စစ်ကိုင်းတိုင်း ကလေးမြို့၏ အချက်အချာဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်မှစ၍ နေ့စဉ် ရာနှင့်ချီသော ဆန္ဒပြလူထုကြီးနှင့်အတူ ပါဝင်ဖူးသည့် မြင်ကွင်းများကို တစ်နှစ်ပြည့်ချိန်အထိ မချယ်ရီ* မှတ်မိနေသည်။
အထူးသဖြင့် ဆန္ဒပြပွဲများတွင် ယနေ့တိုင် ပါဝင်ဖြစ်အောင် သူ့ကို လှုံ့ဆော်ခဲ့သည့် စစ်တပ်နှင့် ဆန္ဒပြပြည်သူများ ၂၀၂၁၊ မတ် ၂ ရက် နံနက်ပိုင်းက ထိပ်တိုက်တွေ့ကြသည့် ဖြစ်စဉ်ကို သူက မမေ့နိုင်အောင် ဖြစ်နေသည်။
စစ်အာဏာရှင်စနစ်အလိုမရှိ၊ ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များကို လွှတ်ပေးရန် စသဖြင့် မျိုးစုံရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ ရှေ့တိုး၍မရအောင် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသည့် စစ်သားများက ထို့နေ့တွင် လမ်းကို ပိတ်၍ ရပ်နေသည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းပြီး တစ်ပတ်ကြာချိန်ကတည်းက စစ်တပ်၏ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ဆန္ဒပြ ဆန့်ကျင်ရာတွင် စစ်တပ်က ထိုသို့ တားမြစ်သည်မှာ ကလေးမြို့ခံလူထုအတွက် အထူးအဆန်းတော့မဟုတ်။
မချယ်ရီ အပါအဝင် လူအုပ်ကြီးက ကြွေးကြော်သံများ အော်ဟစ်ကာ ထိုနေ့က ဆန္ဒပြနေချိန်တွင် စစ်သားများဘက်ရှိ အသံချဲ့စက်မှ လူစုခွဲရန် သတိပေးသံထွက်လာသည်။ ဒါသည်လည်း ယခင်ရက်များ၌ ပုံမှန်အခြေအနေသာဖြစ်သည်။
သို့သော် ထိုနေ့တွင် သမားရိုးကျ ပုံမှန်အခြေအနေမှ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပြီး စစ်တပ်က လူအုပ်အတွင်းသို့ မျက်ရည်ယိုဗုံးများ ပစ်ထည့်လိုက်သည်၊ မကြာမီတွင် ကျည်အစစ်ပါသုံး၍ ပစ်တော့သည်။
“လူစုမကွဲဘူး။ အဲဒီမှာ ဆက်ပြီးပြကြတယ်။ လမ်းဆုံမှာ ရှေ့ကနေ ကာပေးတဲ့ လူငယ်တွေက မင်းတို့ တက်ခဲ့။ ငါတို့က နောက်မဆုတ်ဘူးဆိုတဲ့ပုံစံမျိုးဆိုတော့ ပြန်ပြီးခုခံတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့” ဟု မချယ်ရီက ပြန်ပြောပြသည်။
ထိုနေ့က စစ်တပ်၏ ပစ်ခတ်မှုအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ထားသည့် အသက် ၁၈ နှစ်အရွယ် ကိုဇင်မျိုးမောင် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ ယင်းသည် အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် ကလေးမြို့၌ ပထမဆုံးသွေးမြေကျရသည့် ဖြစ်ရပ်လည်းဖြစ်သည်။
