မေးမြန်းခန်း

“မုဒိမ်းမှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ မထည့်သင့်ဘူး”

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ အမတ်လောင်းတစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူညွန့်သည် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မဲဆွယ်လျက်ရှိသည်။ တစညပါတီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားခြင်းဖြစ်ပြီး ဒေါ်ဖြူဖြူညွန့်က လမ်းစဉ်ပါတီတွင် ၁၉၇၇ ခုနှစ်ကတည်းက ပါဝင်ခဲ့သူဖြစ်သည်။ ပါတီဝင်ပြီး ၂ နှစ် အကြာ တက္ကသိုလ်ဘွဲ့ရပြီးနောက် သမဝါယမ ဦးစီးဌာနတွင် လုပ်ကိုင်ခဲ့သော ဒေါ်ဖြူဖြူညွန့်သည် နောက်ပိုင်းတွင် ရှေ့နေလောကထဲသို့ ရောက်လာသည်။

မကြာသေးခင်က Myanmar Now သတင်းထောက် အိချယ်ရီအောင်နှင့် တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် ၆၁ နှစ်အရွယ် ဒေါ်ဖြူဖြူညွန့်က သူ၏ မဲဆန္ဒနယ် အမှတ် ၂ အတွင်းရှိ ဒေသခံတို့၏အခြေအနေများ၊ မဲဆွယ်စည်းရုံးမှု အတွေ့အကြုံ၊ အရေအတွက်များပြားလာသော သက်ငယ်မုဒိမ်းမှု စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

မေး – ဒေါ်ဖြူဖြူညွန့် ရွေးကောက်ပွဲ ဘာကြောင့်ဝင်ရတာလဲ။

ဖြေ – ပါတီဌာနချုပ်က ကိုယ်စားလှယ်လောင်းအဖြစ်လည်း ဝင်ပြိုင်စေချင်တယ်၊ ကိုယ်တိုင်လည်း ယှဉ်ပြိုင်ချင်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖြစ်တာပါ။ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုတော့ ကိုယ်ကိုယ်တိုင်လည်း ဝင်ပြိုင်ချင်လို့ ရွေးချယ်ခဲ့တာပါ။ မဲဆန္ဒနယ် (၂) ကို ရွေးချယ်ခဲ့တာ သူ့ရဲ့ဖွံ့ဖြိုးမှုအဆင့်အတန်းကို မြှင့်ချင်လို့ပါ။ ကျွန်မ တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) မှာ ပုသိမ်ညွန့်၊ ကူးတို့ဆိပ်၊ စက်ဆန်း၊ တောင်လုံးပြန်၊ ကျီတော်၊ မလွှကုန်း၊ မီးရထား၊ သာယာကုန်း၊ တောင်ညွန့်မီးရထား၊ ဖို့မြေ၊ ရေတွင်းကုန်း ရပ်ကွက်တို့ ပါဝင်ပါတယ်။

