
ရန်ကုန်- ဖေ့စ်ဘွတ်တွင် ဟာသဗီဒီယိုများဖြင့် လူသိများသည့် အောင်ရဲထွေးသေဆုံးမှုတွင် လာဘ်ငွေယူခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည့် အစိုးရအရာရှိများအား ၎င်းတို့ရုံးများတွင် ဝင်ရောက် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးတာဝန်ခံက Myanmar Nowကို ပြောသည်။
ထိန်းသိမ်းခံထားရသူများထဲမှ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးသည် ယမန်နေ့ (စက်တင်ဘာ၁၃) နံနက်ပိုင်းက ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးအခမ်းအနားတွင် ဆုရသူများအား ဆုချီးမြှင့်ခဲ့ပြီးနောက် နာရီပိုင်းအတွင်းရဲက ၎င်း အပါအဝင် အစွပ်စွဲခံရသည့် အစိုးရအရာရှိများအား ၎င်းတို့ရုံးများသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“စစ်ဆေးပေါ်ပေါက်ချက်အရ သက်ဆိုင်သူအားလုံးကို အမှန်တကယ် ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ နေ့လယ် ၂ နာရီ ရဲစခန်းမှာ အမှုဖွင့်တာကြောင့် အဲဒီမတိုင်ခင် နေ့လယ်ပိုင်းမှာ ဖမ်းဆီးတယ်လို့ ယူဆနိုင်ပါတယ်” ဟု ကော်မရှင်ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက ပြောသည်။
ဖမ်းဆီးမှုနှင့်ပတ်သက်သည့် အသေးစိတ်ကို ထုတ်ပြောရန် ငြင်းဆန်ခဲ့သော်လည်း ၎င်းတို့အားလုံး အသာတကြည် ထိန်းသိမ်းခံခဲ့သည်ဟု ဆိုသည်။
၎င်းတို့အား ရဲစခန်းသုံးခုတွင် နေရာခွဲ၍ ထိန်းသိမ်းထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် ရဲစခန်း တည်နေရာများကို မဖြေကြားလိုကြောင်း မှုခင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိကြီးတစ်ဦးက Myanmar Now ကို ပြောသည်။
အောင်ရဲထွေးအမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ်အပြင် ရန်ကုန်တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် အဆိုပါအမှုဖြစ်ပွားချိန် တာဝန်ရှိခဲ့သည့် သုဝဏ္ဏနယ်မြေ စခန်းမှူးဟောင်း(ယခု ရွှေပေါက္ကံနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကိုတို့လည်း ထိန်းသိမ်းထားသည်။
၎င်းတို့သည်“တရားလိုပြ သက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြ သက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေ ဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည်” ဟု ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဓိကကတော့ စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးရဲ့ မိဘတွေကနေ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်ကနေ လာဘ်ယူပြီး သူကနေ အဆင့်ဆင့်ကို လိုက်ချိတ်ဆက်ပြီး အခုလို ကျူးလွန်သူ သုံးဦးလုံးကို လွတ်မြောက်အောင် စီစဉ်ခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်” ဟု ဦးကျော်စိုးက Myanmar Now ကို ပြောသည်။
လာဘ်ယူငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း ၇၂၀ နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ Blue Label အရက်တစ်ပုလင်းနှင့် အင်္ကျီတစ်ထည်၊ အရာရှိ ဦးကိုကိုလေးက ကျပ်သိန်း၁၃၀နှင့် Gold Lable အရက်တစ်ပုလင်း၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ် သိန်း၅၀ ရယူခဲ့ကာ၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည် နှင့် အဆိုပါ အမှုဖြစ်ပွားချိန် တာဝန်ရှိခဲ့သည့် သုဝဏ္ဏနယ်မြေ စခန်းမှူးဟောင်း(ယခု ရွှေပေါက္ကံနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကိုက ကျပ်သိန်း ၃၀ အသီးသီး လာဘ်ယူခဲ့သည်ဟု ဦးကျော်စိုးက ပြောသည်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူး ပွဲတော်အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွန်းအောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။ ကိုအောင်ရဲထွေး သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဇူလိုင် ၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ယင်းကဲ့သို့ လူမြင်ကွင်း၌ ဖြစ်ပေါ်ခဲ့သည့် လူသေဆုံးမှုတွင် အစွပ်စွဲခံရသူအားလုံး လွတ်မြောက်လာခြင်းကြောင့် လူထုအကြားတွင် ဝေဖန်မှုများစွာရှိခဲ့သည့်အပြင် သမ္မတကပါ ထောက်ပြဝေဖန်ခဲ့သည်။
ဖမ်းဆီးခံထားရသည့် အစိုးရအရာရှိများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် အသီးသီးအရေးယူရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားသည်။
၎င်းတို့ကို စက်တင်ဘာ ၂၇ ရက်အထိ ချုပ်ရက်ရမန်နှစ်ပတ် ယူထားပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ပြစ်မှု ထင်ရှားပေါ်ပေါက်ပါက ပုဒ်မ ၅၅ အရဆိုလျှင် ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၅၆ အရဆိုလျှင် ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ် ဖတ်ရှုရန် –
==========
အောင်ရဲထွေးအမှုတွင် လာဘ်စားကြောင်း စွပ်စွဲခံရသည့် တိုင်းဥပဒေချုပ်နှင့် အရာရှိကြီးတချို့ကို ထိန်းသိမ်း