ထိုဖြစ်စဉ်အပြီး ရက်ပေါင်း ၃၀၀ ကျော်ကြာချိန်၊ စတင်ဆန္ဒပြပြီး တစ်နှစ်ကြာချိန် ဖေဖော်ဝါရီ ၇ ရက်အထိ စစ်တပ်၏ ကြမ်းရမ်းမှုကို အန်တုကာ ကလေးဒေသခံလူထုက ရသည့်နည်းဖြင့် တစ်ရက်မပျက် ဆန္ဒပြနေကြဆဲဖြစ်သည်။
ဆန္ဒပြပွဲများကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည့် ကလေးမြို့ပေါ်တွင် ဖော်ဆောင်ရန် ခက်ချိန်တွင် နေရာပြောင်းလိုက်ကြသည်။
ကျေးရွာအခြေပြုသည့် ဆန္ဒပြပွဲများဖြစ်၍ လူဦးရေမှာ ယခင်ကထက် နည်းသော်လည်း “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” ဟူသည့် တစ်ခဲနက်ကြွေးကြော်သံများ ကလေးမြို့နယ်အတွင်း ညံနေဆဲဖြစ်သည်ကို Facebook တွင် နေ့စဉ်နီးပါးပျံ့သည့် ရုပ်သံဖိုင်အချို့က သက်သေပြနေသည်။
စစ်တပ်ကလည်း ကျေးရွာဆန္ဒပြပွဲများအထိပါ လိုက်လံရန်ရှာဆဲဖြစ်သည်ဟု ဆန္ဒပြပွဲများတွင် ပုံမှန်ပါဝင်လေ့ရှိသူ အသက် ၃၀ ကျော်အရွယ် မမိုးက ပြောသည်။ ပုန်းလျှိုးကွယ်လျှိုး ပြောက်ကျားဆန္ဒပြရသည်ဖြစ်၍ အသေးစိတ်ကိုမူ သူက ထုတ်မပြောနိုင်ပေ။
သို့သော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၁၄ ခုအထိ ဝိုင်းပတ် အခြေစိုက်ထားသည့် ကလေးမြို့ဧရိယာ ကျဉ်းကျဉ်းလေးအတွင်း ထိုသို့ အန္တရာယ်များကြားမှ မည်သည့်အတွက် ဆက်လက်အာခံနေသည်ကိုမူ မမိုးက ရှင်းပြသည်။
“သူတို့အဓမ္မအုပ်ချုပ်နေတာ၊ မတရားအုပ်ချုပ်နေတာတွေကို လုံးဝလက်မခံတဲ့အတွက် ဒီလိုမျိုး ဆန္ဒပြနေတာ။ သူတို့ကိုမလိုလားလို့ ဆန္ဒပြနေတာကို သိစေချင်တယ်။ လုံးဝလက်မခံဘူး။”
မတရားမှုကို မည်မျှရွံမုန်းကြောင်း ကလေးမြို့ခံများ သက်သေပြကြသည်မှာ ဆန္ဒပြပွဲများနှင့်ပင် မကပါ။ ပြည်သူ့အခွန်ဖြင့် တိုက်ပွဲဝင်လက်နက်တပ်ဆင်ထားသော၊ ဆန္ဒပြလျှင်ပင် ပစ်ခတ်ချေမှုန်းသော စစ်ကောင်စီကို ၂၀၂၁ မတ် ၂၈ တွင် ရရာလက်နက်နှင့် ခုခံတော်လှန်ပြခဲ့သည်။
တာဟန်းခံတပ်ဟု နာမည်ကျော်သည့် ထိုဖြစ်စဉ်မှာ နိုင်ငံအတွင်း စစ်ကောင်စီကို ပထမဆုံးခုခံမှုအဖြစ် မှတ်တမ်းဝင်သည်။ ထိုမှစ၍ ကလေးမြို့ခံ လူငယ်အချို့က ဒေသခံကာကွယ်ရေးအဖွဲ့များ(PDF) ကို စဖွဲ့သည်။
၂၀၂၁ မေလမှစ၍ စစ်ကောင်စီကို ခုခံမှုများ တိုးမြှင့်လာရာတွင် ထိုနှစ်ကုန်ပိုင်းရောက်ချိန်၌ စစ်ကောင်စီနှင့် တစ်လလျှင် တိုက်ပွဲပေါင်း ၅၀ ဝန်းကျင်အထိ ဆင်နွှဲနိုင်သည်အထိ စွမ်းဆောင်ရည်မှာ တက်နေသည်ကို ကလေး PDF ၏ စာရင်းများအရ သိရသည်။
