ရန်ကုန် – ၂ဝ၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလအမတ်လောင်းတွေထဲမှာ လုပ်ငန်းရှင် ဦးဌေးအောင်လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်နေတဲ့ ဦးဌေးအောင်ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ကားဈေးကွက်မှာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတမြို့ဇာတိ ဦးဌေးအောင်ဟာ ပြည်ပအတွေ့အကြုံများပြားတဲ့လုပ်ငန်းရှင် ဖြစ်ပြီး လွန်ခဲ့တဲ့နှစ် မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူပါ။
Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဦးဌေးအောင်က မြန်မာ့မဲဆန္ဒရှင်များ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့ အလားအလာ၊ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှု၊ သူ ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းရင်းတွေကို ပြောပြထားပါတယ်။
မေး – ရွေးကောက်ပွဲဝင်ဖို့ ဘယ်လို စိတ်ကူးမိတာလဲ။
ဖြေ – ရန်ကုန်မြို့တော်စည်ပင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့မြို့နယ်လောက်ပဲ လုပ်ပေးလို့ရတယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာသွားပြီးတော့ ပြည်သူ့အကျိုးပြုနိုင်မယ့် ဥပဒေတွေ တင်ပြနိုင်အောင်၊ စီးပွားရေးစနစ်တွေ တင်ပြနိုင်အောင်ပေါ့။ အခုပြောနေတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပေမယ့် တကယ်တမ်း ဆင်းရဲသား လူတန်းစားတွေမှာ ဖြစ်လာရဲ့လား၊ ဖြစ်မလာတာ ဘာ့ကြောင့်လဲ။ ဒါကို ဘယ်လောက်ပဲ ဆောင်းပါးထဲမှာ ရေးရေး၊ စာနဲ့နိုင်ငံတော်သမ္မတရုံးကိုပဲ ပို့ပို့၊ အကောင်အထည်ပေါ်မလာတာ ရှိသလို ပေါ်တာလည်း ရှိတာပေါ့။ ကျွန်တော်တို့ တင်ပြတဲ့ ကိစ္စတချို့ကို သက်ဆိုင်ရာလူကြီးတွေက သူတို့ပဲတင်ပြသလိုလို၊ သူတို့ပဲလုပ်သွားသလိုလိုနဲ့ ကျွန်တော်တို့က ဦးနှောက်ဖောက်စားခံလိုက်ရတာ ပေါ့။ ကိုယ်တိုင်တင်ပြနိုင်ဖို့၊ လွှတ်တော်ထဲမှာပြောနိုင်ဖို့ဆိုတာ အရွေးခံမှပဲ ရမှာကိုး။ ကျွန်တော်တို့လည်း စစ်သားမဟုတ်ပေမဲ့ တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးလို့ရပါတယ်။
မေး – ပါတီတစ်ခုခုဘက်ကနေ မရပ်တည်ဘဲနဲ့ ဘာ့ကြောင့် တသီးပုဂ္ဂလအဖြစ် ရပ်တည်ရတာလဲ။
