ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှု အားကောင်းသည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၅၀၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ပြည်သူ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
မြေပြင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဇန်နဝါရီ ၃၁ ညပိုင်းတွင် မွေ့တုံကျေးရွာနှင့် ပမ်းကျေးရွာတို့ကို ဝင်ရောက်စီးနင်းသည်ဟု ရွာခံနှစ်ဦးနှင့် စစ်ကောင်စီကို ခုခံနေသည့် ဒေသအခြေစိုက် PDF ၊ ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အိမ်ခြေ ၂၅၀ ကျော်ရှိသည့် မွေ့တုံကျေးရွာနှင့် အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ပမ်းကျေးရွာတို့တွင် အိမ်ခြေ ၂၀၀ ကျော်စီ မီးလောင်ဆုံးရှုံးခဲ့သည်ဟု ၎င်းတို့က ပြောသည်။
ပုလဲ – ဂန့်ဂေါ လမ်းမအနီး ၅ မိုင်ခန့် အကွာအဝေးတွင်ရှိသည့် မွေ့တုံကျေးရွာသို့ ထိုနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ရဟတ်ယာဉ် ၂ စီး ဆင်းသက်ခဲ့ပြီးနောက် စစ်သားအင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်း ၃ ခုခွဲကာ စစ်ရေးလှုပ်ရှားသည်ဟု အသက် ၄၈ နှစ်အရွယ် မွေ့တုံကျေးရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် ရုတ်တရက် စီးနင်းခြင်းဖြစ်၍ ဒေသခံတို့မှာ မည်သည့်ပစ္စည်းမျှ ယူဆောင်နိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာသို့ ကိုယ်လွတ်ရုန်းပြေးခဲ့ရသည်ဟု ၎င်းက ပြောသည်။
“သေနတ်သံတွေနဲ့ ပစ်ခတ်ပြီးဝင်လာတော့ ကျွန်တော်တို့က ပြေးရတော့တာဗျာ။ သူတို့ကိုလည်း မကြည့်ရဲတော့ဘူး။ လွတ်အောင်ပဲ ပြေးရတော့တာ” ဟု ထိုသူက ဆိုသည်။
ထိုစစ်ကြောင်းမှာ မွေ့တုံကျေးရွာအတွင်း တစ်အိမ်ဝင်၊ တစ်အိမ်ထွက် မွှေနှောက်ကာ အလိုရှိရာများကို ယူဆောင်သွားပြီးနောက် ည ၇ နာရီခန့်တွင် စတင်မီးရှို့ရာ ရွာအလယ်ပိုင်းရှိ ၎င်း၏ နေအိမ်ပါ မီးထဲပါသွားသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
“ကျွန်တော်တို့က ကိုယ့်တောင်သူအလုပ် ကိုယ့်ဘာသာ လုပ်ကိုင်စားနေတာ သူတို့ကို တော်လှန်ပုန်ကန်နေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ကို သက်သက်မဲ့ မီးရှို့သွားတာဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ် ကျေနပ်လို့ရမှာလဲ၊ ခံစားရတာပေါ့ဗျ” ဟု ၎င်းက ဆိုသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၎င်းပိုင်ဆိုင်သည့် ၂ ထပ်အိမ်တစ်လုံး၊ သိန်း ၄၀ ကျော် တန်ဖိုးရှိသည့် နေကြာ ၁၅၀ တင်း၊ နွာစာစဉ်းသည့် စက် ၂ လုံး၊ နွားတင်းကုပ် ၂ လုံး၊ ဆိုင်ကယ် ၂ စီး၊ စက်ဘီး ၂ စီး၊ ရေမော်တာ ၃ လုံး စုစုပေါင်း ကျပ်သိန်းထောင်ဂဏန်းခန့် ဆုံးရှုံးသည်ဟု ထိုသူက ပြောသည်။