ထိုအခြေအနေကို စစ်ကောင်စီထံမှ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပေ။ သို့သော် PDF တို့ ခုခံမှုအားကောင်းသည့် ကလေးမြို့တောင်ဘက်ပိုင်း နတ်ချောင်းရွာအနီး ဇန်နဝါရီလတွင် ဖြစ်သည့် တိုက်ပွဲတွင် လေကြောင်းကပင် စစ်ကောင်စီက တိုက်ခဲ့ရသည်။
စစ်ကောင်စီကို လက်နက်ကိုင် ခုခံမှု ၉ လဝန်းကျင် ကြာမြင့်ချိန်တွင် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို နယ်မြေစိုးမိုးမှုယူထားနိုင်သည်ဟု ကလေး PDF ဘက်က ဆိုသည်။
ထိုသို့ ကျေးရွာများ၌ PDF က အကာအကွယ် အတန်အသင့်ပေးနိုင်ချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် နည်းလမ်းကို စွန့်လွှတ်ဦးမည်မဟုတ်ဘဲ ရည်ရွယ်ချက်တူသူများနှင့် အတူတကွ ပူးပေါင်း၍ အာဏာရှင်စနစ် အမြတ်ဖြတ်နိုင်ရေး ပန်းတိုင်သို့ ဦးတည်မည်ဟု ကလေးမြို့သပိတ်ဦးဆောင်ကော်မတီဝင် ကိုရဲဝင့်သူက ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)နှင့် လမ်းပေါ်မှ ဆန္ဒပြပွဲများ ဟန်ချက်ညီညီ ရှေ့ဆက်လှုပ်ရှားရမည်ဟု ၎င်းက ယုံကြည်သည်။
“ဒီဒေါက်တိုင်တွေတစ်ခုမှ ပြိုလဲလို့မရဘူး။ အပြန်အလှန် အမှီသဟဲပြုနေရတယ်။ ဒါမျိုး ဒီနေ့ဒီအချိန်ထိ အခက်အခဲ အကျပ်အတည်းတွေကြားထဲကနေ ရတဲ့နေရာ၊ ရတဲ့အချိန်ကနေ ချီတက်နေတာ”ဟု ကိုရဲဝင့်သူက မှတ်ချက်ပြုသည်။
၂၀၂၁၊ မတ် ၂ ရက်တွင် စစ်တပ်က ကျည်အစစ်ဖြင့် စတင်ပစ်ခတ်ပြီး သွေးစွန်းခဲ့ရသည့် ဆန္ဒပြပွဲမှသည် ယနေ့တိုင် ဆက်၍ ပါဝင်ဖြစ်နေသူ မချယ်ရီကလည်း စစ်တပ်က ရက်စက်လေ၊ ယုံကြည်ချက်ပို၍ ခိုင်မြဲလေဟု ပြောသည်။
ထိုနှစ် မတ် ၁၇ တွင် ၃ ဦး၊ မတ် ၂၈ တွင် ၅ ဦး၊ ဧပြီ ၇ တွင် ၁၂ ဦး စသဖြင့် ဆန္ဒပြသူ ပစ်သတ်ခံရမှုအရေအတွက် တိုးလာချိန်တွင် ၎င်း၏ ဆုံးဖြတ်ချက် ပို၍ ခိုင်မာသွားသည်ဟု ဆိုသည်။
“သူတို့က အဲဒီလောက် ရက်ရက်စက်စက်ဖြိုခွဲမှတော့ ပိုပြီးတော့ (ဆန္ဒ)ပြရမှာလေ။ အသက်တောင် ပေးပြီးတော့ သူတို့လုပ်သေးတာပဲ။ ငါတို့က အသက်မသေသေးဘူး။ ငါတို့လုပ်ရဦးမယ်ဆိုတဲ့ စိတ်နဲ့ ဆက်လုပ်ခဲ့တာ” ဟု မချယ်ရီက ပြောသည်။
သို့သော် စစ်တပ်က ထိုသို့ သတ်ဖြတ်သည့် ဖြစ်စဉ်များအပြီးတွင် ကလေးမြို့၌ ရပ်ကွက်အလိုက် ထွက်သည့် သပိတ်စစ်ကြောင်း ၅ ခုကို လုံခြုံရေးအခြေအနေအရ တစ်ခုတည်းအဖြစ် မချယ်ရီတို့ ပေါင်းလိုက်ရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ များပြားလာသည့်နည်းတူ ဆန္ဒပြပွဲတွင် ပါဝင်သူဦးရေမှာလည်း သိသိသာသာ လျော့ကျသွားသည်။ လူနည်းနည်းနှင့် မြန်မြန်စုဝေး၊ မြန်မြန်ချီတက်၊ မြန်မြန်လူစုခွဲကြသည့် နည်းကို သုံးလာရသည်။