ဖြေ – ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်နိုင်တဲ့လူတစ်ယောက်လို့ ယုံကြည်တယ်။ ဒီမိုကရေစီနိုင်ငံ တော်တော်များများဟာလည်း သမ္မတဟာ ဖြစ်သွားပေမဲ့လဲ သူဟာ ရာထူးရတာကလွဲလို့ ကျန်တဲ့သူတိုင်းဟာ လုပ်ဖော်ကိုင်ဖက်တွေပဲ။ ငါဟာသမ္မတပဲ၊ ငါ့ပြောစကား နားထောင်ရမယ်၊ ငါပြောတဲ့အတိုင်းလုပ်ဆိုတာမျိုး မရှိဘူး။ ကျွန်တော်တို့မြန်မာပြည်မှာ အဲဒီလိုမဟုတ်ဘူး။ ဘယ်ပါတီပဲကြည့်လိုက်၊ တစ်ဦးတစ်ယောက်တည်းသော ခေါင်းဆောင်အောက်မှာ အကုန်လုံးက ပြားပြားဝပ်နေတာဖြစ်တော့ ဒါ့ကြောင့်မို့ (ပါတီ) မဝင်တာ။
မေး – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်သလဲ။
ဖြေ – ဒေါ်အောင်ဆန်းစုကြည်ဟာ တော်ပါတယ်၊ လူထုခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော့်အမြင်ပြောရရင် လူထုခေါင်းဆောင်လို့ ပြောမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူနဲ့ကွာခြားမှုတွေ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တကယ့်ကို ပြည်သူတွေကြားမှာ ဆင်းပြီးတော့၊ ပြည်နယ်နဲ့တိုင်းတွေကိုဆင်းပြီးတော့ အဲဒီလူတွေကို ဆရာတင်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ တပည့်လို့မြင်ပြီးဆောင်ရွက်တာ မဟုတ်ဘူး။ NLD မှာရှိနေတဲ့သူ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တော်တော်များများနဲ့လည်း (ကျွန်တော်) သိပါတယ်။ ဒေါ်စုစကားအောက်မှာပဲ။ သူ့ကိုပြန်ပြီးတော့ တစ်ယောက်မှ မပြောရဲကြဘူး။ ဒါ မဟုတ်ဘူး၊ ကျွန်တော်တို့က ဒီလိုပါတီထဲကို ရောက်သွားရင် ပြန်ပြောရမှာ။ မှန်တယ်ထင်ရင် ထောက်ပြရမှာ။ အဲဒီလို ပြောခွင့်မရှိဘူး၊ ပြောလို့မရဘူးဆိုရင်တော့ ကျွန်တော်တို့က ဘယ်ပါတီမှာမှ သွားပြီး ရပ်တည်မှာမဟုတ်ဘူး။
မေး – အာဏာရပါတီ နဲ့ သမ္မတ ဦးသိန်းစိန်တို့အပေါ်မှာရော ဘယ်လိုသဘောထားလဲ။
ဖြေ – အဲဒီပါတီထဲမှာလည်း အလယ်အလတ်လမ်းစဉ်၊ အမြင်ကျယ်တဲ့လူတွေ ရှိပါတယ်။ အဲဒီပါတီထဲက လူတွေက စစ်သားတွေဆိုပေမယ့် အဲဒီလူတွေကလည်း ကျွန်တော်တို့လို တိုင်းနဲ့ပြည်နယ်အနှံ့က အထက်တန်းတွေအောင်ပြီးတော့ ဗိုလ်ဖြစ်ခဲ့ကြတဲ့သူတွေ၊ ပြည်သူတွေထဲက ပြည်သူတွေပဲ။ စစ်သားဖြစ်သွားလို့ လူမျိုးတစ်မျိုးဖြစ်သွားတာ မဟုတ်ဘူး။ သို့သော် ရာထူးကြီးတွေ ရသွားပြီးတော့ ဘဝင်မြင့်၊ အောက်ခြေကို ပြန်မကြည့်တဲ့ မသမာတဲ့ ကိုယ်ကျိုးရှာပုဂ္ဂိုလ်တွေ ရှိသလို လေးစားထိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကနေ့မှာ အားသာရာသွားနေတာ၊ လူများစုက များရင် နိုင်သွားတာပေါ့။
မေး -အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်အုပ်စုထဲ ဦးဌေးအောင် ပါသလား။
