
သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသည့် တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီကို ယခုရက်ပိုင်းအတွင်း အပြီးသတ်ရောင်းချတော့မည်ဖြစ်သည်။ ရောင်းချရေးနှင့် ပတ်သက်၍ ရုံးလုပ်ငန်းစဉ်များကို စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာကုမ္ပဏီတို့ လက်စသတ်နေကြပြီဖြစ်သည်။
တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စမှာ သဘောတူညီချက်ရပြီးဖြစ်ကာ စာရွက်စာတမ်းကိစ္စသာ ကျန်ရှိတော့သည်ဟု Myanmar Now ၏ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
“ရောင်းချမှုက အပြီးသတ်ခါနီးပြီ။ (ကုမ္ပဏီ) ထိပ်ပိုင်းစီမံခန့်ခွဲသူတွေက လောလောဆယ် ကျန်နေသေးတဲ့ စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်နိုင်ဖို့ တော်တော်လောနေကြတယ်” ဟု ၎င်းက ပြောသည်။
နော်ဝေရှိ တယ်လီနောရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း တယ်လီနောမြန်မာကို M1 Group ထံ ရောင်းချရေး လုပ်ထုံးလုပ်နည်းခွင့်ပြုချက် စောင့်နေကြောင်း၊ စစ်ကောင်စီ၏ သက်ဆိုင်ရာဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဆိုပါက မကြာမီ အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။
အထင်ကရ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာမှာ ပိုင်ရှင်သစ်များလက်ထဲ မကြာမီ ရောက်ရှိတော့မည်ဖြစ်သည်။ စစ်ကောင်စီခွင့်ပြုချက်ဖြင့် တယ်လီနောမြန်မာ ရောင်းချရေးအစီအစဉ်မှာ အချိန်ရှစ်လနီးပါး ကြာညောင်းပြီးမှသာ အထမြောက်ခဲ့ခြင်းဖြစ်သည်။
တယ်လီနောမြန်မာကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ရောင်းချမည်ဖြစ်ကြောင်း တယ်လီနောအုပ်စုက ပြီးခဲ့သည့်နှစ် ဇူလိုင်လဆန်းတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ဆိုးရွားလာသော အခြေအနေများကြောင့် နိုင်ငံတကာကုမ္ပဏီများ နိုင်ငံတွင်းမှ ထွက်ခွာနေချိန်တွင် အချိန်ရှစ်လနီးပါး ကြန့်ကြာနေသော တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စ၌ ကွယ်ဝှက်ချက်များ ရှိနေသည်။
တယ်လီနောမြန်မာ ပိုင်ရှင်အသစ် ဘယ်သူလဲ
အချိန်ရှစ်လနီးပါးကြာပြီးမှ စစ်ကောင်စီခွင့်ပြုခဲ့ခြင်းမှာ တယ်လီနောမြန်မာပိုင်ရှင်သစ်သည် M1 Group တစ်ခုတည်း မဟုတ်သောကြောင့်ဖြစ်သည်။ တယ်လီနောမြန်မာကို M1 Group ထံ ရောင်းချရာတွင် စစ်ကောင်စီက ၎င်းတို့လိုလားသော ပြည်တွင်းကုမ္ပဏီတစ်ခု ပါဝင်စေခဲ့သောကြောင့် ထိုသို့ကြန့်ကြာနေခြင်းဖြစ်သည်။
တယ်လီနောမြန်မာကို M1 Group ထံ ရောင်းချမည့်အစီအစဉ်ကို စစ်ကောင်စီက ဆိုင်းငံ့ကာ ဖိအားပေးခဲ့ကြောင်း၊ ထို့နောက်မှသာ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ပူးပေါင်းဝယ်ယူမည့် အစီအစဉ်ကို ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် ရေးသားသည်။
လုပ်ငန်းသဘောအရ တယ်လီနောအုပ်စုက လက်ဘနွန်သူဌေးပိုင် ကုမ္ပဏီအုပ်စုထံ ရောင်းချမည်ဖြစ်သော်လည်း အဓိကပိုင်ရှင်မှာ ပြည်တွင်းကုမ္ပဏီဖြစ်သည်။ ထိုအတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် စစ်ကောင်စီ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ကြား ညှိုနှိုင်းသဘောတူပြီးဖြစ်သည်။