သို့သော် ကိုရဲဝင့်သူ၊ မမိုး၊ မချယ်ရီတို့ကဲ့သို့ အမာခံဆန္ဒပြသူများ၏ ငြိမ်းချမ်းစွာ ဆန့်ကျင်မည်ဆိုသော ဆုံးဖြတ်ချက်သည် ကလေးမြို့ဆန္ဒပြမှု နှစ်ပတ်လည်ချိန်အထိ ဆက်လက်တည်မြဲနေသည်။
သွေးစည်းညီညွတ်မှုနှင့် နိုင်ငံရေးဖြစ်ရပ်များကို ပုံဖော်သည့် စာသားများ၊ ကျဆုံးသူရဲကောင်းများကို ဦးညွှတ်အလေးပြုသည့် အောက်မေ့ဖွယ်အထိမ်းအမှတ်များ၊ ထင်ရှားကျော်ကြားသူတို့၏ ပြောစကားကောက်နုတ်ချက်များ စသဖြင့် အလျဉ်းသင့်ရာ ကြွေးကြော်ဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် ၎င်းတို့က ဆန္ဒပြထွက်နေကြဆဲ။
ကိုဗစ်နိုင်တင်းကပ်ရောဂါဒဏ် အလူးအလဲခံနေရချိန် ၂၀၂၁ ဇွန်၊ ဇူလိုင်လများအတွင်း ထိုကူးစက်ရောဂါကြောင့် နေ့စဉ် သေဆုံးသူ ၁၀ ဦးအထက်ရှိနေချိန်တွင်ပင် အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ပြသသည့် ဆန္ဒပြပွဲများ ကလေးမြို့ပေါ်တွင် တစ်ရက်မပျက်ရှိခဲ့သည်။
စစ်ကောင်စီက တင်းကျပ်ထားသည့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ရှောင်ကွင်းကာ လမ်းသွယ်များ၌ လျှပ်တစ်ပြက် စုဝေးသည့်နည်းကို ဆန္ဒပြသူတို့က သုံးကြသလို ရံဖန်ရံခါတွင် လမ်းမကြီးများပေါ်ထိ တက်ကာ ကြွေးကြော်သံများကို ယနေ့တိုင် ဟစ်အော်ကြနေကြဆဲ။
“အချိန်လည်းပြောင်းတယ်၊ နေရာလည်းပြောင်းတယ်။…မြန်မြန်ပြမယ်။ ပြီးတာနဲ့ လူစုခွဲမယ်။ (စစ်ကောင်စီက) ဆန္ဒပြတဲ့နေရာ ရောက်လာပေမဲ့ လူစုခွဲပြီးတဲ့အချိန်ဖြစ်သွားတာပေါ့” ဟု ကိုရဲဝင့်သူက ပြောသည်။
ကလေးမြို့အပြင် နိုင်ငံအနှံ့ အခြားသော မြို့ရွာများတွင် ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ပင် ဖမ်းသည့် စစ်တပ်၏ အန္တရာယ်ပေးနိုင်စွမ်းကို ၎င်းတို့ မရိပ်မိသည်တော့ မဟုတ်ပါ။ ခရိုင်မြို့ကြီးဖြစ်သော ကလေးမြို့တွင်လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုများရှိသည်။
အသက်စွန့်ခဲ့ရသူများ၊ ဖမ်းဆီးခံထားရသူများ၊ ဘဝနှင့် ရင်း၍ CDM တွင် ပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းများ၏ မျက်နှာကို ငဲ့၍ အားတင်းနေရသည်ဟု မချယ်ရီက ပြောသည်။
“အသက်ဆိုတာ တစ်ချောင်းတည်းပါတာ၊ အပိုမပါဘူး၊ ကြောက်တာပေါ့။ ကြောက်တိုင်းသာ ငြိမ်ခံလိုက်ရင် ရှုံးသွားမှာလေ။ အရှုံးမခံနိုင်ဘူး” ဟု မချယ်ရီက ဆိုသည်။
