းဖွယ်အဖြစ်ဆိုးမှာ ဖေဖော်ဝါရီ ၂၄ ရက်ကဖြစ်သည်။​ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ဖုန်းနှင့် ချိတ်ဆက်ဖောက်ခွဲရသည့် လက်လုပ်မိုင်းတစ်ခုကို ဇတ်နှင့် သူငယ်ချင်းတစ်ဦး ပြင်ဆင်နေချိန်ဖြစ်သည်။ 

တွဲဖက်တပ်ဆင်ထားသည့် ဖုန်းကို အားသွင်းနေစဉ်မှာပင် မိုင်းမှာ ဇတ်၏လက်အတွင်း ပေါက်ကွဲသွားသည်။ သူငယ်ချင်းဖြစ်သူမှာ ဒဏ်ရာတန်းလန်းဖြင့် ထွက်ပြေးနိုင်ခဲ့သော်လည်း ဇတ်တစ်ယောက်မှာမူ ကံမကောင်းခဲ့ပေ။

ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်။ အခြားတစ်ဖက်မှာလည်း အပေါက်ဖြစ်သည်အထိ ကွဲကြေသွားသည်။ မှောက်လျက်အနေအထားဖြစ်နေသော ဇတ်၏ ရုပ်အလောင်းကို နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်သားများ လာရောက်ယူဆောင်သွားသည်။ 

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်လေးဇတ်၏ အဆုံးသတ်ခရီးသည် လူမသိသူမသိ မရှုမလှပြီးဆုံးသွားသည်။

“အန္တရာယ်များပေမဲ့ ပြည်သူတစ်ရပ်လုံးအတွက် သရဏဂုံတင်ပြီး တော်လှန်ရေးကို နောက်မတွန့် ဆက်လက်လုပ်ဆောင်နေကြတာပေါ့ဗျာ။ အဆုံးသတ်တိုက်ပွဲဖြစ်လို့ ….တိုက်နေရဦးမယ်။ GZ ရယ်လို့ အသံကြားတာနဲ့ အာဏာရူးတွေ ဘယ်တော့မှ ခွေးဇာတ် ထပ်မခင်းနိုင်တော့တဲ့အထိ တိုက်ပွဲဝင်သွားကြမှာပါ” ဟု ဇတ်၏သူငယ်ချင်းဖြစ်သူက ကြုံးဝါးသည်။ 

ထိုလူငယ်က Generation Z ကို ရည်ညွှန်းခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး အတက်ကြွဆုံး တော်လှန်နေကြသည့် အသက် ၂၀ ဝန်းကျင်လူငယ်များသည် Generation Z များဖြစ်ကြသည်။​

“ဒီလူငယ်တွေကို တာဝန်ယူပါမယ်လို့ ကတိကဝတ်ခံထားတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဘယ်ပါတီဘယ်အဖွဲ့ဝင်မှလည်း မဟုတ်ဘူး။ မတရားမှုကို ခေါင်းငုံ့မခံတတ်လို့သာ လုပ်ဆောင်နေကြတာ” ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့မှ လူငယ်တစ်ဦး 

ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် လူငယ်အများအပြား မြို့ပြကို စွန့်ခွာကာ လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုခဲ့ကြသည်။ တောထဲသို့ မသွားရောက်နိုင်သော လူငယ်များမှာမူ စစ်ပညာနှင့် လက်နက်ခဲယမ်းထုတ်လုပ်နည်းများကို တစ်ဆင့်ပြန်လည်သင်ယူကာ ပြောက်ကျားစနစ်ဖြင့် စစ်ကောင်စီကို ခုခံတော်လှန်ကြသည်။ 

ထိုသို့သော ပြောက်ကျားတပ်ဖွဲ့ဝင်များတွင် မန္တလေးမြို့မှ ရဲဘော်နေလင်းဆိုသူ လူငယ်လည်း အပါအဝင်ဖြစ်သည်။​ လာမည့် မတ်လ ၁၇ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်မည့် လူငယ်လေးဖြစ်သည်။ သို့သော် ရဲဘော်နေလင်းမှာ အသက် ၁၈ နှစ်ပြည့်အောင် နေမသွားခဲ့ရပေ။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ရင်း ရရှိခဲ့သော ဒဏ်ရာကြောင့် ဝေဒနာပြင်းထန်လာချိန်တွင် မခံမရပ်နိုင်ဖြစ်ကာ ကိုယ့်ခြေထောက်ကိုယ် ခုတ်ဖြတ်လိုက်ပြီးနောက်ပိုင်း အသက်ဆုံးရှုံးသွားခဲ့ရသူဖြစ်သည်။

