အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးနယ်အရှေ့ခြမ်းတွင် နှစ်ရက်ဆက် ပစ်ခတ်ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

နေအိမ် ၁၅ အိမ်ခန့်ရှိသော ရွာငယ်လေးကို နှစ်ရက်ဆက် လေကြောင်းဗုံးကြဲပစ်ခတ်သဖြင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးကာ လူလေးဦး ဒဏ်ရာရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ပိုင်း၊ ပေါက်အိုင်ရွာကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများ မရှိသလို တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေစိုက်စခန်းများလည်းမရှိသည့် အဆိုပါရွာငယ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ညတွင် တစ်ကြိမ်၊ ၁၁ ရက်နေ့ နေ့လယ်တွင် လေယာဉ်က သုံးကြိမ်ဗုံးကြဲခဲ့သည့် အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

၁၀ ရက်နေ့ည ဗုံးကြဲမှုတွင် နေအိမ်တစ်ခုမှ အသက် ၂၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် နေရာတွင်သေဆုံးကာ၊ အစ်မဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။ 

နောက်တစ်နေ့ နေ့လယ် လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသားသုံးဦး မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရပြီး၊ ဒဏ်ရာရရှိသူများ ဆေးကုသမှုပေးထားကာ သက်သာလာပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ဘာမှလည်း မရှိဘူး၊ ရွာကြီးလည်းမဟုတ်ဘူး။ အိမ်လေးမှ ၁၅ လုံးလောက်ရှိတဲ့ တဲစုရွာလေးကို ဘာကြောင့် လုပ်သလဲ နားကို မလည်ဘူး”ဟု အဆိုပါကျေးရွာငယ်အနီးမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နေရာသည် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ရေးပြင်းထန်နေသော မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ ဒေသခံများ စစ်ဘေးရှောင်လာကြသည့် လမ်းကြောင်းပေါ်တွင်ရှိသည်။

ထိုသို့ စစ်ဘေးဒုက္ခသည်များ ဘေးလွတ်ရာရောက်နိုင်ရေး သွားလာကြသည်ကို လိုက်လံဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ယူဆကြသည်။
“ဒီဘက်ဒေသမှာက အခုလို သည်းကြီးမည်းကြီး လေကြောင်းကနေ တိုက်ခိုက်ခံရတာမျိုး မရှိတော့ တချို့ကလည်း ဒီစစ်ရှောင်တွေကို လိုက်တိုက်ခိုက်တယ်ပဲ ယူဆကြတာပေါ့”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းနှင့် မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း စစ်ရေးအခြေအနေပြမြေပုံ။

မတ္တရာတွင် မြို့နယ်အများစုကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပြီး သပိတ်ကျင်းကိုလည်း သိမ်း ပိုက်ထားသဖြင့် ထိုနှစ်မြို့ကြားမှ စဉ့်ကူးမြို့ခံအများအပြားလည်း တိမ်းရှောင်နေကြရသည်။ 

ခင်ဦးမြို့နယ်အရှေ့ပိုင်းတွင် စစ်ကော်မရှင်တပ်များ စစ်ရေးလှုပ်ရှားမှုမရှိသည့်အတွက် ထိတွေ့တိုက်ပွဲများ မရှိပေ။ မြို့နယ်၏ အနောက်ခြမ်းနှင့် အနောက်မြောက်ခြမ်း ကန့်ဘလူမြို့နယ် နယ်စပ်တို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ညက စစ်ကေော်မရှင် စစ်ကြောင်းတစ်ခု ဝင်ရောက်လာခဲ့သည်။

နောက်တစ်နေ့ (နိုဝင်ဘာလ ၁၂ ရက်နေ့) နေ့လယ်တွင် ရေဦးမြို့ပေါ်မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း တစ်ကြောင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်မှ စစ်ကြောင်း နောက်တစ်ခုကလည်း ဝင်ရောက်လာ သည့်အတွက် စစ်ရေးတင်းမာနေသည်။ 

လတ်တလောတွင် ရှားတော၊ ငါးရုံကြီး၊ ကျောက်တိုင်၊ ကျီစု၊ ကားဆိပ်၊ သရက်ပင်ဝန်း၊ မြင်းဒေါင်း စသည့် ကျေးရွာများအပါအဝင် ရွာအများအပြားမှ ခင်ဦးဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ခင်ဦးမြို့နယ်တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက် တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ ယခင်က စစ်ကော်မရှင်စစ်ကြောင်းများ မကြာခဏ ဝင်ရောက်လေ့ရှိသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်တပ်စစ်ကြောင်းများ ဝင်ရောက်စီးနင်းမှုကြောင့် ခင်ဦးအနောက်ခြမ်းမှ ဒေသခံ နှစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားများ သတ်ဖြတ်ခံရသလို ရွာအများအပြား မီးရှို့ခံခဲ့ရသော ဒေသလည်းဖြစ်သည်။

ရှမ်းမြောက်တွင် စတင်သော ၁၀၂၇ စစ်ဆင်ရေးကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ခင်ဦးနယ်အပါအဝင် နိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများငြိမ်သက်သွားခဲ့သည်။

ထို့နောက်  ယခုနှစ် ဇူလိုင်လအတွင်း မြို့ပေါ်၌ ပစ်ခတ်မှုများ၊ အရပ်သားသတ်ဖြတ်ခံရမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှလာသည့် စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာမှစ၍ ဒေသတွင်း တကျော့ပြန် စစ်ဘေးရှောင်နေကြရသည်။

 ဩဂုတ်လအတွင်း ခင်ဦးနယ် ရှေ့တန်းတစ်နေရာတွင် တွေ့ရသော PDF များ။ (ဓာတ်ပုံ-မိုးဦး)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button