“အသက်သေသွားပါစေ။ နိုင်ငံမှာ သေနတ်နဲ့အုပ်ချုပ်တဲ့ ခေတ်ကြီးမရောက်ရဖို့ကို ကျွန်တော်တို့က အသက်ကို နိုင်ငံတော်အတွက် လှူထားပြီးသား”
ဆန္ဒပြရန် အိမ်မှထွက်သည်နှင့် တင်းကျပ်လှသည့် စစ်ကောင်စီ၏ လုံခြုံရေးအစီအမံများ၊ ဟိုနေရာ တစ်ခါ၊ ဒီနေရာ တစ်လှည့် စစ်ဆေးမေးမြန်းခံရမှုများကို နေ့စဉ် ရှောင်လွှဲ၍ သွားလာနေရသည့် သပိတ်တပ်သားများ၏ အဖြစ်ကို ကိုရဲဝင့်သူကတော့ ယခုလို ရည်ညွှန်းသည်။
“ဘယ်အချိန်က ကိုယ့်အတွက် နောက်ဆုံးအချိန်ဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေဆိုတော့ ဘုရားရှိခိုးပြီးမှ သွားရတာမျိုးတွေ ရှိတယ်”
ထို့အတူ ကလေးမြို့တွင် နှစ်ပတ်လည်သည်အထိ ပုံမှန်ဆန္ဒပြနိုင်ခြင်းမှာ ပြည်သူ့ကျေးဇူးကြောင့်ဟု ၎င်းက အမွှမ်းတင်သည်။
“ပြည်သူတွေက မထောက်ခံရင် သပိတ်တွေက ထွက်ဖို့မဖြစ်နိုင်ဘူး။ သတင်းပေးလိုက်တာနဲ့ ချက်ချင်းရောက်လာပြီး ချက်ချင်းဖမ်းလိုက်နိုင်တယ်။ ပြည်သူတွေထောက်ခံနေလို့သာ ပြည်သူတွေကြားထဲမှာ သပိတ်တွေက ဆက်ပြီး ထွက်လို့ရနေသေးတာ”
စစ်ကောင်စီကို ခုခံသည့် လှုပ်ရှားမှုများ အားကောင်းသော၊ မကွေးတိုင်း ပုံတောင်ပုံညာတောင်တန်းနှင့် ချင်းတောင်တန်းတို့ကြားတွင် တည်ရှိသော၊ လူဦးရေ သုံးသိန်းကျော်နေထိုင်ကာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ကလေးမြို့သည် ဒီမိုကရေစီရေးတွင် မည်သည့်အခါမျှ လက်မနှေးခဲ့ဟု ကိုရဲဝင့်သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်း စုံချစ်ချစ်ခင်ခင်နေကြတဲ့မြို့။ စည်းလည်းစည်းလုံးတယ်။ ရှေ့က လုပ်ခဲ့တဲ့သူတွေရဲ့ နိုင်ငံရေးအမွေ လက်ဆင့်ကမ်းပြီး သယ်လာတယ်လို့ပဲ ထင်တယ်” ဟု သူက ဆိုသည်။
ချင်းနှင့် ဗမာ အများစုရှိသော ကလေးမြို့တွင် ရှမ်း၊ ကချင်၊ ရခိုင် တိုင်းရင်းသားများလည်း နေထိုင်သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ မှတ်တမ်းအရ သိရသည်။
ထိုသို့ မတူကွဲပြားမှုများကြားမှ တူညီသော ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ခရီးကြမ်းတွင် ဆန္ဒပြသည့် နည်းဖြင့် ပါဝင်သူများ မဖြစ်မနေ ဆက်ရှိမည်ဟု ကလေးမြို့သပိတ်ဦးဆောင်ကော်မတီဝင် ကိုရဲဝင့်သူက အာမခံသည်။
“အသက်ရှင်နေသရွေ့ ဒီမိုကရေစီအောင်ပွဲရတဲ့အထိ ဆန္ဒပြပွဲတွေက လမ်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေမှာ”
(* သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)