“ဒဏ်ရာက ယမ်းစားလာတာ။ နောက်တော့ မခံနိုင်တော့လို့ ဓားနဲ့ ခုတ်လိုက်တာ။ သွေးလွန်ပြီးတော့ ဆုံးသွားတယ်” ဟု ရဲဘော်နေလင်းနှင့်အတူ ရှိနေခဲ့သူ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ကိုနေလင်းမှာ မန္တလေးမြို့အခြေစိုက် ဗမာ့လင်းယုန်အမည်ရ ပြောက်ကျားတပ်ဖွဲ့ဝင်ဖြစ်သည်။ တော်လှန်ရေးလမ်းခုလတ်တွင် မမျှော်လင့်ဘဲ အသက်ဆုံးခဲ့ရသူ လူငယ်လေးမှာ ​အာဏာမသိမ်းမီက ဂိမ်းကစားလိုက်၊ ဘောလုံးကန်လိုက်ဖြင့် ပျော်ပျော်နေတတ်သူ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးသာ ဖြစ်သည်။​

စစ်တပ်က အာဏာသိမ်းချိန်တွင် လမ်းပေါ်ထွက် ဆန္ဒပြပွဲများမှတစ်ဆင့် လက်နက်ကိုင်လမ်းစဉ်နောက် လိုက်ခဲ့သူဖြစ်သည်။ မြို့ပြပြောက်ကျားတပ်ဖွဲ့ ရန်ပုံငွေအတွက် ကျပ် ၁၈ သိန်းဖြင့် ဝယ်ယူထားသည့် ကွန်ပျူတာဂိမ်းစက်ကို ၇ သိန်းဖြင့် ရောင်းချခဲ့သူလည်းဖြစ်သည်။ 

“သူ့အိမ်က နောက်တော့သိသွားပြီး တော်တော်လေး အဆူခံလိုက်ရတယ်။ သူကတော့ ဂုဏ်ယူနေတာ။ သူပေးတဲ့ငွေနဲ့ ဒီလိုလုပ်လိုက်ရတာ တန်တယ်လို့ ပြောတယ်” ဟု ကိုနေလင်း၏မိတ်ဆွေ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။ 

ပြောက်ကျားတပ်ဖွဲ့ဝင်ဖြစ်သော်လည်း ကိုနေလင်းမှာ စစ်သင်တန်းတက်ရောက်ဖူးသူ မဟုတ်ပေ။ အစပိုင်းတွင် ကိုနေလင်းအား ဖောက်ခွဲရေးလုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်း စုဆောင်းပေးရသည့် ထောက်ပို့အလုပ်ကိုသာ လုပ်ကိုင်စေခဲ့သည်။ 

အသက်မပြည့်သေးသူဖြစ်သောကြောင့် ဖောက်ခွဲတိုက်ခိုက်ရေးလုပ်ငန်းများတွင် ပါဝင်ခွင့်မပြုခဲ့ကြောင်း မန္တလေးအခြေစိုက် ဗမာ့လင်းယုန်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဗမာ့လင်းယုန်အဖွဲ့က မန္တလေးမြို့ပေါ်၌ စစ်ကောင်စီပစ်မှတ်အချို့ကို တိုက်ခိုက်ရန် စီစဉ်ရာတွင် ကိုနေလင်း ပါဝင်ဖြစ်ခဲ့သည်။​ ထိုနေ့က သုံးနေရာတွင် ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ထားသည်။

ကိုနေလင်းနှင့် အခြားလူငယ်နှစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် နေရာတစ်ခုကို တိုက်ခိုက်ရန်ဖြစ်သည်။ သဲအိတ်များဖြင့် အခိုင်အမာတပ်စွဲထားသည့် နေရာဖြစ်သည်။​ ထိုနေရာကို နံနက် ၁ ကျော်အချိန်တွင် လက်လုပ်ဗုံးဖြင့် ပစ်တိုက်ခိုက်ရန် စီစဉ်ထားသည်။​ 