မေး – ဒီနယ်မြေကို ရွေးချယ်ရတဲ့ တခြားအကြောင်းရင်းတွေ ရှိသေးလား။

ဖြေ – မင်္ဂလာတောင်ညွန့်ဆိုတော့ မ အက္ခရာ၊ ကြာသပတေးနံလည်းဖြစ်တယ်။ ရှေ့နေလောကစတုန်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာပဲ အဆင်ပြေပြီး အောင်မြင်ခဲ့တာဖြစ်တဲ့အတွက် ရွေးချယ်ခဲ့တာပါ။ တာမွေလို တောင်ညွန့်ကို ဖြစ်စေချင်တာပါ။ တာမွေမှာ အခုဆို ရေကြီး ရေလျှံတာ လုံးဝ မရှိတော့ဘူး။ တောင်ညွန့်မှာကတော့ အဲဒီလို မဖြစ်သေးဘူး။ တောင်ညွန့်မှာက လက်လုပ်လက်စားများတယ်၊ ပျံကျတွေ များတယ်။ သူတို့ရဲ့လူနေမှု အဆင့်အတန်းကို မြင့်မားစေချင်ပါတယ်။ ခရမ်းသုံးခွကားဂိတ်နားဆိုရင်လည်း လုံခြုံရေးအရ သိပ်မကောင်းတဲ့အတွက် အဲဒါတွေကို ကောင်းအောင် ပြုလုပ်ပေးချင်လို့ပါ။ အထက်ပုဇွန်တောင် ခရမ်းသုံးခွသွားတဲ့ လမ်းမှာဆိုရင် မြေပိုတွေ အများကြီးရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင် မြေပိုတွေကို အစိုးရဆီက တောင်းပြီး တန်ဖိုးနည်းအိမ်ရာဆောက်လုပ်သွားမှာပါ။ တောင်ညွန့်က ပြည်သူလူထုရဲ့ အမှုတော်တော်များများကိုလည်း လိုက်ခဲ့ဖူးတဲ့အတွက် တောင်ညွန့်ကို သံယောဇဉ် ရှိလို့ ဒီမြို့နယ်ကို ရွေးဖြစ်သွားတာပါ။ ကူးတို့ဆိပ်ရပ်ကွက်ကိုကြည့်ရင် အခြေအနေဆိုးဆိုးဝါးဝါး ဖြစ်နေတာကို တွေ့ရမှာပါ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်တော့ မင်္ဂလာတောင်ညွန့်ကို ဖွံ့ဖြိုးလာအောင် ပြုလုပ်သွားမှာပါ။

မေး – ဒေါ်ဖြူဖြူညွန့်ရဲ့ မဲဆန္ဒနယ်မှာ အဓိကပြဿနာက ဘာဖြစ်မယ်လို့ထင်လဲ။

ဖြေ – ရေကြီး ရေလျှံတာတွေ တော်တော်များများဖြစ်တယ်၊ အပြစ်ပြောတာ မဟုတ်ပါဘူး။ ကူးတို့ဆိပ်ဘက်မှာ ဆိုရင်လည်း လက်လုပ်လက်စားများတယ်။ အိမ်လေးတွေက အရမ်းကပ်နေတော့ မီးရေးထင်းရေးဖြစ်သွားရင်တော့ (မီးသတ်ကား) ဝင်လို့မရဘူး။ ပျံကျတွေက များတယ်။ ကျွန်မ ဒီမြို့နယ် ကိုယ်စားလှယ်အဖြစ်ရခဲ့ရင် အကွက်ချပြီး ကျူးကျော်တွေကို စနစ်တကျ စုပေါင်းအိမ်ရာဆောက်လုပ်ပေးချင်ပါတယ်။ တရားဥပဒေစိုးမိုးရေးမှာဆိုရင်လည်း သက်ငယ်မုဒိမ်းမှုတွေက ပိုများလာတယ်။ လက်လုပ်လက်စားဖြစ်တဲ့အတွက်လည်း မိဘတွေက သားသမီးတွေကို မကြည့်နိုင်ဘူး။ မိဘက ဈေးရောင်း၊ အလုပ်သွားလုပ်ရင် အိမ်မှာ သားသမီးက ဖြစ်သလိုနေရတယ်။ စက်ဆန်းဘက်မှာဆို အမျိုးသမီးအများစုက လက်ဖက်ရည်ဆိုင် ထိုင်လာကြတယ်။ ဘာလုပ်တာလဲ ကြည့်လိုက်တော့ ၂ လုံး၊ ၃ လုံး ထိုးကြတယ်။ ဖုန်းဆက်ပြီး ထိုးကြတယ်။ အကြွေးတွေ အရမ်းများလာတော့ ပြဿနာဖြစ်လာကြတယ်။ ပြဿနာတွေကြောင့် လူတွေက လုယက်မှုတွေပါ လုပ်လာကြတယ်။ ဒီပြဿနာတွေ အားလုံးက ဝိုင်းဝန်းပြီး လုပ်ပေးမှရမှာပါ။

မေး – တစည ပါတီက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘာတွေလုပ်ပေးပြီးပြီလဲ။