တယ်လီနောအုပ်စုက ထုတ်ဖော်ပြောရန် ငြင်းဆိုသော်လည်း ပေါက်ကြားလာသည့် စာရွက်စာတမ်းအချို့နှင့် Myanmar Now ၏ သတင်းရင်းမြစ်အရ ပြည်တွင်းကုမ္ပဏီက ရှယ်ယာအများစု ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်သည်။ တယ်လီနောမြန်မာပိုင်ရှင်သစ်ဖြစ်လာဖွယ်ရှိသူမှာ စစ်တပ်နှင့် ဆက်နွှယ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီဖြစ်သည်။
တယ်လီနောမြန်မာကို အပြီးသတ်ဝယ်ယူရေးအတွက် “Investcom Myanmar” ဟူသည့် ကုမ္ပဏီကို ရွှေဗျိုင်းဖြူနှင့် M1 Group ပူးပေါင်းတည်ထောင်သည်။ တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စအတွက် ယခုလအစောပိုင်း၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တယ်လီနောထံ စာပေးပို့ရာတွင် Investcom Myanmar ၏ ရှယ်ယာပိုင်ဆိုင်မှုအကြောင်း မေးမြန်းထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများ၌ Investcom Myanmar ကုမ္ပဏီကို မတွေ့ရှိရသေးပေ။ ထိုကုမ္ပဏီမှာ စင်ကာပူနိုင်ငံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
တယ်လီနောမြန်မာကို ဝယ်ယူရေး သေချာပြီးနှစ်ပတ်အကြာဖြစ်သော ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၂ ရက်တွင် M1 Group က “Investcom Pte” အမည်ရှိ ကုမ္ပဏီတစ်ခုကို စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့ကြောင်း စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့်ကုမ္ပဏီများ ကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းများတွင် တွေ့ရသည်။
တစ်ဖက်တွင်လည်း ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု လက်အောက်ခံ ကုန်ထုတ်ရေးလုပ်ငန်းတစ်ခုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ရွှေဗျိုင်းဖြူတယ်လီကွန်း (Shwe Byain Phyu Telecom) အဖြစ် ပြောင်းလဲထူထောင်လိုက်သည်ကို DICA မှတ်တမ်းများအရ သိရသည်။
စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Investcom Pte ကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရွှေဗျိုင်းဖြူတယ်လီကွန်းကုမ္ပဏီထံ လွှဲပြောင်းခဲ့သည်ကို Myanmar Now က ရရှိထားသည့် ACRA မှတ်တမ်းများအရ သိရသည်။
Investcom Pte ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူတယ်လီကွန်းကုမ္ပဏီက ဝယ်ယူလိုက်ပြီး နောက်တစ်ရက်တွင် ရွှေဗျိုင်းဖြူနှင့် M1 Group ပူးပေါင်းဝယ်ယူမည့်အစီအစဉ်ကို စစ်ကောင်စီ ခွင့်ပြုကြောင်း Reuters သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စ အပြီးသတ်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် အပြန်အလှန်ညှိနှိုင်းရာ၌ Investcom ကုမ္ပဏီအကြောင်း အသေးစိတ်မေးမြန်းထားသည်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရုံးတွင်းစာတစ်စောင်တွင် တွေ့ရှိရသည်။
စစ်တပ်အဆက်အနွယ် ကုမ္ပဏီ
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ပိုင်ရှင်မှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဆိုသူဖြစ်သည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၆ ခုနှစ်တွင် မနောသီတာအမည်ရ ကုမ္ပဏီကို စတင်ထူထောင်ခဲ့သူဖြစ်သည်။
၂၀၀၀ ပြည့်နှစ်တွင် ရွှေဗျိုင်းဖြူကုမ္ပဏီကို တည်ထောင်ကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်မှနေ၍ စက်သုံးဆီတင်သွင်းသည့်လုပ်ငန်းကို အကျိုးတူလုပ်ကိုင်ခဲ့သည်။ ယနေ့အချိန်တွင် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီမှာ “SBP” အမည်ရ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးဆိုင်များဖြင့် အထင်ကရကုမ္ပဏီတစ်ခုဖြစ်သည်။
