စင်ကာပူ (ရိုက်တာ) — နိုင်ငံတော် လျှို့ဝှက်စာရွက်စာတမ်းများကို ရယူကာ နိုင်ငံခြားသတင်းဌာနများသို့ ရောင်းချရန် ကြံစည်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးရုံးတင်စစ်ဆေးခံနေရ သည့် ‘ရိုက်တာ’ သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက စနေနေ့တွင် တောင်းဆိုလိုက်သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် ဒေသတွင်းညီလာခံတစ်ခုသို့ တက်ရောက်လာသည့် ပွန်ပီယိုသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကိုလည်း သတင်းထောက်နှစ်ဦးအတွက် စိတ်ပူကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဟီသာ နောအတ်က ပြောသည်။
‘ရိုက်တာ’သတင်းဌာန၏ မြန်မာနိုင်ငံဌာနေသတင်းထောက်နှစ်ဦးဖြစ်သည့် ကျော်စိုးဦး (၂၈ နှစ်) နှင့် ဝလုံး (၃၂ နှစ်) တို့သည် မြန်မာနိုင်ငံ၏ကိုလိုနီခေတ်လက်ကျန်ဥပဒေ နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ အချက်များကို ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်ဖြင့် အထိန်းသိမ်းခံထားရကာ အမှုရင်ဆိုင်နေရသည်။ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံနိုင်သည်။
၎င်းတို့နှစ်ဦး၏ ရုံးချိန်းကို မနက်ဖြန် တနင်္လာနေ့တွင် ပြန်လည်စစ်ဆေးမည်ဖြစ်သည်။ မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ အဆိုပါအမှုသည် တရားရုံးသို့ရောက်ပြီး ဖြစ်သည်ဟု ‘ရိုက်တာ’ကို ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ရဲ့တရားစီရင်ရေးစနစ်ဟာ သီးခြားလွတ်လပ်ပါတယ်။ ဒါကြောင့်မို့ တရားရုံးက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို စောင့်ကြည့်ရပါမယ်။ ‘ရိုက်တာ’ကိုရော၊ သတင်းထောက် နှစ်ယောက်ရဲ့ မိသားစုတွေကိုရော ဥပဒေအောက်မှာ မျှမျှတတပဲ ဆက်ဆံပါတယ်။ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို လိုက်နာပါတယ်။ ဥပမာပြောရရင် သူတို့စိတ်ကြိုက် ရှေ့နေကို ငှားရမ်းခွင့်ပေးထားပါတယ်”ဟု ဦးဇော်ဌေးက ‘ရိုက်တာ’ကို တယ်လီဖုန်းဖြင့် ပြောသည်။
၎င်းတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ဒေသခံမွတ်စလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသော ကိစ္စကို သတင်းလိုက်နေစဉ်အတွင်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ မွတ်စလင် ၁၀ ဦး သတ်ခံရသည့်သတင်းကို တပ်မတော်ကလည်း ဝန်ခံထားပြီး ကျူးလွန်ထား သူများကို အရေးယူပြီးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ (Reuters)