ဖြေ – မြစ်ဆုံ (ရေအားလျှပ်စစ်စီမံကိန်း) မလုပ်ဖို့ ကျွန်မတို့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဟူက ပထမဆုံးကန့်ကွက်ခဲ့တာပါ။ ကန့်ကွက်ခဲ့တော့ သမ္မတကြီးက မြစ်ဆုံ ဆက်မလုပ်ဖို့ တားပေးခဲ့ပါတယ်။ (ရွှေတိဂုံဘုရားအနီး) ဒဂုံစီးတီးစီမံကိန်းဆိုရင်လည်း ဆက်မလုပ်ဖို့ ကျွန်မတို့ပါတီက ကန့်ကွက်ခဲ့ပါတယ်။

မေး – ဒီရွေးကောက်ပွဲမှာ၂ဝ၁ဝ ရွေးကောက်ပွဲထက် တစည ကိုယ်စားလှယ်လောင်းအရေအတွက် ပိုပြီး အရွေးချယ်ခံရမယ်လို့ မျှော်လင့်ထားသလား။

ဖြေ – မျှော်လင့်ပါတယ်။ ၂ဝ၁ဝ တုန်းက ၆၄ ယောက် အရွေးချယ်ခံခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ကိုယ်စားလှယ်လောင်း ၇၄၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ တစ်ဝက်လောက်တော့ နိုင်မယ်လို့ ထင်တယ်။

မေး – မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါ ထူးထူးခြားခြား ဘာတွေကြုံတွေ့ရသလဲ။

ဖြေ – တစညပါတီက မဆလပါတီရဲ့အဆက်အနွယ်ဖြစ်တဲ့အတွက် တစ်ခါတလေမှာ လူတွေက မုန်းကြတယ်။ သူတို့ ပါတီဝင်အဖြစ် မဝင်ချင်ကြဘူး။ ပါတီအကြောင်းကို တကယ်နားလည်တဲ့သူကတော့ ပါတီကို ချစ်ကြပါတယ်။ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ဒီပါတီကို ရှိပါသေးလား ဆိုပြီး မေးမြန်းတာတွေ ရှိပါတယ်။ ဆိုင်းဘုတ်လိုက်ထူတဲ့အခါ ပြည်သူလူထုက ဝိုင်းဝန်းကူညီပေးပါတယ်။

မေး – မဲစာရင်းမှားယွင်းမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ – မဲစာရင်းမှားတယ်၊ မဲစာရင်းမပါဘူးဆိုတာ ရပ်ကွက်အဆင့်က တင်သွားတဲ့အပေါ်မှာ ရွေးကောက်ပွဲကော်မရှင်က လုပ်ရတာပါ။ ဒီလူရှိတယ် မရှိဘူးဆိုတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိမှာ မဟုတ်ပါဘူး။ ရပ်ကွက် မဲစာရင်းမှားတာကို မလုပ်ပေးရင်တောင် မြို့နယ်ကော်မရှင်က လုပ်ပေးနေပါတယ်။ ရပ်ကွက်ကော်မရှင်တွေ အလုပ်လုပ်တာ စနစ်မကျလို့ အခုလို မဲစာရင်းတွေ မှားတာပါ။

မေး – လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရင် ဘာဆက်လုပ်မလဲ။

ဖြေ – ဒီတစ်ခေါက် မဖြစ်တော့လည်း နောက်တစ်ခေါက်ပေါ့။ ရှေ့နေအလုပ် ဆက်လုပ်မယ်။ ကိုယ့်ပါတီကို ဆက်ပြီး ပံ့ပိုးပေးမယ်။

မေး – ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဘာကြောင့် ဝင်မပြိုင်တာလဲ။

ဖြေ – ပထမနှစ်က မဝင်ဘူးဆိုတာ ဌာနချုပ်က အမျိုးသားတွေပဲ ထည့်လို့ပါ။ နောက်ပြီး နှလုံးမှာလည်း စက်ထည့်ထားတာ မကြာသေးလို့ပါ။ အခုနှစ်ကတော့ အမျိုးသမီးတွေလည်း မျှထည့်ပါတယ်။ ကျွန်မ အမျိုးသား ဦးဝင်းထိန်က ၂ဝ၁ဝ တုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တော့ သူအတွက် ကျွန်မက မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ပေးခဲ့တဲ့အတွက် ကျွန်မက အတွေ့အကြုံရှိပြီးသားလို့ ပြောလို့ရပါတယ်။ သူက တာမွေမြို့နယ် မဲဆန္ဒနယ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပါ။