ရွှေဗျိုင်းဖြူအုပ်စုအောက်တွင် စက်သုံးဆီလုပ်ငန်းအပြင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ ရတနာလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်း၊ ရေလုပ်ငန်း၊ ကုန်ထုတ်နှင့် ကုန်သွယ်ရေး စသည့် လုပ်ငန်းပေါင်းများစွာ လည်ပတ်နေသည့် လက်အောက်ခံကုမ္ပဏီ ၉ ခုထက်မနည်း ရှိနေသည်။
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမအများပိုင်ကုမ္ပဏီတွင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာအထိ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သည်။
တယ်လီနောမြန်မာ အရောင်းအဝယ်နှင့် ပတ်သက်၍ အသေးစိတ်မသိကြောင်း၊ စစ်တပ်နှင့် ဆက်နွှယ်သည်ဆိုသော စွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီ ပြောခွင့်ရ ဦးကျော်မျိုးအောင်က ပြောဆိုသည်ဟု Wired အမည်ရ နည်းပညာဆိုင်ရာမဂ္ဂဇင်းက ဖေဖော်ဝါရီ ၈ ရက်တွင် ရေးသားသည်။
ဦးသိန်းဝင်းဇော်သည် မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်ထားပြီးဖြစ်ကာ Mytel တွင် ပါဝင်သည့် မဟာရိုးမ၏ ရှယ်ယာမှာလည်း ၁ ရာခိုင်နှုန်းသာဖြစ်သည်ဟု ဦးကျော်မျိုးအောင်က ဆိုသည်။
သို့သော် တယ်လီနောမြန်မာကို ဝယ်ယူခွင့်ရရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီမှာ ရှယ်ယာ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ကြောင်း၊ နောက်ကွယ်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်ပတ်သက်နေကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။
ပွင့်လင်းမြင်သာမှုမရှိဟု စွပ်စွဲခံရ
တယ်လီနောအုပ်စုသည် တာဝန်သိမှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းအတွက် ချီးကျူးခံရလေ့ရှိသော်လည်း ၎င်း၏ မြန်မာကုမ္ပဏီကို အာဏာသိမ်းစစ်တပ်နှင့် အဆက်အစပ်ရှိကုမ္ပဏီက လွှဲပြောင်းရယူကာ လည်ပတ်မည့်အခြေအနေမျိုးအပေါ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
စာချုပ်အရ M1 Group က တယ်လီနောမြန်မာကို ဝယ်ယူပြီးနောက် ပြည်တွင်းကုမ္ပဏီထံ ရှယ်ယာအများစု လွှဲပြောင်းနိုင်သည်ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ တယ်လီနောပေးပို့ခဲ့သော ရုံးတွင်းစာအရ သိရသည်။
သို့သော် ထိုအချက်နှင့် ပတ်သက်၍ တယ်လီနောက တစ်ကြိမ်တစ်ခါမျှ ထုတ်ပြန်ခဲ့ခြင်း မရှိရာ တယ်လီနောမြန်မာပိုင်ရှင်သစ်မှာ M1 Group သာဖြစ်သည်ဟု သုံးစွဲသူများ တင်မှတ်ခဲ့ကြသည်။
တယ်လီနောပြောရေးဆိုခွင့်ရှိသူ Cathrine Stang Lund ကလည်း ထိုအချက်မှန်ကန်ကြောင်း၊ စစ်တပ်၏ ဆက်သွယ်ရေးအာဏာပိုင်ထံ အကြောင်းကြားထားပြီးဖြစ်သည်ဟု အတည်ပြုသည်။
“ရောင်းဝယ်မှု ပြီးသွားအခါ M1 အနေနဲ့ ရှယ်ယာအများစု လွှဲပြောင်းပိုင်ခွင့်ကို တယ်လီနောနဲ့ M1 ကြား အရောင်းအဝယ်သဘောတူညီမှုမှာ မတားမြစ်ထားဘူးဆိုတဲ့အကြောင်း ဆက်သွယ်ရေးအာဏာပိုင်ကို အတည်ပြုထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ထိုအချက်အရ စစ်တပ်အဆက်အနွယ် ရွှေဗျိုင်းဖြူက ရှယ်ယာအများစု ပိုင်ဆိုင်သွားမည်ကို သိသော်လည်း M1 ထံ ရောင်းချရသည့်အကြောင်း အသေးစိတ်ပြောဆိုရန်မူ Cathrine Stang Lund က ငြင်းဆန်သည်။