ဖြေ – ကျွန်တော်တို့က စီးပွားရေးသမား။ ဘယ်အစိုးရပဲတက်လာလာ၊ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ဌာနဆိုင်ရာက ဖိတ်ခေါ်တဲ့အလုပ်ဆို လုပ်ပါတယ်။ လက်သိပ်ထိုးပြီးပေးတဲ့အလုပ်ဆို မလုပ်ဘူး။ စစ်အစိုးရလက်ထက်က မော်တော်ကားတင်သွင်းခွင့်ပိတ်ထားတယ်၊ ဦးပိုင် (တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်) ကနေပဲ မော်တော်ကားတွေ သွင်းတယ်။ ပြည်ခိုင်ဖြိုးဖြစ်လာတော့လည်း မြန်ဟုန်မြင့်ဆိုပြီး ကုမ္ပဏီထောင်ပြီး မော်တော်ကားသွင်းပြီး လူကြီးတွေကို ပေးတယ်။ ကျွန်တော် လုံးဝမလုပ်ဘူး။ သို့သော် ၂ဝဝ၆ ခုနှစ်ကျော်လောက်က လူကြီးတွေ အပြောင်းအလဲဖြစ်ကြတယ်။ အဲဒီမှာ လေလံတင်ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီးတော့ တရားဝင်တင်ဒါခေါ်တဲ့အခါမှာ ကျွန်တော်ဝင်လုပ်တယ်။ ကုမ္ပဏီပေါင်း ၃ဝ ကျော်ဝင်ပြီးတော့ မျှတတဲ့ကစားပွဲလေ။ ကျွန်တော်တင်ဒါအောင်ပေမယ့် ကျွန်တော့်ကို အကုန်မပေးဘူး။ တချို့ဆိုသွင်းမယ်လို့ ယူပြီးခါမှ ဆက်မသွင်းနိုင်လို့ ခင်ဗျားပဲ သွင်းပေးပါဗျာဆိုတာ ဖြစ်လာတယ်။ မသွင်းနိုင်ရင် အရေးယူရမှာကို အရေးမယူဘဲ ကျွန်တော့်ကို ပြန်သွင်းခိုင်းတာ။ ကျွန်တော် ဘယ်သူ့မှ မကြောက်ဘူး။ ဒီလိုပဲ ကျွန်တော် ရပ်တည်လာတာ။ ရင်းနှီးတယ်ဆိုပေမယ့် ဒီလူတွေနဲ့ ပေါင်းစားတာ တစ်ခုမှမရှိဘူး။ သို့သော် လုပ်ငန်းသဘောအရတော့ ဆက်ဆံရတယ်။ ဘယ်ဗိုလ်ချုပ်တွေကိုမှ ခေါင်းခွေ့ပြီး တစ်ကျပ်တန်မှာ ဆယ်ပြားပေးပြီး လုပ်ခဲ့တာ တစ်ခုမှမရှိဘူး။ တပ်မတော်ထဲမှာလည်း ချစ်စရာကောင်းတဲ့သူ အများကြီးပါ။ ဒီကနေ့ ဗိုလ်ချုပ်တွေဖြစ်ပြီးတော့ အိမ်တစ်လုံးတောင် ကောင်းကောင်းမပိုင်တဲ့သူတွေ ရှိပါတယ်။
မေး – အာဏာရပါတီ၊ NLD တို့ အားကောင်းနေတဲ့ ဒီရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ မျှော်လင့်ချက် ဘယ်လောက် ရှိသလဲ။
ဖြေ – ကျွန်တော်က တိုက်ပွဲတစ်ခုလိုကို စဉ်းစားတာ။ လေ့လာပြီးမှ လုပ်တာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ ကိုယ့်ကိုမဲပေးမယ့်ပြည်သူကို ယုံကြည်မှု ရှိရမယ်။ ပြည်သူယုံကြည်မှုရှိအောင်လည်း ကိုယ်က လုပ်ပြရမယ်။ အဲဒီလို မဟုတ်ဘဲ မိုက်နဲ့လိုက်အော်၊ ဆိုင်းဘုတ်လေး ချိတ်ပြီးတော့ မဲပေးပါ ဆိုတာတော့ လုပ်လို့မရဘူး။ ကျွန်တော့်လုပ်ငန်းဘဝမှာ ဂျပန်တစ်ဝက်၊ မြန်မာတစ်ဝက် နေလာခဲ့တဲ့သူ။ ဂျပန်တွေရဲ့ ရွေးကောက်ပွဲစနစ်၊ မဲစည်းရုံးတဲ့စနစ် လေ့လာပြီးသား။ ဂျပန်မှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ အရမ်းခက်တယ်။ သူ့တိုင်းပြည်က ဖွံ့ဖြိုးပြီးသားတိုင်းပြည်၊ လွယ်လွယ်လေးနဲ့ မဲဆန္ဒရှင်တစ်ယောက်ရဲ့ မဲတစ်ပြားကို ရဖို့ မလွယ်ဘူး။ ကျွန်တော်တို့မှာက ပြောင်းလဲချင်တယ်ဆိုပေမယ့် ၇၅ ရာခိုင်နှုန်းသော ပြည်သူတွေက စိတ်မဝင်စားဘူး။ ဘယ်လို မဲပေးရမလဲ၊ ကိုယ်မဲပေးမယ့်လူက ဘယ်လောက်အရည်အချင်းရှိသလဲ၊ သူက ဘယ်လောက်စွမ်းဆောင်မှုတွေရှိလဲ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘယ်လောက်လုပ်ထားသလဲဆိုတဲ့ လေ့လာမှုတွေ မရှိဘူးဗျ။ မဲရုံရှေ့ရောက်တော့မှ ဘယ်သူ့ကိုပေးလိုက်ပါဆိုတဲ့ အကြံပြုချက်နဲ့ ပေးတဲ့သူ များတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘယ်သူ့ကို မဲပေးရမယ်ဆိုတဲ့ဟာကို မစဉ်းစားဘဲ မဲထည့်ရင် မှားသွားမယ်။
မေး – အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေအတွက် ဘယ်လို စိတ်ကူးထားပါသလဲ။
ဖြေ – အနိုင်ရသွားတဲ့ပါတီက အစိုးရဖြစ်လာလို့ ကျွန်တော်တို့ကို သုံးမှကိုး။ သူတို့သုံးမှ ရမှာကိုး။ သူတို့ရဲ့ပါတီဝင်မဟုတ်ရင် သူတို့အစိုးရအဖွဲ့မှာ ထည့်ချင်မှ ထည့်မှာ။ သုံးရင်တော့ ကျွန်တော်တို့က အကြံပေးဖို့တွေ၊ ပြောဖို့တွေ အဆင်သင့်ပါပဲ။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင်လည်း ပြောစရာတွေ အများကြီးရှိပါတယ်။ သူတို့ရပ်တည်ရေးအတွက် နယ်စပ်မှာ ဆက်ကြေးတွေ ကောက်ပြီး တစ်ချိန်လုံး တော်လှန်ရေးလုပ်တာဆိုပေမယ့် ကိုယ်ကျိုးစီးပွားရှာနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ ရှိတာပဲ။ တချို့ခေါင်းဆောင်တွေဟာ နယ်စပ်မှာ ကျိကျိတက်ချမ်းသာပြီး သူတို့သားသမီးတွေကို အမေရိကားအထိ ကျောင်းတွေထားနေချိန်မှာ အောက်မှာရှိတဲ့တိုင်းရင်းသားတွေက မွဲတေနေတာ၊ အခိုင်းခံနေရတာတွေ ရှိပါတယ်။ ဒီလိုပါပဲ။
မေး – လွှတ်တော်တွေမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အချက်ကို ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ – အဲဒါကတော့ တချို့နိုင်ငံတွေမှာလည်း ရှိပါတယ်။ ရှိနေတဲ့တိုင်းပြည်တွေဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လိုပဲ သူပုန်၊ သူကန်တွေများလို့ ဒီအဖွဲ့အစည်းကို ထားထားရတာကိုး။ လက်ရှိအနေအထားအရ ကျွန်တော်တို့ သူတို့ကို စွန့်လွှတ်လို့ မရဘူး။ အတိုင်းအတာတစ်ခုရောက်ရင်တော့ သူတို့ကို သွားခိုင်းရမှာပေါ့။
မေး – အတိုင်းအတာဆိုတာ ဘယ်လောက်အချိန်ကို ဆိုလိုတာလဲ။
အတိုင်းအတာဆိုတာ ကျွန်တော်တို့ အရင်ဆုံး ငြိမ်းချမ်းရေးလုပ်ရပါ့မယ်။ ငြိမ်းချမ်းရေး ပြေလည်သွားပြီဆိုတာနဲ့အမျှ သူတို့ နောက်ဆုတ်သွားဖို့ကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရပါ့မယ်။
