ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရသည်ဟု လူအများအပြားက ယူဆကြသည့် သတင်းထောက် ဝလုံး၏ ၃၃ နှစ်ပြည့် မွေးနေ့ကို ၎င်းအထိန်းသိမ်းခံနေရသည့် ရန်ကုန်၊ အင်းစိန်ထောင်အတွင်း ယနေ့ ကျင်းပခဲ့သည်ဟု ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် ဇနီးသည် မပန်းအိမွန်က ပြောသည်။
ဧပြီ ၁၁ ဆိုလျှင် ဇနီးမောင်နှံ ဘုရားသွား၊ ကျောင်းတက် ခြင်းဖြင့် မွေးနေ့ကို ကျော်ဖြတ်လေ့ရှိခဲ့သော်လည်း ယခုနှစ် မွေးနေ့ အစီအစဉ်မှာ ယခင်နှစ်များနှင့် မတူတော့ပေ။
၇ လအရွယ် သမီးငယ်ကို ဖခင် ဝလုံး ရှိရာ အင်းစိန်ထောင်သို့ ခေါ်သွားပြီး မွေးနေ့ အမှတ်တရ မိသားစု ဆုတောင်းကြသည်ဟု မပန်းအိမွန်က Myanmar Now ကို ပြောသည်။
ထောင်ဝင်စာတွေ့သည့်အချိန်မှာ ကလေးငယ် နှင့် သူ၏ ဖခင် ခေတ္တ ဆုံစည်းခွင့် ရကြသည့် ရှားပါးအချိန်ကာလလည်း ဖြစ်သည်။
“သမီးပါသွားတဲ့ အချိန်ဆို အစ်မနဲ့တောင် စကား ကောင်းကောင်းမပြောနိုင်ဘူး။ ကလေးချီပြီးပဲ နေတယ်။ ဒီနေ့လည်း သူ ဘာစကားမှတောင် မပြောပါဘူး။ သူအမြန်ဆုံး အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့အတွက် ဒီညနေ အစ်မတို့ သားအမိ ဘုရားတက်မယ်” ဟု ၃၆ နှစ်အရွယ် မပန်းအိမွန်က ပြောသည်။
ခင်ပွန်းသည်၏ အမှုတွဲ သတင်းထောက် ကျော်စိုးဦးလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း၊ သတင်းသမားနှစ်ယောက်လုံး မိသားစုနှင့် အမြန်ဆုံး ဆုံစည်းနိုင်ရန် ဆုတောင်းကြောင်း သူက ဆက်ပြောပြသည်။
၎င်းတို့နှစ်ဦးသည် Reuters သတင်းအေဂျင်စီ၏ သတင်းထောက်များဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အရပ်သား အများအပြားကို သတ်ဖြတ်သည့် ဖြစ်ရပ်တစ်ခု အကြောင်း စုံစမ်းနေသည့် ၂၀၁၇ နှစ်ကုန်ပိုင်းက ရန်ကုန်တွင် အဖမ်း ခံခဲ့ရသည်။
ကနဦးဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့အင်အား၊ လက်နက်စာရင်းများ ပါဝင်သည့် လျှို့ဝှက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ကိုင်ဖုန်းများအတွင်း လျှို့ဝှက်စာတမ်းများပါ တွေ့ရှိသည်ဟု ဆိုခဲ့သည်။
တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကမူ ရဲတပ်ဖွဲ့က သတင်းထောက်များကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် အသေးစိတ် ထွက်ဆိုခဲ့သည်။
ထိုသို့ထွက်ဆိုအပြီး မကြာခင် ဒုရဲမှူးဟောင်းသည် သတင်းထောက်များကို အခွင့်မရှိဘဲ လက်ခံ စကားပြောသည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုသည် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရပြီး ၎င်း၏ မိသားစုသည် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ ချက်ချင်း ဖယ်ရှားခံခဲ့ရသည်။
အာဏာရပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း ဤအမှုသည် ရိုးသားမှု မရှိဟု ပြောဖူးသည်။
‘‘အဲဒီလို အဖမ်းခံရတာတော့ မကောင်းဘူး။ ကျွန်တော်ထင်တာကတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ” ဟု ဦးဝင်းထိန်က သတင်းသမားတို့ စတင်ထိန်းသိမ်းခံရပြီး ရက်များမကြာမီ တွင် ပြောခဲ့သည်။
သတင်းထောက်နှစ်ဦးလည်း နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၈ စက်တင်ဘာ လဆန်းပိုင်းတွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည်။
အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ သတင်းသမားနှစ်ဦးသည် ဥပဒေချိုးဖောက်ခြင်းကြောင့် အရေးယူခံရသည်ဟု တစိုက်မတ်မတ် ပြောဆိုခဲ့သည်။
ဝလုံး၏ မွေးနေ့တွင် သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်တို့ကို ယူနက်စကိုက ဂုဏ်ပြုဆုပေးကြောင်း သတင်းထွက်ပေါ်လာသည်။
အင်းစိန်ရောက် သတင်းသမားနှစ်ဦးကို ယခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆု – UNESCCO/Guillermo Cano Press Freedom Prize ချီးမြှင့်ရန် နိုင်ငံတကာသတင်းမီဒီယာ သမားများအဖွဲ့က အဆိုပြုခဲ့ခြင်း ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို လာမည့်လဆန်း အီသီယိုးပီးယားနိုင်ငံတွင် ကျင်းပသွားမည်ဟု သိရသည်။
နိုင်ငံရေးသမား၊ သတင်းသမား ဟံသာဝတီ ဦးဝင်းတင်သည်လည်း အင်းစိန်တွင် အထိန်းသိမ်းခံရစဉ် ယူနက်စကိုက အဆိုပါဂုဏ်ပြုဆု ချီးမြှင့်ကြောင်း ကြေညာခဲ့သည်။