နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အများစု သိမ်းပိုက်ထားသော စစ်တပ်သည် မတ္တရာ- စဉ့်ကူး နယ်စပ်ထိ ရောက်လာပြီး တပ်စွဲထားသောကြောင့် ထိုနယ်နှစ်ခုမှ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ယမန်နှစ် နိုဝင်ဘာလမှ စတင်ခဲ့သော မတ္တရာတန်ပြန်ထိုးစစ်တွင် စစ်ကော်မရှင်တပ်သည် လူ၊ လက်နက်၊ နည်းပညာအင်အား အသာစီးဖြင့် အနောက်ခြမ်း၊ အရှေ့ခြမ်းတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ယခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ မြို့နယ် မြောက်ဘက်သို့ ထိုးဖောက်လာသည်။
ထို့နောက် နိုဝင်ဘာလ ပထမပတ်တွင် မတ္တရာမြို့ မြောက်ဘက် လေးမိုင်ကျော်အကွာ တံငါသည် (မြောက်) ရွာ အနီးအထိ စစ်ကော်မရှင်တပ်အချို့ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များက ဆုတ်ခွာ ခုခံခဲ့ရသည်။
ထိုမှတဆင့် တံငါချောင်းကိုဖြတ်ကူးထားသော တံငါတံတား၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ ရေနံ့သာရွာနားအထိ စစ်တပ်က ယခုရက်ပိုင်း ရောက်ရှိလာခြင်းဖြစ်သည်။ ထိုနေရာသည် စဉ့်ကူးနယ် ပန်းတင်ရွာနှင့် ခုနစ်မိုင်ကျော်ခန့်သာ ဝေးတော့သည်။
မတ္တရာ-စဉ့်ကူးလမ်းပေါ်ရှိ ရေနံ့သာကျေးရွာစာသင်ကျောင်းနှင့် ရွာထိပ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲထားပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့မှ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“အဲဒီနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) က ရေနံ့သာနား ပစ်ခတ်မှုမှာ သူတို့ (စစ်တပ်) အထိနာတယ်။ လက်နက်ကြီးတွေ ထိပြီး အသေအပျောက်နဲ့ အတိုအပြတ်တွေများတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ထိုကျေးရွာအနီး စစ်ရေးပြင်းထန်သည်ဟုသိရပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။
စစ်တပ်က ပိုနီးကပ်လာသောကြောင့် မတ္တရာမြောက်ဘက်မှ ဒေသခံများအပြင် စဉ့်ကူးဘက်မှ ဒေသခံများလည်း ထွက်ပြေးနေကြကြောင်း အထက်ပါ စစ်ရေးရင်းမြစ်က ဆိုသည်။
“စဉ့်ကူးဘက်ခြမ်းကလည်း တော်တော်များများပြေးကြတယ်။ လက်ရှိက စဉ့်ကူးဘက်ကို ဦးတည်လာနေတော့ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတယ်”ဟု မတ္တရာမြို့မှ စစ်ရေးရင်းမြစ်တစ်ဦးကMyanmar Now ကိုပြောသည်။
လတ်တလောတွင် စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်လမ်းပေါ်သို့ ထိုးစစ်ဆင်နေသည့် စစ်တပ်စစ်ကြောင်းနှင့် ဖော့တောလမ်းဆုံအနီး ကျေးရွာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ထိုဒေသများတွင် စစ်ရေးလှုပ်ရှားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး(MDY-PDF) ၏ ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now က ဆက်သွယ် မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပေ။
စဉ့်ကူးမြို့နယ်မှ စစ်ရေးရင်းမြစ်တစ်ဦးက စစ်ကော်မရှင်တပ်က စဉ့်ကူးမြို့နယ်ဘက်သို့ လေကြောင်း တိုက်ခိုက်မှုများ ပိုပြုလုပ်လျှက်ရှိကြောင်း ပြောသည်။
“လက်ရှိတော့ ဒီဘက်ကိုတော့ တိုးတိုးပြီးတော့လာတယ်။ နတ်ကြီးစင်ဘက်ကို ပစ်မှတ်ထားနေတယ် ။ ဥက္ကံ ဘက်ကိုလည်း လေယာဉ်ကြဲနေတယ်”ဟု ထိုအမျိုးသားက ယမန်နေ့ညနေက ပြောသည်။

မြစ်အရှေ့ခြမ်း မန္တလေးတိုင်းမြို့နယ် ၃ ခု စစ်ရှောင်ရ
မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသော သုံးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ထိုဒေသများမှ လူဦးရေသိန်းနှင့်ချီသည် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ အနောက်ခြမ်း စစ်ကိုင်းတိုင်းအတွင်း အများဆုံး ထွက်ပြေးကြကြောင်း၊ အခက်အခဲများဖြစ် ပေါ်နေကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့၊ စစ်ရေးရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