ကိုနေလင်းက လက်လုပ်ဗုံး ပစ်လိုက်ချိန်တွင် ဗုံးမှာ လိုရာမရောက်ဘဲ သူ့ဘေးနား ကျရောက်ပေါက်ကွဲသွားသည်ဟု ထိုနေ့က ကိုနေလင်းနှင့်အတူ ပါသွားသူ ဗမာ့လင်းယုန်ပြောက်ကျားတပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်ပစ်ဗုံး ပစ်တဲ့အချိန် ပစ်မှတ်လွဲပြီးတော့ သူ့ဆီ ပြန်ကန်လာတာ။ ပစ်တဲ့နေရာကို မထိဘူး။ သူ့ဆီကိုပဲ တည့်တည့်ပြန်လာတာ။ ရှောင်လိုက်ပေမဲ့ အနီးဆုံးမှာပဲ ကျသွားတာ” ဟု ၎င်းက ပြောသည်။ 

ပေါက်ကွဲမှုကြောင့် အခြားသူနှစ်ဦး ဒဏ်ရာရသည့်နည်းတူ ကိုနေလင်းသည်လည်း ဘယ်ဘက်ခြေထောက်ကို မိုင်းစထိမှန်ခဲ့သည်။ ပုန်းခိုနေရာသို့ အပြန်လမ်းတွင် သူ့ကြောင့် တိုက်ခိုက်မှု မအောင်မမြင်ဖြစ်ရသည့်အပေါ် ကိုနေလင်းက တဖွဖွတောင်းပန်သည်ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။​

လုံခြုံသည့်နေရာတစ်ခုတွင် ခိုအောင်း၍ ဆေးကုနေစဉ် ကိုနေလင်း၏ ဒဏ်ရာမှာ ဆိုးရွားသထက် ဆိုးရွားလာသည်။ ဆေးကုသမှု ကောင်းကောင်းမွန်မွန် မပေးနိုင်သဖြင့် ယမ်းမှုန့်ထိမှန်ထားသည့် ဒဏ်ရာက လှိုက်စားလာသည်။ 

ဒဏ်ရာရပြီး နှစ်ရက်အကြာတွင် ယမ်းမှုန့်အဆိပ်ကြောင့် လှိုက်စားပြီးရင်းစားလာသည့် ဝေဒနာအပေါ် ကိုနေလင်းတစ်ယောက် မခံမရပ်နိုင်ဖြစ်လာသည်။  

“အဲဒီအချိန်မှာ အနာကြောင့် အဖျားလည်း တက်နေတယ်။ တအားကိုက်လာလို့ ထင်ပါတယ်။ ဘေးနားမှာ အုံးသီးခွဲတဲ့ဓားကို ယူပြီးတော့ ခုတ်ပစ်လိုက်တာ” ဟု သူငယ်ချင်းဖြစ်သူ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

“အဲဒီလို လုပ်မယ်လို့ကို မထင်ဘူး။ ချက်ချင်းကြီး ပြေးယူပြီး ခုတ်လိုက်တာ။ ငိုလည်း ငိုတယ်။ (တိုက်ခိုက်မှု မအောင်မြင်ရတာ) သူ့ကြောင့်ပါဆိုပြီး တဖွဖွပြောနေတာ”

ဓားဖြင့် နှစ်ချက်ဆင့်ကာ ခုတ်ပစ်လိုက်ချိန်တွင် သွေးများပန်းထွက်လာပြီး ကိုနေလင်းတစ်ယောက် သတိမေ့သွားသည်။ ဆရာဝန်ခေါ်ပြသော်လည်း သတိပြန်မလည်လာတော့ပေ။​ ကိုနေလင်း၏ ရုပ်အလောင်းကို တစ်နေရာတွင် လူမသိသူမသိသင်္ဂြိုဟ်လိုက်ပြီးနောက် မိသားစုဝင်များကို တောင်းပန်ရုံသာ တတ်နိုင်ခဲ့တော့သည်။​

“ဘယ်သူမှ မသိဘဲ သင်္ဂြိုဟ်ပေးလိုက်ရတာ စိတ်မကောင်းဖြစ်ရတယ်။ သင်္ဂြိုဟ်တော့ သူကြိုက်တဲ့ PS ဂိမ်းခွေလေး ထည့်ပေးလိုက်တယ်” ဟု ကိုနေလင်းနှင့်အတူနေ မြို့ပြပြောက်ကျားအဖွဲ့ဝင်က ပြောသည်။ 

