သတင်း

စဉ့်ကူးတွင် ပေါက်ကွဲမှုဖြစ်၊ ခရီးသွား ကလေး ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

ဩဂုတ် ၂၈ ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအနီး စစ်ကောင်စီတပ်က မော်တော်ယာဉ်များကို တားဆီး စစ်ဆေးစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ခရီးသည် ကလေး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

မန္တလေး-မိုးကုတ် ကားလမ်းပေါ်တွင် ထိုသို့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများထဲမှ ကလေး ၁ ဦးမှာ လက်ထိခိုက်သွားပြီး ဖြတ်တောက်လိုက်ရသည်၊ ဒဏ်ရာရသူ အခြားနှစ်ဦးမှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

ထိုကလေးများ၏ အသက်အရွယ်၊ အမည်၊ နေရပ်တို့ကို မသိရသေးပါ။

ပေါက်ကွဲခဲ့သည့်မိုင်းသည် လက်လုပ်မိုင်းဖြစ်မည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ယူဆပြီး၊ ယင်းလက်လုပ်မိုင်းများအနီး ရေဒီယိုလှိုင်းထုတ်လွှတ်နိုင်သည့် စကားပြောစက်ကို အသုံးပြုရာမှ လျှပ်စစ်ရှော့ဝင်ကာ ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

“စကစ (စစ်ကောင်စီ) စစ်ဆေးနေတဲ့နေရာမှာပဲ ပေါက်ကွဲသွားတာ၊ စစ်ဆေးနေတဲ့ စကစတစ်ယောက်က စက်ပေါက် (စကားပြောစက်သုံး) လိုက်တာလို့ ကျွန်တော်တို့ သိရတယ်။ အဲ့ဒီကနေ ပေါက်ကွဲသွားတာ” ဟု ပကဖတာဝန်ခံက ပြောသည်။

“ကြည့်ရတဲ့ အနေအထားအရ သူတို့ကာကွယ်ဖို့ ဖမ်းမိထားတဲ့ လက်လုပ်မိုင်းတွေကို ပြန်အသုံးပြုထားသလားပဲ၊ ဒီပစ္စည်းတွေက အလွဲအမှားမခံဘူး။ ဒီဘက်ဒေသမှာက စကစတပ်တွေက တော်လှန်ရေးအဖွဲ့တွေဆီက သိမ်းမိတဲ့ မိုင်းတွေကို ပြန်သုံးပြီး ပုံဖျက်နေတာတွေက အများကြီး ရှိနေတယ်၊ အဲ့ဒီနယ်မြေက ကျွန်တော်တို့ဘက်က အဖွဲ့တွေ သွားလာဖို့ အတော်ခက်ခဲတဲ့နေရာတွေပါ”

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်မှု ရှိမရှိ မသိရသေးပေ။

မိုင်းပေါက်ကွဲရာ ရွှေပြည်ကျေးရွာ ဝန်းကျင်ဒေသသည် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ်များ စိုးမိုးထားသည့် နေရာဖြစ်သည်၊ ကားလမ်းများပေါ်တွင် ရှောင်တခင်စစ်ဆေးခြင်း မကြာခဏ လုပ်လေ့ရှိသည့် နေရာလည်းဖြစ်သည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။

စဉ့်ကူးမြို့နယ်၏ တောင်ပိုင်းတွင်ရှိသည့် ရွှေပြည်၊ တောင်အင်း၊ ဈေးကုန်း၊ ညောင်ကုန်း၊ ရွာသစ်ကုန်း၊ မြသီတာ စသည့် ဒေသများသည် ပျူစောထီးတပ်များ စိုးမိုးထားသည့်နေရာများဖြစ်သည်။ ရွှေပြည်ကျေးရွာတွင်လည်း ရဲစခန်းရှိပြီး၊ ဆေးရုံများရှိသည့် အုပ်စုကျေးရွာကြီးဖြစ်ကာ မိုးကုတ်ကားလမ်းဘေးတွင် ရှိသည်။

ဩဂုတ် ၂၈ ရက်နေ့ မွန်းတည့်ချိန်ခန့်က စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းတွင်လည်း မြို့နယ်အတွင်း စစ်ကြောင်းထိုးသွားလာနေသည့် စစ်ကောင်စီတပ် ဇီးဖြူကျင်းကျေးရွာသို့ ဝင်ရောက်စဉ် စိန်ပြောင်းများ၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး စိန်ပြောင်းကျည်ထိမှန် သေဆုံးခဲ့သည်။

သေဆုံးသူမှာ စစ်တပ်ဝင်ရောက်လာစဉ် နွားလှည်းဖြင့် ထွက်ပြေးသူ အသက် ၆၀ ကျော်အရွယ် ဦးပေါဝဆိုသူဖြစ်ကြောင်း၊  ရင်ဘတ်၊ ခြေထောက်နှင့် လက်တို့တွင် စိန်ပြောင်းကျည်စ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဝက်လက်မြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်သားများ အလယ်တောကျေးရွာအနီး ရောက်ရှိနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button