သတင်း

တနင်္သာရီပြဿနာ ထိရောက်စွာကိုင်တွယ်ရန် နိုင်ငံရေးလေ့လာသူများသတိပေး

ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီလလယ်အတွင်းက တနင်္သာရီတိုင်းခရီးစဉ်တွင် တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအရာရှိတချို့အား အဂတိလိုက်စားကြောင်း တိုင်ကြားမှုများနှင့် ရာထူးမှ ဖြုတ်ချပေးရန် တောင်းဆိုမှုများကို ထိရောက်စွာ ကိုင်တွယ်စုံစမ်းရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြလိုက်သည်။

ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အစိုးရအရာရှိ တချို့အပေါ် အဂတိမှုဖြင့် စွပ်စွဲချက်များ မှန်၊မမှန် အမြန်ဆုံးစစ်ဆေးပြီး၊ အကျင့်ပျက်ခြစားမှု အမှန်တကယ်ရှိခဲ့ပါက ဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူဖို့ လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ပြောသည်။

 “အဂတိလိုက်စားမှု ဖြစ်တယ်ဆိုရင် အဲဒါနဲ့ ပတ်သက်နေတဲ့ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ ဝန်ကြီးပဲ ဖြစ်ဖြစ်၊ ပါတီဦးဆောင်ပိုင်းပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ထားဝယ်နှင့် မြိတ်ဒေသမှ ဒေသခံ ၁ဝဝကျော် လက်မှတ်ထိုးကာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒီချုပ်အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့သည် ဆွေမျိုးနီးစပ်သူများအား လုပ်ပိုင်ခွင့်ချထားပေးခြင်း၊ကိုယ်ရေးအရာရှိ ခန့်ထားခြင်းနှင့် တိုင်းအတွင်းရှိ စီမံကိန်း တင်ဒါကိစ္စများနှင့် ပတ်သက်၍ အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)သို့ တိုင်ကြားထားသည်။

ဒေသမီးလင်းရေးစီမံကိန်းတွင် နိုင်ငံတော်အား သဘာဝဓာတ်ငွေ့ဖိုး ကျပ်သိန်း ၈၀,၀၀၀ ကျော် ပေးသွင်းရန် အကြွေးတင်လျက်ရှိသော GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏မိသားစုဝင်များ ပါဝင်နေခြင်း အပါအဝင် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အဂတိမကင်းဟု ဆိုကာ တိုင်ကြားခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံ၏ ဖေဖော်ဝါရီလအတွင်းက မြန်မာပြည်တောင်ပိုင်း ရက်ကြာ ခရီးစဉ်အတွင်း ဒေသခံများက  “အမေစုအလိမ်ခံနေရပြီတနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေးတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေးကျွန်ုပ်တို့ တနင်္သာရီတိုင်းသည် Animal Farm ဖြစ်နေပါပြီစသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ပြည်သူတွေလက်မခံတဲ့ တစ်နေ့မှာ အာဏာကို ဖက်တွယ်မထားဘူးဆိုပြီး NLDတာဝန်ရှိသူတွေက ပြောခဲ့ဖူးတယ်။တနင်္သာရီတိုင်း ဝန်ကြီးချုပ်အနေနဲ့က ပြည်သူမကြိုက်ဘူးဆိုတဲ့ အဆင့်ဆိုတော့ ဝန်ကြီးချုပ်က အာဏာကို ဖက်တွယ်ဦးမှာလားဆိုတာ မေးခွန်းထုတ်စရာပါဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Myanmar Nowကို ပြောသည်။

တနင်္သာရီတိုင်းအစိုးရ စွပ်စွဲခံရသည့် အဂတိစွဲချက်များ မည်မျှမှန်ကန်ကြောင်း အစိုးရက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ချပြရန် အရေးကြီးကြောင်း၊ အဂတိလိုက်စားသည်ကို တွေ့ရှိခဲ့ပါက ထိရောက်သည့်ကိုင်တွယ်မှု မလုပ်ပါက ပြည်သူလူထု ယုံကြည်ကိုးစားမှု ကျဆင်းနိုင်လာပြီး နိုင်ငံရေးပါတီပုံရိပ် ထိခိုက်နိုင်သည်ဟု  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

သို့သော် NLD အစိုးရလက်ထက် အစိုးရအရာရှိများအား ရာထူးမှ ဖယ်ရှားခဲ့ရာတွင် အထက်အမိန့် မနာခံသည့် အကြောင်းပြချက်သာ များပြားပြီး ပြည်သူနှင့် အဆင်မပြေသည့် ကိစ္စကြောင့် အပြောင်းအလဲလုပ်ပေးသည်မှာ ရှားပါးကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

ပြည်သူလူထုနဲ့ အဆင်မပြေလို့ပြီး ရခိုင်လွှတ်တော်က ဖြုတ်ချလို့ တစ်ယောက်ပဲ ပြုတ်သေးတာ တွေ့သေးတယ်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ပြီးခဲသည့်နှစ်က လွှတ်တော်တွင်း မဲခွဲကာ ဖြုတ်ချခဲ့သည်။

လက်ရှိအချိန်တွင် ဒေသခံများ၏ တိုင်ကြားထားမှုအပေါ် NLD(ဗဟို) နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ထို့ပြင် ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်အစီရင်ခံစာတစ်စောင်ကိုလည်း တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ထိုး၍ နိုင်ငံတော်သမ္မတနှင့်တကွ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဇန်နဝါရီလကုန်ပိုင်းက အစီရင်ခံ ပေးပို့ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီတိုင်းသို့ လာရောက်ရခြင်းမှာ “တိုင်းအစိုးရကို ဆုံးမရန်” ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ကျေနပ်ဖွယ် အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာမည်ဟု မျှော်လင့်ထားကြောင်း ဒေသခံအများအပြားက ယူဆနေသည်။

Show More

Related Articles

Back to top button