“M1 ကို ရောင်းချမှုအတွက် တရားဝင်ခွင့်ပြုချက်စောင့်ဆိုင်းနေတုန်း ဖြစ်ပါတယ်။ ဈေးကွက်ထဲ ပြောဆိုနေတဲ့ ထင်ကြေးတွေနဲ့ ပတ်သက်လို့ မှတ်ချက်မပေးလိုပါဘူး” ဟု တယ်လီနောပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
တယ်လီနောအုပ်စုသည် ၎င်း၏မြန်မာကုမ္ပဏီကို တက်သုတ်ရိုက်ရောင်းချကာ မြန်မာနိုင်ငံမှ အလျင်အမြန် ထွက်ခွာလိုနေကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။
သတင်းဆိုးများ ပြည့်နှက်နေသည့် ကနဦးဝယ်လက် M1 Group အပြင် စစ်တပ်ဆက်နွှယ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီကပါ ရှယ်ယာအများစုပိုင်ဆိုင်လာမည့်အပေါ် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီအုပ်စုမှာ အပြင်းအထန် ဝေဖန်ခံနေရသည်။
တယ်လီနောမြန်မာကို ဝယ်ယူမည့် M1 Group ကို လက်ဘနွန်ဝန်ကြီးချုပ် နှစ်ကြိမ်ဖြစ်ဖူးသူ နာဂျစ်မီကာတီနှင့် ညီဖြစ်သူ တာဟာတို့ ပိုင်ဆိုင်သည်။ ၎င်းတို့နှစ်ဦးမှာ လူ့အခွင့်အရေးကို အလေးမထားဘဲ ကိုယ်ကျိုးစီးပွားရှာသူ၊ စစ်အာဏာရှင်များကို ထမင်းဝစေသည့် သမိုင်းကြောင်းရှိသူများဖြစ်သည်။
စစ်တပ်နှင့် ဆက်နွှယ်သည့်ကုမ္ပဏီက နောက်ဆုံးဝယ်လက်ဖြစ်လာမည်ကို ဖုံးကွယ်ထားကြောင်း တယ်လီနောမြန်မာရောင်းချမှုကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက တယ်လီနောသည် “အကြမ်းဖက်စစ်တပ်” နှင့် ကြံရာပါကဲ့သို့ ဖြစ်သွားနိုင်သည်ဟု Justice For Myanmar အဖွဲ့က ဝေဖန်သည်။
“စစ်တပ်ဆက်နွှယ်တဲ့ ကုမ္ပဏီကို သိသိကြီးနဲ့ ရောင်းချဖို့ ကြိုးစားနေပြီးတော့ တစ်ဖက်မှာကျတော့ M1 ကို ရောင်းမှာပါလို့ အများပြည်သူကို ပြောထားတဲ့အတွက် တယ်လီနောဟာ စစ်တပ်နဲ့အတူတူ ဒီဖုံးဖိကွယ်ဝှက်မှုမှာ ပါဝင်ပတ်သက်နေတာဖြစ်တယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အရောင်းအဝယ် ချက်ချင်းရပ်ဆိုင်းပေးရန် တယ်လီနောမြန်မာဝန်ထမ်းများက ကုမ္ပဏီဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Gunn Wærsted ထံ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စာပို့တောင်းဆိုခဲ့ရာတွင် ရောင်းချမှုနှင့် ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများအပေါ် ပွင့်လင်းမြင်သာမှုမရှိဟုလည်း စွပ်စွဲထားသည်။
စစ်တပ်ကို အချက်အလက်များပေးခဲ့ရ
တယ်လီနောမြန်မာ ရောင်းချမှုနှင့် ပတ်သက်၍ ကွယ်ဝှက်နေသည့်အချက်များတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကွန်ရက်အသုံးပြုသူများ၏ ဖုန်းခေါ်မှုမှတ်တမ်းများနှင့် အချက်အလက်များ စစ်တပ်ကို ပေးခဲ့ရသည့်အကြောင်းလည်း အပါအဝင်ဖြစ်သည်။
အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာမှစ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် စစ်ကောင်စီက တယ်လီနောရုံးကို စာပို့ကာ အချက်အလက်တောင်းခံသည့် အကြမ်ရေပေါင်း ၂၀၀ ထက်မနည်းရှိသည်ကို Myanmar Now ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီက တယ်လီနောကွန်ရက်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ တည်နေရာသိရှိနိုင်ရန် အချက်အလက်များ တောင်းသည့်ပြင် ဖော်ပြပါ ဖုန်းနံပါတ်များ ပိတ်သိမ်းရန်လည်း ညွှန်ကြားခဲ့သည်။ စစ်တပ်က အချက်အလက်တောင်းခံသည့် ညွှန်ကြားချက်များ ရရှိသည်မှာ မှန်ကန်ကြောင်း၊ လိုက်နာဆောင်ရွက်ပေးခဲ့ရကြောင်းလည်း နော်ဝေရှိ တယ်လီနောရုံးချုပ်မှ တာဝန်ရှိသူက အတည်ပြုသည်။
