သတင်း

စစ်တပ်က ထိုးစစ်ဆင်နေသည့် မြိုင်တွင် မီးရှို့ခံရသည့်အိမ် ၅၀ နီးပါးရှိလာ 

မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းနေရာ ကျေးရွာ ၆ ရွာတွင် မီးရှို့ခံရသည့် နေအိမ် ၅၀ နီးပါးရှိလာပြီဖြစ်ကြောင်း PDF ခေါင်းဆောင်နှင့် ဒေသခံထံမှ သိရသည်။

ပုလဲမြို့နယ်နှင့် ထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ဘက်ပိုင်းရှိ ချောင်းဆုံ၊ အောင်ချမ်းသာစံပြ၊ မြိုင်မြို့အနောက်ဘက်ရှိ သဒွတ်၊ ညောင်ပင်လည်၊ ဝယ်တောင်မြောက်ရွာနှင့် ပေါက်မြို့နယ်နှင့် ထိစပ်နေသည့် ကျောက်ခွက်ရေနံမှော်ရှိရာတွင် ယမန်နေ့ (ဇန်နဝါရီ ၁၆) တွင် စစ်တပ်က မီးရှို့ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦးက ပြောသည်။​

“မီးလောင်တဲ့အိမ်တွေကတော့ ခန့်မှန်းခြေပဲ သိရသေးတယ်။ ဝင်ကြည့်လို့မရသေးတော့ အတိအကျ မသိရသေးဘူး။ ဝယ်တောင် မြောက်တော (မြောက်ရွာ) ကတော့ မနေ့က ၅ နာရီခွဲကနေ ညဘက် ၇ နာရီလောက်အထိ မီးလောင်နေတာ တွေ့ရတယ်။ အဝေးကနေဆိုတော့ ဘယ်နေရာတွေလောင်နေလဲ မတွေ့ရသေးဘူး” ဟု မြိုင် PDF ၏ မြောက်ပိုင်းဇုန်ခေါင်းဆောင်ဖြစ်သူ ဗိုလ် Cross ဆိုသူက ယနေ့ပြောသည်။

မြိုင်မြို့အနောက်ဘက်ရှိ သဒွတ်ရွာမှာ ယမန်နေ့ နံနက် ၉ နာရီခန့်က မီးရှို့ခံရခြင်းဖြစ်ကာ နံနက် ၁၁ နာရီ တွင် ညောင်ပင်လယ်ရွာမှာ နံနက် ၁၁ နာရီတွင် အရှို့ခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မြိုင်မြို့နယ်မြောက်ပိုင်းရှိ အောင်ချမ်းသာစံပြရွာတွင် ယနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုစဉ် စစ်တပ်က ပစ္စည်းများ မီးပုံရှို့ခဲ့သည်ကို တွေ့ရသော်လည်း ချောင်းဆုံနှင့် ဝယ်တောင် (မြောက်) ရွာတို့တွင် မီးရှို့ခံရသည့် အခြေအနေကို မသိရသေးကြောင်း PDF ခေါင်းဆောင်က ဆိုသည်။​

မီးရှို့ခံရသည့် ကျေးရွာခြောက်ရွာအပြင် ဇီဖြူစခေါင်း၊ သရက်ကန်၊ ဆင်စွယ်နှင့် လက်ယက်မ စသည့် ကျေးရွာများတွင် စစ်တပ်ဝင်ရောက်စဉ် နေအိမ်များဖျက်ဆီးခံထားရကြောင်းလည်း သိရသည်။ 

“ဝင်မွှေတာကတော့ ရွာတိုင်းလိုလိုပဲ။ မီးရှို့တာ၊ ဖျက်ဆီးတာကတော့ စုစုပေါင်း ၁၀ ရွာလောက်ရှိပြီ။ ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်လဲ မသိရသေးဘူး” ဟု ဗိုလ် Cross က ယနေ့မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။ 

