
ရတနာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းမှ နုတ်ထွက်မည့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးနှစ်ခုဖြစ်သော ပြင်သစ်အခြေစိုက် Total နှင့် အမေရိကန်အခြေစိုက် Chevron တို့၏ ရှယ်ယာများကို မိတ်ဖက် ထိုင်း PTT ကုမ္ပဏီက အများဆုံးဝယ်ယူကာ အော်ပရေတာအဖြစ် ဆက်လက်လုပ်ကိုင်ဖွယ်ရှိနေသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာသည့်အခြေအနေများကြောင့် Total က စီမံကိန်းမှ နုတ်ထွက်ရန် ၂၀၂၂ ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သလို Chevron ကလည်း အလားတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရှယ်ယာများလွှဲပြောင်းရောင်းချမှုနှင့် ပတ်သက်၍ ကုမ္ပဏီများအနေဖြင့် သတင်းမပေါက်ကြားရန် လျှို့ဝှက်ထားကြောင်း၊ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ထိုင်း PTT ကုမ္ပဏီသည် အော်ပရေတာဖြစ်လာရန် အလားအလာများကြောင်း Total မှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
“ရှယ်ယာရှင်နှစ်ဦး ကျန်မှာဆိုတော့ PTT ပဲ ဆက်ယူဖို့ များပါတယ်။ သူတို့ ကြေညာကတည်းက ရှယ်ယာရှင်ပဲ လွှဲပြောင်းပေးမယ် ပြောထားတာကို။ PTT အနေနဲ့က စီမံကိန်းရှယ်ယာရှင်ဖြစ်သလို ဝယ်လက်လည်းဖြစ်နေတယ်” ဟု Total ကုမ္ပဏီတွင် လုပ်သက် ၁၀ နှစ်ရှိပြီဖြစ်သည့် ကမ်းလွန်ဓာတ်ငွေ့တူးဖော်ရေး အင်ဂျင်နီယာတစ်ဦးက Myanmar Now ကို ပြောသည်။
ရတနာကမ်းလွန်စီမံကိန်းတွင် ပြင်သစ်ရေနံကုမ္ပဏီ Total က ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း၊ အမေရိကန်ရေနံကုမ္ပဏီ Unocal – Chevron က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။
ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ ၇၀ ရာခိုင်နှုန်းကို ထိုင်းသို့ တင်ပို့ရောင်းချနေပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းအတွက် ရောင်းချပေးနေသည်။
“ဒီက ထွက်တဲ့ Gas က သူတို့အတွက် အရေးကြီးပါတယ်။ ရတနာက ထုတ်လုပ်မှုကျလာမှာ ကြိုတွက်ထားပြီး သူတို့ကိုယ်တိုင် ဇောတိကစီမံကိန်းနဲ့ ထုတ်လုပ်ထားတာတွေရှိနေတော့ စီမံကိန်းကို အချိန်တိုအတွင်း ဆက်လက် လုပ်ကိုင်နိုင်မဲ့အခြေအနေလည်း သူ့မှာ ရှိပြီးသားဖြစ်နေတာပေါ့” ဟု အထက်ပါ အင်ဂျင်နီယာက ဆက်ပြောသည်။
စီမံကိန်းစာချုပ်အရ အော်ပရေတာအဖြစ်မှ နုတ်ထွက်ပြီး ၆ လအတွင်း အော်ပရေတာအသစ်ကို လွှဲပြောင်းရမည်ဖြစ်သည်ဟု သိရကြောင်း၊ ဝန်ထမ်းရေးရာကိစ္စများနှင့် ပတ်သက်၍ နောက်ဆက်တွဲကြေညာချက်များ တရားဝင်မထွက်သေးကြောင်း ၎င်းက ဆိုသည်။
ထွက်ခွာပြီးနောက် Total ၏ ရှယ်ယာများကို လက်ရှိမိတ်ဖက်ကုမ္ပဏီထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး ထိုမိတ်ဖက်ကုမ္ပဏီတစ်ခုက အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖေဖော်ဝါရီ ၁၁ တွင် ရေးသားဖော်ပြသည်။
ရှယ်ယာရောင်းချမှုနှင့် ပတ်သက်၍ ကုမ္ပဏီအချင်းချင်းကြား ပြီးပြတ်ပြီးမှ အကြောင်းကြားရပြီး လက်ရှိတွင် အဖြေမထွက်သေးကြောင်း MOGE အကြံပေး ဦးကျော်ဉာဏ်ထွန်းက Myanmar Now ကို ပြောသည်။
“ပါတနာအချင်းချင်း ဆွေးနွေးကြ၊ ပြီးတော့မှ အကြောင်းကြားကြပါလိမ့်မယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ ဘာမှ မသိသေးပါဘူးဗျ။ သူတို့အချင်းချင်း သူတို့ဘာသာ Announce လုပ်တာ ရှိတယ်။ ကျွန်တော်တို့ဆီကိုတော့ တရားဝင် ဘာမှတော့ မလုပ်သေးဘူး” ဟု ၎င်းက ဆိုသည်။
