စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှ ထွက်ခွာလာသည့် စစ်တပ်သည် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေမှုကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လကုန်ပိုင်း၌ ကျေးရွာအချို့ စစ်ဘေးရှောင်နေရသည်။
ခင်ဦးမြို့နယ် အလယ်သျှိုကျေးရွာအနီးသို့ ရောက်လာသည့် စစ်ကြောင်းကြောင့် ထိစပ်ကျေးရွာများဖြစ်သည့် အလယ်သျှို၊ ယောက်သွားအိုင်၊ ညောင်ကန်ရွာနှင့် မလှမ်းမကမ်း၌ ရှိသည့် ထနောင်းကိုင်းကဲ့သို့သော ကျေးရွာများလည်း စစ်ရှောင်ရန် အသင့်ပြင်နေကြသည်။
ထို့ပြင် ခင်ဦးမြို့၊ မကျည်းတုံပျူရွာစခန်းသို့ စစ်တပ်က အင်အားများပို့ဆောင်ရာတွင် ပစ်ခတ်ဝင်ရောက်လာသည့်အတွက် ချောင်းဆုံနှင့် သံဘိုကျေးရွာတို့သည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ကန့်ဘလူမြို့နယ်အတွင်းတွင် စစ်တပ်၏ အင်အား အနည်းဆုံး ၅၀၀ ခန့်ရှိသော ဦးဝါသဝ၏ ပြည်သူ့စစ်များနှင့် စစ်တပ် ပူးပေါင်းအင်အားများသည် ကန့်ဘလူမြို့နယ် တောင်ပိုင်း၊ ကျီကျင်း၊ ရေကြည်ဦးနှင့် သုံးဆင့်ကန်ရွာတို့အထိ ရောက်ရှိ နေရာယူထားသည်။
ထိုအခြေအနေများကြောင့် ခင်ဦးမြို့နယ်အတွင်းသာမက ကန့်ဘလူမြို့နယ် ကျေးရွာများ၏ လူဦးရေ အနည်းဆုံး ၆၀၀၀ ခန့် သည် စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်။
ခင်ဦးမြို့နယ်တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက် တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ ယခင်က စစ်ကြောင်းများ မကြာခဏ ဝင်ရောက်လေ့ရှိသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကြောင်းများကြောင့် ဒေသခံ နှစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားများ သတ်ဖြတ်ခံရသလို ရွာအများအပြား မီးရှို့ခံခဲ့ရသော မြို့နယ်လည်းဖြစ်သည်။
သို့ရာတွင် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများငြိမ်သက်သွားရာမှ ယခုနှစ် ဇူလိုင်လအတွင်း မြို့ပေါ်၌ ပစ်ခတ်မှု များ၊ အရပ်သားသတ်ဖြတ်ခံရမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း တကျော့ပြန် စစ်ဘေးရှောင်ကြရခြင်းဖြစ်သည်။
ဓာတ်ပုံ-မိုးဦး














