သတင်း

ရိုက်တာသတင်းထောက်များလွတ်လာခြင်းကို ဝမ်းမြောက်မိကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်ပြောကြား

နိုင်ငံတော်သမ္မတ၏ သုံးကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် ရိုက်တာသတင်းဌာန သတင်းထောက်များဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ယနေ့ အင်းစိန်ထောင်မှ လွတ်မြောက်လာခြင်းကို ၎င်းတို့နှင့်ပတ်သက်၍ ထောင်ကျခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က ဝမ်းမြောက်မိကြောင်း ဆိုသည်။

“သူတို့မိသားစုဝင်တွေကိုယ်စား တကယ် ဝမ်းမြောက်မိပါတယ်” ဟု ယနေ့ ပြန်လွတ်လာသည့် အကျဉ်းသား ၆၅၂၀ ထဲတွင် အပါအဝင်ဖြစ်သည့် သတင်းထောက်နှစ်ဦးအတွက် ၎င်းက ဆိုသည်။

၎င်းသည်  ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာတွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်စလင်အမျိုးသား ၁၀ ဦးကို လက်နောက်ပြန်ကြိုးတုပ်၍  ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကိုဝလုံးအား အင်တာဗျူးလက်ခံပြုလုပ်ခဲ့သူဖြစ်သည်။

ထိုသတင်းကြောင့် ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည့်ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများက ၂၀၁၇ ဒီဇင်ဘာလအတွင်း ၎င်းတို့အား စာရွက်စာတမ်းများပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု ဦးမိုးရန်နိုင်က တရားရုံးတွင် ဖွင့်ချခဲ့သည်။

ကိုဝလုံး (၃၃ နှစ်) နှင့် ကိုကျော်စိုးဦး (၂၉ နှစ်) တို့သည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ကျူးလွန်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ထောင်ထဲတွင် တစ်နှစ်နှင့် ငါးလ နီးပါး နေခဲ့ရသည်။

ထိုကဲ့သို့ဖွင့်ချပြီးနောက် သူသည် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချခံရပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

ကိုဝလုံးကို လက်ခံတွေ့ဆုံခဲ့ခြင်းကြောင့် ဒုက္ခများ ကျရောက်လာခဲ့သော်လည်း ၎င်းတို့အပေါ် မည်သို့မျှစိတ်ကွက်ခြင်းမရှိကြောင်း၊ အခြေအနေများ တိုက်ဆိုင်သွားခြင်းကြောင့်သာ ၎င်း ဒုက္ခရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးရန်နိုင်က ဆိုသည်။

“ကိုယ့်ကံကြမ္မာကိုက ဆိုးမယ့်အခြေအနေရောက်လာတာကိုးဟု သူက ဆိုသည်။

အင်းဒင်ကျေးရွာသတ်ဖြတ်မှု ဓာတ်ပုံမှတ်တမ်းတွင် ဦးမိုးရန်နိုင်ကို ရိုင်ဖယ်သေနတ်ထမ်းလျက် တွေ့မြင်ရသောကြောင့် ထိုသတ်ဖြတ်မှုတွင် ဦးမိုးရန်နိုင်ကိုယ်တိုင် ပါမပါ နိုင်ငံတကာမှ လေ့လာသူအချို့ကလည်း မေးခွန်းထုတ်နေကြရာ ဦးမိုးရန်နိုင်ကတော့ ထိုကိစ္စတွင် သူ လုံးဝမပါခဲ့ကြောင်း အခိုင်အမာ ငြင်းဆိုသည်။

ထောင်မှပြန်လွတ်လာပြီးနောက် ဦးမိုးရန်နိုင်သည် 7Day မီဒီယာက ချီးမြှင့်သည့် ‘7Day သူရဲကောင်းဆု’ နှင့် အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းက ချီးမြှင့်သည့် ‘ပြည်သူ့ဂုဏ်ရည်ဆု’ ဂုဏ်ပြုဆု နှစ်ဆု ချီးမြှင့်ခံထားရပြီး နိုင်ငံရေးတွင် ပါဝင်ရန် စဉ်းစားနေသည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။

Show More

Related Articles

Back to top button