ရတနာစီမံကိန်းမှ ကုမ္ပဏီ၂ ခု ထွက်ခွာမည်ဖြစ်၍ ပိုင်ဆိုင်သူနှင့် အော်ပရေတာပြောင်းလဲနိုင်သော်လည်း မူလချုပ်ဆိုထားသည့် စာချုပ်များအရ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်၍ ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ အပြောင်းအလဲမရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
သယံဇာတဝင်ငွေများ စစ်ကောင်စီထံ စီးဆင်းစေခြင်းသည် ပြည်သူကို ဖမ်းဆီး၊ သတ်ဖြတ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို အားပေးရာရောက်စေသဖြင့် PTT အနေဖြင့် ထိုကျူးလွန်မှုများတွင် ပါဝင်မလားဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြောသည်။
ထိုင်းနိုင်ငံပိုင် ကုမ္ပဏီကြီးတစ်ခုအနေဖြင့် အာဆီယံကပင် အသိအမှတ်မပြုသည့် စစ်ကောင်စီနှင့် ဆက်ဆံသည်မှာ ဂုဏ်သိက္ခာကျကြောင်း ၎င်းက ဆိုသည်။
“ထိုင်းပြည်သူတွေကို စော်ကားရာရောက်သလို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မစဉ်းစားရာ ရောက်တယ်ပေါ့။ အဲဒီတော့ PTT အနေနဲ့ကတော့ ဒီကိစ္စတွေကို ဆွေးနွေးချင်တယ်ဆိုရင် Legitimate Body ဖြစ်တဲ့ NUG နဲ့ ဆွေးနွေးသင့်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်”
ထွက်ခွာမည့် ကုမ္ပဏီကြီးများအနေဖြင့် စစ်ကောင်စီအကျိုးအမြတ်မရှိစေရန်၊ တာဝန်ယူမှုရှိရန် လိုအပ်သလို NUG ၏ ခွင့်ပြုချက်ရယူရန် လိုကြောင်း ၎င်းက ပြောသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းသည် စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်နေပြီး ထိုဝင်ငွေများကို လက်နက်ဝယ်ယူတွင် အသုံးပြုနိုင်ဖွယ်ရှိသောကြောင့် အကျိုးအမြတ် မခွဲဝေပေးရန် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများကို တက်ကြွလှုပ်ရှားသူများက တောင်းဆိုလျက်ရှိသည်။
စစ်တပ်လက်အောက်ခံ MOGE ထံ ရတနာစီမံကိန်းမှ ရရှိသည့် ဝင်ငွေများ ရောက်ရှိနေခြင်းကို ရပ်တန့်ရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာက တောင်းဆိုမှုများ ရှိသော်လည်း သဘာဝဓာတ်ငွေ့ယူသည့် ထိုင်း PTT ကုမ္ပဏီကသာ တိုက်ရိုက်စီမံခန့်ခွဲခြင်းဖြစ်ကြောင်းလည်း Total ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။
တစ်ချိန်တည်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ ပုံမှန်ထုတ်လုပ်နေသလို ထွက်ခွာမည့် စွမ်းအင်ကုမ္ပဏီများ၏ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းနေသည်။
ထိုင်း PTT ကုမ္ပဏီအနေဖြင့် ရတနာစီမံကိန်းတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာပါက မြန်မာနိုင်ငံ၏ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၄ ခုတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်လာမည်ဖြစ်သည်။
လက်ရှိတွင် PTT ကုမ္ပဏီသည် ရတနာစီမံကိန်းတွင် ၂၅ ဒသမ ၅၊ ရဲတံခွန်တွင် ၁၉ ဒသမ ၁၃၈ ရာခိုင်နှုန်းပိုင်သလို ဇောတိကစီမံကိန်းတွင် အော်ပရေတာအဖြစ် လုပ်ကိုင်နေကာ စီမံကိန်း၏ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။
အာဏာမသိမ်းမီက ရေးဆွဲအတည်ပြုခဲ့သည့် ရသုံးမှန်းခြေငွေစာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)