ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးအတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ တင်သွင်းထားသည့် အမှုပြင်ဆင်ချက်ကို လာမည့်အင်္ဂါနေ့ (မတ်လ ၂၆)တွင် လျှောက်လဲချက်ပေးမည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။
စာမျက်နှာ ၂၀ ကျော်ရှိသည့် ထိုလျှောက်လဲချက်တွင် သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း အပါအဝင် အချက် ၁၃ ချက် ပါဝင်သည်ဟု ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလက မင်္ဂလာဒုံမြို့နယ်အတွင်း သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ အဖမ်းခံရပြီး ၉ လအကြာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်သည်။ ယခုအခါ ၎င်းတို့ကို ရန်ကုန်အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။
၎င်းတို့၏ အမှုအတွက် အောက်ရုံးများတွင် အယူခံ တင်သွင်းရာတွင် ပယ်ချခံခဲ့ရပြီးနောက် ယခင်လက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အမှုပြင်ဆင်ချက်တင်သွင်းခဲ့ခြင်းဖြစ်သည်။
“အဓိကကတော့ လျှို့ဝှက်ချက် ဥပဒေ မှားယွင်းကောက်ယူတဲ့ အကြောင်းတွေ၊ ဝလုံးနဲ့ကျော်စိုးဦးက ဒီစာရွတ်စာတမ်းတွေ ရေးမှတ်တာ ဖြန့်ဖြူးတာ အကွက်ချ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းခံခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေ၊ လျှို့ဝှက်အဖြစ် သတ်မှတ်တဲ့ စာရွတ်စာတမ်းတွေက အများသူငါ သိရှိပြီးသား ဆိုတဲ့ အကြောင်းတွေ အဲလောက်ပါပဲ” ဟု သတင်းထောက်များ၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
သတင်းထောက်နှစ်ဦးအနက် ကိုကျော်စိုးဦးသည် ပြီးခဲ့သည့်လက တုပ်ကွေးရောဂါတစ်မျိုး ခံစားခဲ့ရပြီး အပြင်းဖျားခဲ့ သော်လည်း ပြန်လည် သက်သာလာပြီဟု သူ၏ဇနီးက ပြောသည်။
ရိုက်တာသတင်းထောက်များသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် အရပ်သား ၁၀ ဦး အသတ်ခံရသည့် သတင်းများ အတည်ပြုနိုင်ရန်အတွက် အဆိုပါနေရာတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ဆုံ အင်တာဗျူးနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က သတင်းထောက်များကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် အသေးစိတ် ထွက်ဆိုခဲ့သည်။
ထိုသို့ထွက်ဆိုအပြီး မကြာခင် ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် အခွင့်မရှိဘဲ သတင်းထောက်များကို လက်ခံစကားပြောသည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ်အပြစ်ပေးခံရပြီး ၎င်း၏ မိသားစုသည် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ ချက်ချင်း ဖယ်ရှားခံခဲ့ရသည်။
သတင်းထောက်များကို ကနဦးဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့အင်အား၊ လက်နက်စာရင်းများ ပါဝင်သည့် လျှို့ဝှက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ကိုင်ဖုန်းများအတွင်း လျှို့ဝှက်စာတမ်းများပါ တွေ့ရှိသည်ဟု ဆိုခဲ့သည်။
အဆိုပါ လက်ကိုင်ဖုန်းများအတွင်းရှိ စာရွက်စာတမ်းများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းအများစုဖြစ်ကြောင်း၊ သို့ရာတွင် ထိုစာရွက်များသည် လုံခြုံရေးအဆင့် သတ်မှတ်ထားသည့် စာရွက်များဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ ပေးပို့ခြင်း၊ စုဆောင်းခြင်းဆိုသည့် စကားရပ်နှင့် အကျုံးဝင်ကြောင်း၊ ထို့အပြင် ကိုဝလုံး၏ မှတ်စုစာရွက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ဖုန်းနံပါတ်များကို တွေ့ကြောင်း တရားစွဲအဖွဲ့အစည်းက ထွက်ဆိုခဲ့သည်။
တရားလိုပြသက်သေအများစု၏ ထွက်ဆိုချက်များသည်လည်း သတင်းထောက်နှစ်ယောက်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့၏ ထွက်ဆိုချက်တို့နှင့် များစွာကွဲလွဲနေခဲ့သည်။
တရားခွင်တွင် လေ့လာခဲ့ကြသည့် နိုင်ငံတကာ သံတမန်များက သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ကိုကျော်စိုးဦး၏ ဇနီးသည် မချစ်စုဝင်းက အမြင့်ဆုံးတရားရုံးသည် သတင်းထောက်နှစ်ဦးအတွက် မျှတသည့် ဆုံးဖြတ်ချက် ချမှတ်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။