မကွေးတိုင်းအတွင်းမှ ရေစကြို၊ ပေါက်၊ စစ်ကိုင်းတိုင်းအတွင်းမှ ပုလဲ၊ ဆားလင်းကြီး စသည့်မြို့နယ်များနှင့် ထိစပ်နေသည့် မြိုင်မြို့နယ်တွင် စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်မှစ၍ စစ်ကြောင်းများခွဲကာ ရွာစဉ်လှည့် စီးနင်းနေလျက်ရှိသည်။​

မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဇီးဖြူးစကောင်းရွာကို ဇန်နဝါရီ ၁၄ ရက်၌ စစ်တပ်က တစ်ညတာ စခန်းချပြီးနောက် နေအိမ် ၅ လုံးကို ဖျက်ဆီးခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်တယ်။ ရွာထဲက အိမ်တွေကို ဖျက်ဆီးသွားတယ်။ အိမ်တိုင်တွေဆိုရင် တစ်တိုင်တည်း မဟုတ်ဘူး။ ပတ်ချာလည်က ရှိတဲ့အိမ်တွေကို ပြတ်လုပြတ်ခင် ခုတ်သွားတယ်။ ၅ အိမ်လောက်ရှိတယ်။ ဓားတွေနဲ့ ခုတ်ထားတယ်။ မီးဖိုချောင်ထဲက အသုံးအဆောင်တွေဆို ရိုက်ခွဲသွားတယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ရွာရှိ ဈေးဆိုင်နှစ်ခုကိုလည်း ဖျက်ဆီးသွားကာ သာရေးနာရေးပွဲသုံး ရွာဘုံပိုင် ပန်းကန်၊ ခွက်၊ ဇွန်း၊ လျှပ်စစ်မီးကြီးများကို မီးပုံရှို့သွားသည်ဟုလည်း ဇီးဖြူးစကောင်းရွာခံ အမျိုးသားက ဆိုသည်။ 

စစ်ကောင်စီတပ်သည် ဇီးဖြူစကောင်းရွာ အရှေ့ဘက်ရှိ မြို့ခင်းသာ၊ သမင်ခြောက်၊ ကျောက်တော၊ ကျောက်ကန်ရွာတို့ကိုလည်း ဆက်လက်စီးနင်းနေသည်ဟု ကြားရသော်လည်း အသေးစိတ်မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။​ 

မြိုင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လက်ယက်မရွာကို စစ်တပ်က အင်အားရာဂဏန်းဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ဝင်ရောက်စီးနင်းကာ တပ်စွဲပြီးနောက် ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်ပြင် အချို့ကို သတ်ဖြတ်ခဲ့သည်။ 

လူဦးရေထောင်ဂဏန်းရှိ လက်ယက်မရွာတွင် ဇန်နဝါရီ ၁၁ မှ ၁၄ အထိ စစ်တပ်က တပ်စွဲခဲ့စဉ် နေအိမ်များ မွှေနှောက်ဖျက်ဆီးခံရသည့်ပြင် ဖောက်ထွင်းခိုးယူခံရခြင်းများလည်းရှိကြောင်း၊ ရွာအနောက်ဘက် သင်္ချိုင်းကုန်းအနီးတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃ လောင်းတွေ့ရှိသည်ဟု ဒေသခံ PDF အဖွဲ့များ က ထုတ်ပြန်သည့်ပြင် အခြားဒေသခံတစ်ဦးကလည်း အတည်ပြုထားသည်။

စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက် ဝင်ရောက်စီးနင်းနေသောကြောင့် မြိုင်မြို့နယ်အတွင်း ကျေးရွာ ၂၀ ထက်မနည်းမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။ 

မြိုင်မြို့နယ်အတွင်း စစ်ကြောင်း ၇ ကြောင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းနေသည့် စစ်တပ်မှာ စုစုပေါင်း အင်အား ၈၀၀ ခန့်ရှိသည်ဟုလည်း မြိုင် PDF က ခန့်မှန်းထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button