“တည်ဆဲဥပဒေဘောင်အရ ဒီညွှန်ကြားချက်တွေကို မလိုက်နာဘူး ဒါမှမဟုတ် ချိုးဖောက်မယ်ဆိုရင် တယ်လီနောဝန်ထမ်းတွေအတွက် လုံးဝ လက်ခံနိုင်ဖွယ်မရှိတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု တယ်လီနောရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။
သို့သော် မည်သို့သော အကျိုးဆက်များဖြစ်နိုင်သည်၊ စစ်ကောင်စီက မည်သို့သော ခြိမ်းခြောက်မှုများ ရှိသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
Myanmar Now ၏ သတင်းရင်းမြစ်အရ စစ်တပ်က အချက်အလက်တောင်းခံသော တယ်လီနောနံပါတ်များတွင် ဖမ်းဝရမ်းထုတ်ခံထားရသည့် ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ အဆိုတော်လင်းလင်းတို့ သုံးစွဲသော နံပါတ်များလည်း ပါဝင်သည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် M1 Group ထံ ရောင်းချရာတွင် သုံးစွဲသူ ၁၈ သန်းကျော်၏ အချက်အလက်များလည်း ပါဝင်ကြောင်း တယ်လီနောက ထုတ်ပြန်ထားပြီးဖြစ်သည်။
ရောင်းချရာတွင် အသုံးပြုသူ ၁၈ သန်းကျော်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အဘယ်ကြောင့် တယ်လီနောက သဘောတူခဲ့သနည်းဟု နော်ဝေလွှတ်တော်ကိုယ်စားပြုအမတ်တစ်ဦးဖြစ်သူ Mahmoud Farahmand က မေးခွန်းထုတ်သည်။
“ဒီပုဂ္ဂိုလ်တွေ မည်သူမည်ဝါဆိုတဲ့ အချက်အလက်တွေ အာဏာပိုင်တွေလက်ထဲ ရောက်သွားမယ်ဆိုရင် ဒီလူတွေသာမကဘဲ လှုပ်ရှားမှုကြီး (အာဏာရှင်ဆန့်ကျင်ရေး) တစ်ခုလုံးအပေါ် ထိခိုက်မှုရှိပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီအချက်အလက်တွေကို ဖျက်ပစ်ပြီး ကျန်တဲ့ ဆက်သွယ်ရေးလုပ်ငန်းဆိုင်တာတွေကိုပဲ ရောင်းချမယ်ဆိုပြီး လုပ်နိုင်ပါတယ်။ ဒါ လုပ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာ သူတို့ အဲဒီလိုမလုပ်ဖို့ ရွေးချယ်ခဲ့ကြပုံပဲ” ဟု အဆိုပါနော်ဝေလွှတ်တော်အမတ်က Myanmar Now ကို ပြောသည်။
တယ်လီနောမြန်မာကို ရောင်းချရာတွင် ကွန်ရက်သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးနှင့်ဆိုင်သည့် အချက်အလက်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်သည်ဆိုကာ နော်ဝေနိုင်ငံရှိ တယ်လီနောအုပ်စုကို မြန်မာနိုင်ငံသားတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှတစ်ဆင့် နော်ဝေအစိုးရထံ တရားဝင်ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။
ကန့်ကွက်လွှာကို နိုင်ငံတကာကော်ပိုရေးရှင်းကြီးများဆိုင်ရာ သုတေသနဌာန (SOMO) ၏ ပံ့ပိုးမှုဖြင့် နော်ဝေအခြေစိုက် SANDS ဥပဒေအကျိုးဆောင်ကုမ္ပဏီက ကိုယ်စားပြုကာ နော်ဝေအစိုးရထံ ပေးပို့ခြင်းဖြစ်ကြောင်း SOMO က ဖေဖော်ဝါရီ ၈ တွင် ထုတ်ပြန်သည်။
တိုင်ကြားသူ မည်သူမည်ဝါဆိုသည်ကိုမူ ဥပဒေအကျိုးဆောင်ကုမ္ပဏီက ထုတ်မပြောပေ။
တယ်လီနောမြန်မာကို ရောင်းချရာတွင် သုံးစွဲသူ ၁၈ သန်းကျော်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံမှုကို ချိုးဖောက်နေပြီး ဆက်သွယ်ရေးကုမ္ပဏီများ လိုက်နာရသည့် နိုင်ငံတကာစည်းမျဉ်းတစ်ခုဖြစ်သော ဥရောပသမဂ္ဂ၏ GDPR (အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း) ကို ဖောက်ဖျက်ရာ ရောက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)