“အကုန်နီးစပ်ရာတောတွေ၊ တောင်တွေရှောင်တိမ်းကြတယ်။ ဝက်လက်တို့ စစ်ကိုင်းတို့ဘက်တွေ ထွက်ပြေး ကြတယ်။ မြို့ပြကိုရှောင်ဖို့က လုံခြုံရေးကစလို့ အခက်အခဲပိုများကြတယ်။ အရေအတွက်က သုံးမြို့နယ်လုံးဆို လူဦးရေက သိန်းနဲ့ချီပါတယ်”ဟု မတ္တရာမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ ဒုက္ခတွေကများပါတယ်။ စားနပ်ရိက္ခာ အဓိကလိုအပ်တာပေါ့။ နောက် တောတွေတောင်တွေထဲ ရှောင်ရသူတွေ ရာသီဥတုက ဆောင်းရောက်ပြီဆိုတော့ အနွေးထည်၊ စောင်တွေစတာတို့ လိုတယ်။ အသက်ကြီးနဲ့ ကလေးငယ်တွေလည်းပါကြတော့လေ”ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
ယမန်နှစ်အတွင်း တော်လှန်ရေးတပ်များက သိမ်းပိုက်ထားခဲ့သော သပိတ်ကျင်းမြို့နယ်ကို လက်လွှတ်လိုက်ရပြီး နယ်မြေအများစု သိမ်းထားသော မတ္တရာကိုလည်း လက်လွှတ်လုရနီးပါးဖြစ်နေကာ ထို နှစ်မြို့ ကြားမှ စဉ့်ကူးသည်လည်း စစ်ရေးခြိမ်းခြောက်ခံနေရသည်။
စဉ့်ကူးမြို့သည် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်တွင်တည်ရှိပြီး စိုက်ပျိုးရေးနှင့်ရွှေတူးဖော်ရေးလုပ်ငန်း များနှင့်အသက်မွေးကြသည့်ဒေသဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) က သိမ်းပိုက်ထားခြင်းဖြစ်သည်။
စဉ့်ကူးမြို့နယ်အနီးအထိ တက်လာသော စစ်တပ်က စဉ့်ကူးနယ်အတွင်း ယခုလ၌ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် လုပ်လာသည်။
အထူးသဖြင့် မတ္တရာစစ်ရှောင်အများစု လာရောက်ခိုလှုံနေသော စဉ့်ကူးကျေးရွာများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ရှောင်များခိုလှုံနေသည့် စာသင်ကျောင်း ဗုံးကြဲခံရပြီး စစ်ရှောင်ပြည်သူငါးဦး သေဆုံးသွားပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည် ။
နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်တွင် စစ်ရှောင်များ ခိုလှုံနေသည့် ရွှေပြည်ကျေးရွာ အထက်တန်းကျောင်းကို လေယာဉ်ဖြင့် ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များ အပါအဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့သည်။
ထိုစာသင်ကျောင်းတွင် ဒေသတွင်းပြင်းထန်နေသောတိုက်ပွဲများကြောင့် စစ်ရှောင်ကြရသည့် မတ္တရာမြို့နယ် အရှေ့ပိုင်းမှ ဒေသခံ ၁၀၀ ခန့် ယာယီခိုလှုံနေထိုင်နေကြခြင်းဖြစ်သည်။
ယင်းနေ့က စဉ့်ကူးမြို့နယ် ရွှေပြည်၊ ညောင်ကုန်းနှင့်ရွှေပန်းတောကျေးရွာများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်များရှိသော ရွှေပြည်ကျေးရွာတွင် အထိအခိုက်အများဆုံးဖြစ်သည်။
စစ်ကော်မရှင်က စစ်ဘေးရှောင်များကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အထက်ပါမတ္တရာမြို့ခံ အမျိုးသမီးက ဆိုသည်။
“စစ်ရှောင်တွေကို ပိုပစ်မှတ်ထားနေတာအသိသာကြီးပဲလေ။ စစ်ဘေးရှောင်တွေရှိသမျှနေရာတွေ ၊ အဆောက်အအုံတွေ သိသိရက်နဲ့ လိုက်ကြဲသတ်ဖြတ်နေတာပဲ။ သူတို့ (ထိန်းချုပ်) မြို့တွေကို မရှောင်ကြလို့ ပိုပစ်မှတ်ထားတာ” ဟု မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်ကလည်း ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ရေးပြင်းထန်နေသော မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ ဒေသခံများ စစ်ဘေးရှောင်လာကြသည့် လမ်းကြောင်းပေါ်တွင်ရှိသော ခင်ဦးမြို့နယ်မှ ရွာငယ်တစ်ခု လေကြောင်းမှ ဗုံးကြဲခံရသည်။
လေယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပေါက်အိုင် အမည်ရှိ ထိုရွာမှ အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်သည် လာမည့်ဒီဇင်ဘာလကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် ၎င်းတို့စစ်ရှုံးထားသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များ၌ပါ ရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော်ထားပြီး ထိုဒေသများကို အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။



