သတင်း

ကနီမြို့တွင် စစ်တပ်လက်ချက်ကြောင့် ဒေသခံ ၃ ဦး အနည်းဆုံး သေဆုံး

အာဏာသိမ်းစစ်ကောင်စီ၏ ရေယာဉ် ၈ စီးပါတပ်ဖွဲ့သည် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အရပ်သားအများအပြားကို ဖမ်းဆီး၊ သတ်ဖြတ်နေသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ (LDF) များက ဓာတ်ပုံသက်သေများ ပြသပြီး ပြောသည်။ 

ထိုရေယာဉ်တပ်ဖွဲ့သည် ဇန်နဝါရီ ၂၉ တွင် ကင်းရွာ၌ နှစ်ရက် တပ်စွဲလိုက်ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများအနက် ၅၁ နှစ်အရွယ် ဦးစန်းအောင်၊ ၂၅ နှစ်အရွယ် ကိုချမ်းသာတို့၏ ရုပ်အလောင်းများမှာ ဇန်နဝါရီ ၃၁ တွင် ထိုစစ်ကောင်စီတပ်ဖွဲ့ ကင်းရွာမှ ပြန်ထွက်သွားပြီးနောက် ချင်းတွင်းမြစ်အတွင်း ပေါ်လာသည်ဟု ဆိုသည်။

ရုပ်အလောင်းများကို ယနေ့ သင်္ဂြိုဟ်နိုင်ရန် စီစဉ်နေကြကြောင်း ဒေသခံတို့က နေ့လယ်ပိုင်းတွင် ပြောသည်။

ခန္ဓာကိုယ်အနှံ့အပြားတွင် ဓားဒဏ်ရာများရှိနေသည့် ၃၆ နှစ်အရွယ် ကိုကျော်လင်း ချင်းတွင်းမြစ်အတွင်း မျောနေစဉ် ကယ်တင်နိုင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးထားပုံပါပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။ 

အတူဖမ်းဆီးခံရသည့် အသက် ၃၇ နှစ်အရွယ် မအေးစိုး၊ ၃၈ နှစ်အရွယ် ကိုမင်းမင်း၊ ၃၅ နှစ်အရွယ် ကိုကျော်သူမြင့်၊ ၅၃ နှစ်အရွယ် ဦးမောင်မောင်ဝင်းတို့မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ 

မအေးစိုးသည် မြစ်အတွင်းမှ ကယ်နိုင်ခဲ့သည့် ကိုကျော်လင်း၏ဇနီး ဖြစ်သည်ဟု သိရသည်။

မိုင်းထောင်ခြင်း

ကင်းရွာရှိ ဒေသခံကာကွယ်ရေးခေါင်းဆောင်တစ်ဦး၏ ဇနီး အသက် ၃၉ နှစ်အရွယ် မနန်းဝေမာသည် နေအိမ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ကိုယ်လက်အင်္ဂါများပြတ်တောက်ကာ သေဆုံးသွားကြောင်း ဆွေမျိုးတော်စပ်သူ ဦးပန်က ပြောသည်။ 

ပန်းကန်သိမ်းသည့် ဗီရိုတွင် စစ်ကောင်စီတပ်က ဆွဲမိုင်းထောင်ခဲ့ရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊​ မည်သည့်အိမ် မိုင်းထောင်ရမည်ကို စုံစမ်းသိရှိသွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကနီ B21 တပ်ရင်းမှူးလည်းဖြစ်သော ဦးပန်က ပြောသည်။

“သူတို့ ဖမ်းသွားတဲ့သူတွေကို ပြခိုင်းတာ နေမှာပေါ့” ဟု ဦးပန်က ပြောသည်။ 

Myanmar Now က မြင်တွေ့ရသော အခင်းဖြစ်ပွားရာ နေအိမ်ဓာတ်ပုံတွင် သွေးကွက်များနှင့် အိုးခွက်ပန်းကန်များ၊ နေအိမ်သုံးပစ္စည်းများ ပြန့်ကျဲလျက်ရှိသည်ကို တွေ့ရသည်။  

မနန်းဝေမာတွင် အသက် ၁၈ နှင့် ၁၀ နှစ်အရွယ် သားနှစ်ဦး၊ ၁၆ နှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ 

မနန်းဝေမာသည် လက်နက်ကိုင်တော်လှန်ရေး ပီပီပြင်ပြင် မစတင်နိုင်မီကပင် ဒေသခံကာကွယ်ရေးသမားများအတွက် ရိက္ခာနှင့် လိုအပ်သည်များကို ကူညီနေသူတစ်ဦးဖြစ်သည်ဟု ဦးပန်က ပြောသည်။ 

ကင်းရွာကဲ့သို့ပင် ကနီမြို့၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွာများ အလားတူဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ 

၎င်းတို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကနီမြို့သို့ ချဉ်းနင်းဝင်ရောက်သည့် ဇန်နဝါရီ ၂၂ ကတည်းပင် ဒေသခံ ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီရေယာဉ်တပ်သည် ကနီမြို့ကို ကျော်ဖြတ်ရန် ၁ ရက်ခွဲသာ ကြာရမည့် ခရီးကို တိုက်ခိုက်မှုများကြောင့် ၁၀ ရက် ကြာမြင့်ခဲ့သည်။

ကုန်တင်ရေယာဉ် ခြောက်စီးအနက် သုံးစီးမှာ LDF တို့၏ လက်နက်ကြီး ထိမှန်သဖြင့် မကြာခဏ ကမ်းကပ်၍ ပြုပြင်ရသည်ဟု Myanmar Now က မေးမြန်းခဲ့သည့် ရွှေတြိဂံ၊ မြွေပိုင်းတောင်၊ B 21 နှင့် KLG ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ဆိုသည်။ 

လက်နက်ကြီးဒဏ်ကြောင့် ကုန်တင်ယာဉ်များ မီးခိုးအူနေပုံကို အဖွဲ့တချို့က ရုပ်သံဖိုင်ဖြင့် သတင်းထုတ်ပြန်သည်။ 

ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ကနီမှ လွန်၍ မင်းကင်းမြို့သို့ ရောက်ရှိသွားပြီဖြစ်သော အဆိုပါ ရေယာဉ်သည် မင်းကင်းမြို့ မြစ်ဘေးတစ်လျှောက် ရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများ၊ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်သားများ လူသတ်၊ ရွာဖျက်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံ ယနေ့ မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီက လက်နက်ကိုင် ခုခံသူတို့ကို အကြမ်းဖက်သမားများဖြစ်သည်ဟု တံဆိပ်ကပ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button