တော်လှန်ရေးသည် အရင်းအနှီးကြီးလှသည်။ သူတို့ယုံကြည်ရာ၊ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအတွက် အရွယ်ကောင်းလူငယ်များစွာ အသက်ကို ပေးဆပ်နေရသည်။​ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊​ ချစ်သူခင်သူများ မမြင်ကွယ်ရာတွင် အကြောင်းအမျိုးမျိုးဖြင့် အသက်ဆုံးရှုံးနေရသည်။

လက်လုပ်မိုင်းထောင်ရင်း သေဆုံးခဲ့သူ PDF ခေါင်းဆောင်နှစ်ဦး 

မကွေးတိုင်း မြိုင်မြို့နယ်တွင် ယခုလ ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာနိုင်မည့်လမ်းတွင် လက်လုပ်မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်နှစ်ဦး သေဆုံးခဲ့သည်။​

မြိုင်မြို့နယ်အတွင်း အိမ်ခြေ ၄၀၀ ခန့်ရှိ ရွာတစ်ရွာကို စစ်တပ်က မီးလာရှို့မည်ဟု သတင်းရသဖြင့် မိုင်း ကြိုထောင်ရင်း အသက်ဆုံးရှုံးခဲ့သူနှစ်ဦးမှာ မြိုင် PDF မှ တပ်ခွဲခေါင်းဆောင်များဖြစ်သည်။ 

“ရွာတွေ မီးရှို့မယ် သတင်းကြားလို့ ရွာထိပ်နားလောက်မှာ ပွိုင့်ဆင်တာ။ Accident (မတော်တဆ) ဖြစ်သွားတာ။ ခေါင်းဆောင်နှစ်ယောက်ကျသွားတာ။ စခတွေတော့ ရွာကို ရောက်မလာဘူး” ဟု မြိုင် PDF တာဝန်ခံတစ်ဦးက ပြောသည်။

မတော်တဆမိုင်းပေါက်ကွဲစဉ် သေဆုံးသွားသူများမှာ အသက် ၂၂ နှစ်အရွယ် လူငယ်များဖြစ်ပြီး လုံခြုံရေးအရ အသေးစိတ်အခြေအနေကိုမူ ထိုဒေသခံ PDF အဖွဲ့ဝင်များက ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြပေ။​

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်ရာမြို့ရွာများတွင် ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဉ်တန်းများ၊ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ရန် လက်လုပ်မိုင်းထောင်ရင်း မတော်တဆပေါက်ကွဲမှုများကြောင့် ဒေသခံ PDF အဖွဲ့ဝင်များ အသက်ဆုံးရှုံးရဖူးသည်ဟု သိရသည်။​

တစ်ကျော့ပြန်စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးတွင် လူသိထင်ရှား အသက်ဆုံးရှုံးခဲ့ရသူများ ရှိသည့်နည်းတူ ကိုဖြိုး၊ ရန်ကုန်သားဇတ်နှင့် ကိုနေလင်းကဲ့သို့သော လမ်းခုလတ်တွင် လူမသိသူမသိ အသက်ဆုံးခဲ့ရသူ လူငယ်များလည်း ရှိသည်။​

“ကျွန်တော်တို့လည်း ဂရုစိုက်နေတဲ့ကြားက ချွတ်ယွင်းချက်လေးတွေ ရှိတာပေါ့။ လက်လုပ်တွေဖြစ်တဲ့အတွက် နည်းနည်းလေး အဆင်မပြေတာ၊ ဘက်ထရီနဲ့ ဆားကစ်တွဲရတဲ့ကိစ္စတွေမှာ နည်းနည်း အန္တရာယ်ရှိတာပေါ့။ စစ်အာဏာရှင်ကို မကြိုက်လို့ ကိုယ့်သမိုင်းကိုယ်ရေးတာ။ နောင်လာမည့် မျိုးဆက်တွေ ကျွန်တော်တို့လို မဖြစ်အောင် အန္တရာယ်ရှိလည်း လုပ်ပေးနေတာ” ဟု မြိုင် PDF တာဝန်ခံက ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button