မေး – ကိုယ်ကိုယ်တိုင်လည်း ရှေ့နေတစ်ဦးဖြစ်တော့ ဘယ်ဥပဒေတွေကို ပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ – ဘယ်ဥပဒေပြင်ချင်လဲဆိုတာထက် အခုနောက်ပိုင်းအရမ်းဖြစ်လာတဲ့ သက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်တဲ့သူတွေကို လုပ်ရင်လုပ်သလောက် ထိထိရောက်ရောက်ဖြစ်စေချင်ပါတယ်။ လုပ်လို့ရမှန်းသိတော့ ထောင်ကျပြီး ပြန်လွတ်လာမှန်းသိတော့ သူတို့စိတ်က ဒါတွေပဲ ရှိတော့တယ်။ ဒီပုဒ်မကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်အောင် ပြင်ချင်ပါတယ်။ မုဒိမ်းမှု ပုဒ်မှ ၃၇၆ ဆိုရင် အများဆုံး ထောင် (၁ဝ) နှစ်၊ ၃၇၆/၅၁၁ ဆိုရင် ကျူးလွန်ရန်အတွက် ကြံစည်အားထုတ်တာပဲ ရှိတယ်။ ၃၇၆ ပြစ်ဒဏ်နဲ့ ၅၁၁ ပြစ်ဒဏ်က အတူတူပဲ။ အခုက အများဆုံးမှ (၃) နှစ်လောက်ပဲ ချနေကြတာရှိတယ်လေ။ ထိထိရောက်ရောက်လုပ်တဲ့အနေနဲ့တစ်သက် တစ်ကျွန်း ချသင့်တယ်လို့ မြင်တယ်။ အခုက မိသားစုထဲမှာလည်း ဖြစ်နေကြတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်သင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီး လုယက်မှုကတော့ ကြိုတင်ကြံစည်မှုပါပဲ။ ဒီလိုလူတွေကိုလည်း ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်ပါတယ်။ လုယက်မှု ကျူးလွန်သူတွေနဲ့ မုဒိမ်းမှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ မထည့်သင့်ဘူးလို့ သုံးသပ်ပါတယ်။ ဒီလူတွေက ပြန်ထွက်လာရင် ဒီအလုပ်ပဲ လုပ်ကြဦးမှာပဲ။ အဲဒါတွေကို ပြင်စေချင်ပါတယ်။

မေး -အခုနောက်ပိုင်းမှာ ဒီအမှုတွေ ပိုပြီးကျူးလွန်လာကြတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ – ဖုန်းရုပ်ရှင်ခွေရယ်ကနေ စပြီးတော့ ဖြစ်လာတာ ရှိတယ်၊ အရက်သေစာသောက်စားပြီး ဖြစ်လာတာရှိတယ်။ ဟိုတလောက နေပြည်တော်မှာဖြစ်တဲ့ကိစ္စဆို ပစ္စည်းလိုချင်လို့ဖြစ်တာလည်း မဟုတ်ဘူး၊ မူးပြီးတော့ ဖြစ်တာ။ တချို့ဆို ဖုန်းနဲ့ ကလေးတွေကို ပြပြီး မြှူဆွယ်တာတို့ ရှိပါတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်။ ဖုန်းတွေမှာ ပေါ်လာတဲ့ ညစ်ညမ်းတဲ့ဟာတွေကို အစိုးရအနေနဲ့ ဖုန်းထဲမရောက်အောင် လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်၊ အခုတောင် Facebook ထဲကလူတွေကို လိုက်ဖမ်းလို့ ရနေပြီပဲ၊ ဒီဟာတွေကိုလည်း ဆက်သွယ်ရေးလမ်းကြောင်းအရ ထိန်းချုပ်သင့်တယ်လို့ မြင်ပါတယ်။ ဖုန်းလောကတိုးတက်လေ ကလေးတွေ ဒုက္ခရောက်လေ အဲဒီလိုမျိုး ဖြစ်နေတယ်။ ။

Show More

Related Articles

Back to top button