
ယူဂိုစလားဗီးယားပြည်ထောင်စုအဖွဲ့ဝင်ဟောင်း ဆားဗီးယားနိုင်ငံက စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အတွက် ယူရိုငွေသန်းချီတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဆားဗီးယားအခြေစိုက် စုံစမ်းဖော်ထုတ်ရေးသားခြင်းဆိုင်ရာ သတင်းသမားများစင်တာ (CNIS) က ရေးသားသည်။
ဘယ်လာရုစ် ပုဂ္ဂလိကပိုင် Rada လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ဆားဗီးယားလုပ် ၈၀ မီလီမီတာ ဒုံးကျည်များတင်ဆောင်ကာ ဆားဗီးယားနိုင်ငံ ဘဲဂရိတ်နိုင်ငံတကာလေဆိပ်မှ တက်သွားကြောင်း၊ အီဂျစ်နိုင်ငံတွင် တစ်ထောက်နားပြီးနောက် ရန်ကုန်မြို့တွင် ဆင်းသက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်ထုတ် CNIS သတင်းတွင် ဖော်ပြသည်။
ဆားဗီးယားထုတ် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် ထိုလေယာဉ်သည် ရန်ကုန်လေဆိပ်၌ ပစ္စည်းများချနေသည့် မှတ်တမ်းဓာတ်ပုံတချို့ကို သတင်းတွင် ထည့်သွင်းဖော်ပြထားသည်။
ဆားဗီးယားနိုင်ငံက မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ တင်ပို့နေကြောင်း CNIS က အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာသည့် ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် စာရွက်စာတမ်းအထောက်အထားများကို အခြေခံကာ ရေးသားခြင်းဖြစ်သည်။
ဆားဗီးယားကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများအရ ၈၀ မီလီမီတာအရွယ်အစား ဒုံးကျည် ၂၅၂၄ ခုကို မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်တိုင် ပေးပို့ခဲ့သည်။ ဇန်နဝါရီတွင် ဒုံးကျည် ၈၈၀ ခု၊ ဖေဖော်ဝါရီတွင် ၁၆၄၄ ခု တင်ပို့ခဲ့ခြင်းဖြစ်သည်။
ဆားဗီးယားနိုင်ငံပိုင် စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတင်ပို့ရေး အကျိုးဆောင်ကုမ္ပဏီ Jugoimport SDPR တင်ပို့ခဲ့သော စစ်လက်နက်ပစ္စည်းများမှာ ယူရိုငွေ ၄ ဒသမ ၇၅ သန်း တန်ဖိုးရှိသည်။
မြန်မာနှင့် ဆားဗီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၅၀ ပြည့်လွန်နှစ်များမှ စတင်သည်ဟု ဆိုသည်။ ဆားဗီးယားအဖြစ် ခွဲထွက်ခြင်းမပြုမီ ယူဂိုစလားဗီးယားပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည် ကမ္ဘာကျော် ဘက်မလိုက်မူဝါဒလှုပ်ရှားမှုတွင် ဦးဆောင်တည်ထောင်သူများလည်းဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကြား အထူးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးခဲ့သည်။ ကုလသမဂ္ဂ၏ ကုန်သွယ်ရေးအချက်အလက်များအရ ၂၀၁၈ မှ ၂၀၂၁ အတွင်း ဆားဗီးယားက မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ မြန်မာသို့ စစ်လက်နက်စီးဝင်နေမှု တားဆီးရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆုံးဖြတ်ရာ၌ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း မဲခွဲဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၁၉ က ထောက်ခံခဲ့ကြသည်။ ထောက်ခံမဲပေးခဲ့သော နိုင်ငံများတွင် ဆားဗီးယားနိုင်ငံလည်း ပါဝင်ခဲ့သည်။
သို့သော် ထိုအချိန်၌ ဆားဗီးယားက မြန်မာနိုင်ငံသို့ လက်နက်တင်ပို့နိုင်ရန် ပို့ကိုန်လိုင်စင်လေးခုကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့်နှစ် မတ်လတွင် လိုင်စင်နှစ်ခု၊ ဧပြီလတွင် တစ်ခု၊ ဇွန်လတွင် တစ်ခု ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အပါအဝင် တိုင်းရင်းသားဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဆားဗီးယားလုပ် ဒုံးကျည်နှင့် အခြားစစ်လက်နက်ပစ္စည်းများ အသုံးပြုနေဖွယ်ရှိသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ရှိလာချိန်အထိ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတော်လှန်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။ ရရာလက်နက်ဖြင့် တော်လှန်နေသူများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းထန်ဆုံး နှိမ်နင်းလျက်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒုံးကျည်များမှာ ဆားဗီးယားနိုင်ငံမှ တင်ပို့သည့် အမျိုးအစားများနှင့် အမျိုးအစားတူဖြစ်ကြောင်း လူမှုကွန်ရက်တွင် တွေ့ရှိရသည့် ရုပ်သံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ CNIS က ရေးသားသည်။
ဆားဗီးယားနှင့်ပါ ဆက်နွှယ်နေသည့် MCM ကုမ္ပဏီပိုင်ရှင် လက်နက်ပွဲစား

ပြီးခဲ့သည့် မေလအတွင်း Myanmar Now က ရရှိခဲ့သော အထောက်အထားများအရ ဆားဗီးယားနိုင်ငံမှ လေတပ်သုံး စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးသူမှာ လက်နက်မှောင်ခိုပွဲစားဟု လူသိများသူ Myanmar Chemical & Machinery (MCM) ကုမ္ပဏီပိုင်ရှင် ဦးအောင်လှိုင်ဦးဖြစ်သည်။
အလေးချိန်အားဖြင့် ကီလိုဂရမ် ၆၀, ၀၀၀ နီးပါးရှိ အဆိုပါ စစ်လက်နက်ပစ္စည်းများကို ဆားဗီးယားနိုင်ငံ Tbilisi (TBS) လေဆိပ်မှတစ်ဆင့် စစ်ဘက်သုံးကုန်တင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မေ ၂၁ ရက်စွဲဖြင့် သက်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူထံ အကြောင်းကြားစာတစ်စောင် ပေါက်ကြားခဲ့သည်။
ထိုစာရွက်စာတမ်းအထောက်အထားများအရ ပေးပို့မည့်လက်နက်များမှာ တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် အသုံးပြုသည့် S-8 အမျိုးအစား ဒုံးကျည်များ၊ ကီလိုဂရမ် ၁၀၀ မှ ၁၂၀ အလေးချိန်ရှိ FAB ဗုံးများ၊ ဒုံးကျည်ပဲ့ထိန်းစနစ်နှင့် ဒုံးကျည်ထိပ်ဖူးဆိုင်ရာ ဆက်စပ်ပစ္စည်များဖြစ်သည်။
ဆားဗီးယားနိုင်ငံပိုင် လက်နက်ခဲယမ်းထုတ်လုပ်ရေးကုမ္ပဏီ Slobada က ထုတ်လုပ်သည့် လက်နက်ခဲယမ်းပစ္စည်းများ ဝယ်ယူတင်သွင်းရေးနှင့် ပတ်သက်၍ MCM ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်လှိုင်ဦးက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးထံ တင်ပြသည့် စာတစ်စောင်လည်း ရှိသည်။
MCM ကုမ္ပဏီက ၎င်း၏မိတ်ဖက်ဖြစ်သော Slobada ကုမ္ပဏီထုတ် လေကြောင်းရန်ကာကွယ်ရေးနှင့် တိုက်လေယာဉ်သုံးလက်နက်ခဲယမ်းပစ္စည်းများအကြောင်း စစ်လက်နက်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးသို့ ရှင်းလင်းတင်ပြခဲ့ပြီးနောက် လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးထံ ထပ်မံတင်ပြခြင်းဖြစ်သည်။
တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြုရန် ဒုံးကျည်နှင့် ဗုံးအမျိုးမျိုးအပါအဝင် စစ်လက်နက်ပစ္စည်း ၁၅ မျိုးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို MCM ကုမ္ပဏီက အစီရင်ခံတင်ပြသည်။
ဆားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့သည့်ဗုံးများကို မည်သည့်တိုက်လေယာဉ်တွင်မဆို တပ်ဆင်အသုံးပြုနိုင်ပြီး တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် မြန်မာစစ်တပ်ရှိ K-8 ဗုံးကြဲလေယာဉ်နှင့် JF-17 အမျိုးအစား တိုက်လေယာဉ်များတွင် အများဆုံးအသုံးပြုနိုင်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့ (SIPRI) ၏ စစ်လက်နက်ပစ္စည်းနှင့် စစ်ဘက်ရေးရာ အသုံးစရိတ်အစီအစဉ်မှ အကြီးတန်းသုတေသနပညာရှင်ဖြစ်သူ Siemon Wezeman က Myanmar Now ကို လွန်ခဲ့သည့် မေလအတွင်း ပြောသည်။
