သတင်း

‘ရိုက်တာ’ သတင်းထောက်နှစ်ဦးနှင့် ဒုရဲမှူးဟောင်းတို့ကို ဂုဏ်ပြုမည် ဆိုခြင်းမှာ နားလည်မှုလွဲခြင်းသာဖြစ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသော ‘ရိုက်တာ’ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး၊ ကိုကျော်စိုးဦးနှင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်တို့ကို ဦးဝင်းတင်ဖောင်ဒေးရှင်းက ယနေ့ဂုဏ်ပြုမည်ဆိုသည်မှာ နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း ဖောင်းဒေးရှင်း အတွင်းရေး မှူး ဦးကျော်အောင်က ပြောသည်။

Myanmar Now က ဖော်ပြခဲ့သော သတင်းတစ်ပုဒ်တွင် ‘ရိုက်တာ’သတင်းထောက်နှစ်ဦးနှင့် ဒုရဲမှူးဟောင်းတို့ကို ဦးဝင်းတင် ဖောင်ဒေးရှင်းက ဂုဏ်ပြုမည်ဟု ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးထွန်းကြည်ကို ကိုးကားရေးသားခဲ့ရာ ယင်းမှာ သတင်းပေးမှုမှားယွင်းခြင်းသာဖြစ်ကြောင်း၊ ဖောင်ဒေးရှင်း၏ သုံးလတစ်ကြိမ် ဂုဏ်ပြုသည့် အစီအစဉ်အတွက် ၎င်းတို့သုံးဦးအား လျာထားသည့် အခြေအနေတွင်သာ ရှိသေးပြီး ဂုဏ်ပြုရန်အတွက် မဆုံးဖြတ်ရသေးခင် ထိုသို့နားလည်မှု လွဲမှားခြင်းဖြစ်ပေါ်ခဲ့သည်ဟု ဦးကျော်အောင်က ပြောသည်။

“ပေးမယ်လို့ ဆုံးဖြတ်ထားတာမဟုတ်ဘူး။ လျာထားစာရင်းမှာတော့ ပါတယ်။ အလုပ်အမှုဆောင် အစည်းအဝေးလုပ်တော့ အဘက်ဘက်က ဝိုင်းစဉ်းစားပြီး လောလောဆယ် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တာ” ဟု ၎င်းက ပြောသည်။

ယခုတစ်ကြိမ်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အပါအဝင် ခုနစ်ဦးကို ဂုဏ်ပြုရန်ရွေးချယ်ခဲ့ပြီး နောက်တစ်ကြိမ်ဂုဏ်ပြုမည့်အစီအစဉ်တွင် အဆိုပါသုံးဦးအား ရွေးချယ်ရေးမှာ လည်း မဆုံးဖြတ်ရသေးကြောင်း ဦးကျော်အောင်က ပြောသည်။

ဂုဏ်ပြုရန်ရွေးချယ်ထားသူများမှာ စာနယ်ဇင်းသမား ဦးခင်ညို၊  နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဦးတင်အေးကြူ(ခ)ကိုမှိုင်း၊ ဦးတင်မြင့်၊ ဦးဇောတိက၊ ဦးဝင်းမြင့်၊ ဦးတင်ထွန်းလှိုင်၊ ကိုကျော်သူရ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဘုံရိပ်သာတို့ဖြစ်သည်ဟု ၎င်းကပြောသည်။

လက်ရှိအချိန်အထိ ဖောင်ဒေးရှင်းက  နိုင်ငံရေးအကျဉ်းသားဟောင်း၊ နိုင်ငံရေးအကျဉ်းသားနှင့် ဘဝတူစာနယ်ဇင်းသမား စုစုပေါင်း ၈၃၇ ဦးအတွက် ကျပ် ၂,ဝ၁ဝ သိန်း ထောက်ပံ့ထား သည်ဟု ၎င်းက ပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို သတင်းစာဆရာ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပူးတွဲ တည်ထောင်သူ ဟံသာဝတီဦးဝင်းတင်၏ မတည်ငွေများဖြင့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွဲ့စည်း ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လက်ရှိနိုင်ငံရေးအကျဉ်းသားများနှင့် သတင်းစာ ဆရာများကို သုံးလတစ်ကြိမ် ရွေးချယ်ကာ အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုပြီး ငွေကြေးထောက်ပံ့သည်။

ထိုသို့ ထောက်ပံ့လာခဲ့သည်မှာ ၃၂ ကြိမ်ရှိခဲ့ပြီး ဖြစ်သည်။  ၃၃ ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ယနေ့ ကျင်းပမည်ဖြစ်သည်။

Show More

Related Articles

Back to top button