သတင်း

ကရင်နီပြည်နယ်တွင် တစ်လအတွင်း အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရ

လက်နက်ကြီးထိမှန်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဖမ်းဆီးသတ်ဖြတ်ခံရမှုတို့ကြောင့် ကရင်နီပြည်နယ်မှ အရပ်သား ၄၀ ကျော် ဇန်နဝါရီလ တစ်လတည်းတွင် ထိခိုက်သေဆုံးခဲ့ရကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ဖော် ပြောဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHG) က လက်လှမ်းမီသမျှ ကောက်ယူထားသော စာရင်းတွင်ပင် အယောက် ၃၀ ရှိကြောင်း တွေ့ရသည်။  

“လူသားမဆန်သော စစ်ကောင်စီက ကျူးလွန်သော ရာဇဝတ်မှုတစ်ခုပဲဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ ဒီအချက်တွေက နောင်တစ်ချိန်ကျရင် ကျူးလွန်သူကို ဥပဒေကြောင်းအရ အရေးယူနိုင်အောင်ဆိုတဲ့ လုံးဝကို ရပ်တည်ချက်တစ်ခုရှိတယ်” ဟု KHG အဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောသည်။

“တစ်ချိန်တည်းမှာပဲ ဆုံးရှုံးသွားတဲ့ မိသားစုဝင်အတွက်  စိတ်ပိုင်းဆိုင်ရာ ကုစားပေးဖို့ကိုလည်း အများကြီးလုပ်ပေးဖို့ လိုအပ်ပါတယ်”

လက်နက်ကြီးထိမှန်သူ ၂ ဦး၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နှလုံးခုန်ရပ် သေဆုံးသူ ၄ ဦး၊ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၆ ဦးရှိသည်။ သေဆုံးသူများသည် ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်တို့မှဖြစ်သည်။ 

ရွှေညောင်ပင်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လွိုင်ကော်မြို့ မိုင်းလုံး၊ ထူဒူငံသ၊ ဒေါဥခူ၊ မင်္ဂလာ၊ ဒေါတမ၊ နမ့်ဘော်ဝမ် စသည့်ရပ်ကွက်များမှ ရုပ်အလောင်း ၂၃ ခု ကောက်ယူရရှိခဲ့ကြောင်းလည်း ပြောသည်။ 

KHG နှင့် ရွှေညောင်ပင်အဖွဲ့ တို့ ကောက်ယူရရှိထားသည့် စာရင်းများအရ သေဆုံးလူဦးရေ ထပ်နေသူများကို ထုတ်နုတ် တွက်ချက်မည်ဆိုပါက စုစုပေါင်း သေဆုံးသူ ၄၅ ဦးရှိသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံမှတ်တမ်းများအရ ရုပ်အလောင်းတချို့တွင် သွေးထွက်သံယိုဒဏ်ရာများ၊ ဦးခေါင်း ကျည်ထိမှန်သည့်ဒဏ်ရာများ တွေ့ရှိရပြီး အချို့ရုပ်အလောင်းများမှာ ရက်ကြာမြင့်နေပြီဖြစ်သည့်အတွက် ဒဏ်ရာအခြေအနေကို မသိရတော့ပေ။ 

“ဆိုင်ကယ်ပေါ်မှာ သေတာတို့ မြေကျင်းထဲမှာ ဒီအတိုင်းတွေ့တာတို့ အဲလိုမျိုးတော့ရှိတယ်။ လမ်းပေါ်မှာတို့ အိမ်ထဲမှာ မီးဖိုချောင်ထဲတွေမှာပေါ့” ဟု ရွှေညောင်ပင်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဇန်နဝါရီ ၂၀ အထိ အရပ်သား ၁၉၈ ဦး သတ်ဖြတ်ခံရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က သတင်းထုတ်ပြန်ထားသည်။ 

လူဦးရေ ၃၀၀,၀၀၀ ကျော်ရှိသည့် ကရင်နီပြည်နယ်တွင် လွိုင်ကော်မြို့အပါအဝင် ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံမြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအထိ စစ်ဘေးရှောင် ၁၇၀,၀၀၀ ကျော်ရှိပြီဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁,၅၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါ သတ်ဖြတ်မှုများအတွက် “စစ်အာဏာရှင်အဖွဲ့အစည်းသည် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူလူထုအပေါ်တွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ၊ နှုတ်ဖြင့်ထုတ်ဖော်ပြောမပြနိုင်လောက်သည့် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်” ဟု အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ရပ်များကို “လက်မခံနိုင်စရာလုပ်ရပ်များ” ဟု ဂျိုးဘိုင်ဒင်က ဖော်ညွှန်းထားပြီး “အာဏာသိမ်းယူခြင်းနှင့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းတို့အတွက် တာဝန်ရှိသူအားလုံးကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် အာဆီယံဒေသတွင်းအပါအဝင် မိမိတို့ မိတ်ဖက်များ၊ မဟာမိတ်များအတူ အနီးကပ် ဆောင်ရွက်လျက်ရှိ” ကြောင်းလည်း အမေရိကန်သမ္မတ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ “ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအားလုံးကို ပိုမိုတင်းကျပ်သော အရေးယူမှုနည်းလမ်းများဖြင့် ကျင့်သုံးအရေးယူရန် ဥရောပသမဂ္ဂက အသင့်အနေအထားပြင်ဆင်ပြီး ဖြစ်သည်” ဟုလည်း ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၁ တွင် ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် ဒေသတွင်းအဖွဲ့များနှင့် အနောက်နိုင်ငံအစိုးရများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

ကရင်နီပြည်နယ်ဟု ဒေသခံတို့က ခေါ်ဆိုလိုကြသော ကယားပြည်နယ်အတွင်း အရပ်သားတို့ သတ်ဖြတ်ခံနေရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက PDF များကို အပြစ်ပုံချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button