“ဆားဗီးယားထုတ် FAB-100 ဗုံးတွေကို ဆိုဗီယက်/ရုရှားထုတ် FAB-100 ဗုံးတွေနဲ့ အမှတ်မမှားဖို့ လိုပါတယ်။ Pertaining tail stabilizer နဲ့ Pertaining fuses ပစ္စည်းတွေက အဲဗုံးတွေရဲ့ အစိတ်အပိုင်းပါပဲ။ FAB-100 ဗုံးမှာ မတပ်ဆင်ရသေးတဲ့အတွက် သက်သက်စီဖော်ပြထားတယ်လို့ ထင်ပါတယ်။ ပြီးရင်တော့ တပ်ဆင်မယ် ထင်ပါတယ်” ဟု မြန်မာစစ်တပ်ဝယ်ယူခဲ့သည့် ဆားဗီးယားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းစာရင်းနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
အဆိုပါစာရင်းတွင် ပါဝင်သည့် ဆားဗီးယားထုတ် S-8 အမျိုးအစား ဒုံးကျည်သည် ဝေဟင်မှမြေပြင်ပစ် ရိုးရိုးဒုံးကျည်အမျိုးအစားဖြစ်ကာ လေယာဉ်နှင့် ရဟတ်ယာဉ်ရှိ ဒုံးပစ်လောင်ချာဖြင့် ပစ်ချနိုင်သည်ဟုလည်း Siemon Wezeman က ပြောသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းတွင် လက်နက်မှောင်ခိုပွဲစားဟု လူသိများသူ ဦးအောင်လှိုင်ဦးမှာ မြန်မာစစ်တပ်အတွက် လက်နက်ခဲယမ်းပစ္စည်းများ အမြောက်အမြားဝယ်ယူတင်သွင်းပေးနေသူဖြစ်သည်။
၎င်းသည် လက်ရှိ ရုရှားနှင့် စစ်မက်ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံမှလည်း မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ဝယ်ယူတင်သွင်းပေးသူဖြစ်သည်။ ဦးအောင်လှိုင်ဦးသည် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခံရသူလည်းဖြစ်သည်။
Justice For Myanmar အဖွဲ့၏ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ယူကရိန်းမှ စစ်လက်နက်ပစ္စည်းများ တင်သွင်းသလို၊ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများတွင် ဦးအောင်လှိုင်ဦး၏ MCM ကုမ္ပဏီက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်။
ယူကရိန်းနိုင်ငံပိုင် Ukroboronprom, Ukrspecexport ကုမ္ပဏီများနှင့် မြန်မာစစ်တပ်ပူးတွဲ၍ BTR-4 အမျိုးအစား သံချပ်ကာယာဉ်များ၊ MMT-40 အမျိုးအစား အပေါ့စားတင့်ကားများနှင့် 2SIU အမျိုးအစား ဟောင်ဝစ်ဇာအမြောက်များ ထုတ်လုပ်ရေးစီမံကိန်းတွင် ဦးအောင်လှိုင်ဦး၏ MCM ကုမ္ပဏီလည်း ပါဝင်နေသည်။
အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ်က ယူကရိန်းနှင့် မြန်မာစစ်တပ်ကြား သဘောတူညီချက်အရ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ယူဆရပြီး သုံးနှစ်စီမံကိန်းအရ သံချပ်ကာယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန်ဖြစ်သည်ဟု သိရသော်လည်း ထုတ်လုပ်နေခြင်း ရှိမရှိ အသေးစိတ် မသိရပေ။
၂၀၁၆ − ၁၇ ဘဏ္ဍာနှစ်တွင် ဦးအောင်လှိုင်ဦး၏ စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သော MCM Pacific Pte ကုမ္ပဏီသည် ယူကရိန်းနိုင်ငံမှနေ၍ Mi-2 နှင့် Mi17 အမျိုးအစား ရဟတ်ယာဉ်အစိတ်အပိုင်းများ၊ BTR-3U သံချပ်ကာယာဉ်ဆိုင်ရာ အစိတ်အပိုင်းများ၊ ရေတပ်သုံးဒီဇယ်အင်ဂျင်များ၊ သင်္ဘောမောင်းနှင်ရေးနှင့် ယက်မဆိုင်ရာ စနစ်များ ဝယ်ယူပေးခဲ့သည်။
ထို့ပြင် ရန်ကုန်ရှိ ၎င်းပိုင် MCM ကုမ္ပဏီသည်လည်း T-725 တိုက်ပွဲဝင်တင့်ကားအစိတ်အပိုင်းများ ဝယ်ယူတင်သွင်းပေးခဲ့ပြီး ထိုစစ်လက်နက်ပစ္စည်းဝယ်ယူမှုများအတွက် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေများဖြင့် ပေးချေခဲ့ခြင်းဖြစ်သည်ဟု Justice For Myanmar ၏ အစီရင်ခံစာက ဆိုသည်။
အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများတွင် အားပေးကူညီနေသည်ဆိုကာ MCM ကုမ္ပဏီပိုင်ရှင် ဦးအောင်လှိုင်ဦးအပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၉ ဦးနှင့် ၎င်းတို့ပိုင်ကုမ္ပဏီများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့သည့်လအတွင်း အမည်ပျက်စာရင်းသွင်းခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)