ထိုစစ်ကြောင်းသည် မွေ့တုံရွာအနောက်ပိုင်းရှိ ၎င်း၏ နေအိမ်သို့ ဝင်ရောက်မွှေနှောက်ကာ အလိုရှိသည်များယူဆောင်သွားကြောင်း အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူ မသိရပေ။
“ဒီစစ်တပ်ကိုတော့ လုံးဝကို မကျေနပ်ပါဘူး။ ကျွန်မတို့ ခံစားရသလို သူတို့ကို ခံစားစေချင်တယ်။ သူတို့က ရွာတိုင်း၊ လူတိုင်းကို လိုက်ပြီး နှိပ်စက်နေတာဆိုတော့။ သူတို့က မွေ့တုံရွာ တစ်ရွာတည်းကို မဟုတ်ဘူး။ နှိပ်စက်နေတာကတော့ သူတို့က လူမြင်ရင် သတ်ဖို့ရာလောက်ကို ကြိုးစားနေကြတာလား မသိဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
မွေ့တုံရွာကို ထိုသို့ ဖျက်ဆီးခဲ့သည့် စစ်တပ်သည် ၂ မိုင်အကွာရှိ ပမ်းရွာသို့ ထိုနေ့ည ၁၂ နာရီခန့်တွင် ဝင်ရောက်ခဲ့ပြီး ဒေသခံတို့၏ ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ ထပ်မံပြုလုပ်ခဲ့သည်ဟု ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်ပေက ပြောသည်။
ပုလဲ – ဂန့်ဂေါ ကားလမ်းမ အနီး ၅ မိုင်ခန့်အကွာတွင်ရှိသည့် ပမ်းရွာခံများနှင့်မူ ဆက်သွယ်၍ မရသေးပေ။
ပမ်းရွာကို မီးရှို့ပြီးနောက် ပုလဲမြို့နယ်နှင့် မြိုင်မြို့နယ်ကြားရှိ တနယ်ကျေးရွာ၌ ထိုစစ်ကြောင်းက တပ်စွဲကာ ဒေသ PDF အဖွဲ့များ၏ တိုက်ခိုက်မှု ကြုံရပါက ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ထားသည်ဟု သိရကြောင်း ရဲဘော်ပေက ပြောသည်။
“မီးမရှို့စေချင်ရင် ပိုက်ဆံပေးဆိုပြီး စျေးညှိနေတယ်တဲ့၊ အစတုန်းက သိန်း ၃၀၀ ဆိုပြီး တောင်းတာကနေ သိန်း ၅၀၀ ဆိုပြီး တောင်းတယ်တဲ့၊ စျေးညှိနေတယ်ဆိုပြီးတော့ တနယ်ရွာပတ်ဝန်းကျင်မှာရှိတဲ့ PDF တွေက ကျွန်တော့်ကို လှမ်းပြောတာ။ စျေးညှိနေတာ မတိုက်ကြပါနဲ့ဆိုပြီးတော့ လှမ်းပြောတာ” ဟု ၎င်းက ဆိုသည်။
ဒေသခံတို့၏ ထိုသို့ ပြောဆိုချက်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ပုလဲမြို့နယ်တွင် လှုပ်ရှားနေသည့် ထိုစစ်ကြောင်းမှာ မြို့နယ်ချင်း ဆက်လျက်ဖြစ်ပြီး မကွေးတိုင်းတွင် ရှိသည့် မြိုင်မြို့နယ်မှ ကဒွတ်ရွာနှင့် ကြက်စားရွာတို့ကို စီးနင်း၊ လူနေအိမ်နှင့် ရေနံတွင်းများ မီးရှို့ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့ဖြစ်သည်ဟု အထက်ပါ PDF တာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်က မြိုင်မြို့နယ်၌ ဇန်နဝါရီလဆန်းပိုင်းအတွင်း တစ်ရွာဝင်၊ တစ်ရွာထွက် စီးနင်းခဲ့ဖူးပြီး ဒေသခံတို့ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။
ထို့ပြင် မြိုင်နှင့် ပေါက်မြို့နယ်ကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များတွင် ငွေတောင်းရာ မရသဖြင့် စစ်တပ်က မီးရှို့သည်ဟု ဒေသခံတို့က အတည်ပြုထားသည်။
နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် ဒေသခံတို့၏ ခုခံမှုများ အားကောင်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)