မေး – အဲဒါတွေလုပ်ဖို့က အခြေခံဥပဒေပြင်ဆင်ရေးပဲ မဟုတ်လား။ ပြင်ဖို့ ပထမအဆင့်အတွက် လွှတ်တော်ထဲ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုအပ်တယ်ဆိုတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ – ၄၃၆ ကိုတော့ ပြောရရင် ဟိုလွှတ်တော်ရောက်ရင် မဲစနစ်နဲ့ သွားတာကိုး။ အဲဒီမဲစနစ်အပေါ်မှာ မူတည်တာပေါ့ဗျာ။ အဲဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတဲ့ စကားလုံးကိုတော့ ပြင်မှပဲရမှာ။ ဒါမှ တခြားဟာတွေ ပြင်လို့ရမှာ။ ကျော်ဖို့ဆိုတာ လည်း တပ်ထဲကဟာတွေ (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ) ပါမှပဲ ရမှာ။ ဒါ့ကြောင့်မို့လို့ အတိုင်းအတာတစ်ခုအထိ တစ်ထစ်ချင်း လျှော့သွားမှရမှာ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လုံးဝဖြုတ်ထုတ်လိုက်ဖို့လည်း လက်ခံချင်မှ လက်ခံမှာပေါ့။
မေး – ဦးဌေးအောင် လွှတ်တော်ထဲ ရောက်သွားရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဒုသမ္မတအဖြစ် မဲပေးရွေးချယ်မလဲ။
ဖြေ – ပြည်သူ့လွှတ်တော်ထဲကို ရောက်လာကြမယ့် ပါတီတွေထဲမှာ ၇၃ ရာခိုင်နှုန်းလောက်နိုင်မှ အဲဒီပါတီက သူ့ရဲ့စိတ်ကြိုက်သမ္မတတစ်ယောက်ကို ရွေးလို့ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် NLD နိုင်မလား။ ပြည်ခိုင်ဖြိုးနိုင်မှာလား ကျွန်တော်တို့ မသိရသေးဘူး။ အဲဒါသိပြီးမှ ဒါကို ဆက်စဉ်းစားလို့ရမယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမြှောက်လို့မရဘူး။ ဒါပေမယ့် လွှတ်တော်ထဲရောက်သွားလို့ လွှတ်တော်မှာ အားလုံးသဘောတူ တယ်ဆိုရင် ဒုတိယသမ္မတ ပေးလို့ရပါတယ်။ ဖွဲ့စည်းပုံက ဘယ်လောက်ပဲ ရေးထားထား၊ ၇၅ ရာခိုင်နှုန်းကျော်၊ ၈ဝ ရာခိုင်နှုန်းတို့က မဲပေးမယ်၊ အားလုံးက သမ္မတလုပ်ပါလို့ ပြောရင်တော့ ဥပဒေကို မပြင်ဘဲနဲ့ ခြွင်းချက်အနေနဲ့ လုပ်လို့ရပါ တယ်။ ကျွန်တော်ထင်ပါတယ်၊ သူ့တစ်ပါတီတည်း နိုင်သွားရင်တော့ သူ သမ္မတဖြစ်ချင်မှ ဖြစ်မှာပါ၊ ညွန့်ပေါင်းအစိုးရဖြစ်လာရင်တော့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမြှောက်ပါလိမ့်မယ်။ ကျွန်တော်တို့တိုင်းပြည်က နှစ်ပေါင်း မြောက်မြားစွာ ဖအေသတ်၊ အကိုသတ်၊ ညီသတ်ပြီး အာဏာတွေယူလာတဲ့တိုင်းပြည်၊ အာဏာကို မက်ကြတယ်။ ရသွားရင်လည်း အာဏာကို ယစ်မူးတတ်ကြတယ်။ လူတွေဟာ ဆင်းရဲတာကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြ သလိုပေါ့။ ချမ်းသာတဲ့ဒဏ်ခံနိုင်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။ ။