သတင်း

ကလေးမြို့ဆန္ဒပြပွဲ ရက် ၂၀၀ ပြည့်နေ့တွင် ၁၀ ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ယနေ့ (သြဂုတ် ၂၆) ရက်မနက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုအပြီး လူစုခွဲချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးရာ ဆန္ဒပြသူ ၁၀ ဦးခန့် ဖမ်းဆီးခံရသည်။

နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆန္ဒပြသူများက လျှပ်စစ်ရုံးနောက်ဘက်၌ လူစုခွဲရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

“(ဆန္ဒပြပြီးလို့) မုန့်နဲ့ဖျော်ရည် ဝေနေတဲ့အချိန်မှာ အရပ်ဝတ်တွေနဲ့ နှစ်ဖက်ညှပ်ပိတ်ပြီး ဖမ်းတာ။ အရပ်ဝတ်တွေနဲ့ရော၊ ရဲဝတ်စုံတွေနဲ့ရော၊ ကားတွေအများကြီးနဲ့ လာဖမ်းတာ။ အခု စုံစမ်းသလောက်တော့ အနည်းဆုံး ၁၀ ယောက်လောက် ပါသွားတယ်။ ဆိုင်ကယ်တွေရော ပါသွားတယ်” ဟု ယနေ့ ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။

သူကိုယ်တိုင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးမှုကို လွတ်မြောက်အောင် ထွက်ပြေးခဲ့ရသည်။ 

နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမျိုးသမီးငယ်အများစု အဖမ်းခံခဲ့ရကြောင်း သူက ဆက်ပြောသည်။ 

ကလေးမြို့ဒေသခံများသည် စစ်အာဏာရှင်ကို နေ့စဉ် ဆန္ဒပြနေခြင်းဖြစ်ပြီး ယနေ့ ဆန္ဒပြမှု ရက် ၂၀၀ ပြည့်သည့်နေ့တွင် ဖြိုခွင်းဖမ်းဆီးခံရခြင်း ဖြစ်သည်။  

လူ ၁၀၀ နီးပါးခန့် ပါဝင်သည့် ကလေးမြို့ဆန္ဒပြစစ်ကြောင်းတွင် အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး ဆိုင်ကယ် ၅ စီးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ 

“ကလေး – ဂန့်ဂေါလမ်း(နတ်ချောင်းလမ်း)ပေါ် (ဆန္ဒပြစစ်ကြောင်းက) ခဏတက်လိုက်တယ်။ တစ်နေရာတည်းက ဝင်လာတာ မဟုတ်ဘဲနဲ့ နေရာပေါင်းစုံကနေ ဝင်ပိတ်ပြီးဖမ်းတာ။ အဲ့ဒါကြောင့် ပါသွားတဲ့သူ များတာ။ ပြေးပေါက်သိပ်မရှိတော့ဘူး”   ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အမျိုးသားက ဆက်ပြောသည်။ 

ဖေဖော်ဝါရီလဆန်းမှစ၍ နေ့စဉ်ထွက်နေသည့် ကလေးမြို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုသည် တာဟန်းခံတပ်ဖြိုခွဲခံရမှုအပြီး ယခုကဲ့သို့ ညှပ်ပိတ်ဖမ်းဆီးခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ 

“သူတို့က (ဖြိုခွင်းဖို့) ကြိုးစားနေတာကြာပြီ၊ ကလေးမြို့မှာ သပိတ်စစ်ကြောင်းကို ဖြိုခွဲဖို့၊ ဖမ်းဆီးဖို့။ ရပ်ကွက်တိုင်းက လူတွေက ညီပြီးတော့၊ စစ်ကြောင်းလိုက်တဲ့သူတွေကလည်း ပါးနပ်တော့ (ပြီးခဲ့တဲ့နေ့တွေ က အဖမ်းမခံခဲ့ရဘူး)” ဟု ထိုအမျိုးသားက ပြောသည်။ 

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ကလေးမြို့အရှေ့ရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးသေးကြောင်း ကလေးမြို့ဒေသခံ နောက်တစ်ဦးထံမှ သိရသည်။

ကလေးမြို့သည် စစ်အာဏာရှင်၏ ဖိနှိပ်မှုကို တူမီးအပါအဝင် ရရာလက်နက်ဖြင့် ခုခံသည့်မြို့နယ်များအနက် အစောဆုံးပါဝင်သည့် မြို့နယ်ဖြစ်ပြီး ဖမ်းဆီးစစ်ဆေးမှုများတင်းကျပ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများလည်း နေ့စဉ်ချီတက်ဆန္ဒပြရာမြို့ဖြစ်ကာ အမျိုးသမီးများ အများဆုံးပါဝင်သည်။ 

” အခုလို ဖမ်းဆီးခံရပေမဲ့ အကြမ်းမဖက်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြရင်း စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေတာကတော့ ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ဆန္ဒပြသူ အမျိုးသားက ဆက်ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button