ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ပြည့်လုပြီ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးနှင့် အခြေအနေအရပ်ရပ်တွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာသည်။ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများနှင့် တိုက်ပွဲများလည်း နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေသည်။
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်ချိန်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ နိုင်ငံရေးရာသီဥတုအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နေပြည်တော်၌ ရှိနေခဲ့သူ ဦးရည်မွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဦးရည်မွန်က ဒီမိုကရေစီရေးအတွက် မဖြစ်မနေ ရှေ့ဆက်သွားရမည့် အကြောင်းခြင်းရာများကို ထုတ်ဖော်ပြောဆိုထားသည်။
မေး – စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အတွေ့အကြုံ ပြန်ပြောပြပေးပါ။
ဖြေ – အဲဒီနေ့ မနက် (၄) နာရီလောက်မှာပဲ စည်ပင်(ရိပ်သာ)ထဲမှာ အသံတွေ စကြားရတယ်။ အင်တာနက်လိုင်းတွေလည်း ဖြတ်လိုက်ပြီ။ ဂိတ်မှာ(စည်ပင်ရိပ်သာ – ၂)လည်း စစ်သားတွေရောက်နေပြီဆိုတဲ့ စကားသံတွေပေါ့။ ကျွန်တော်တို့ သိပ်တော့ မအံ့ဩမိကြပါဘူး။ ဒီအခြေအနေကို ကြိုပြီး မျှော်လင့်ထားခဲ့ကြပြီးသားပဲ။ ခေါင်းထဲ ပထမဆုံးဝင်လာတာက ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အထူးသဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတော့ ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တုံ့ပြန်ဖို့တာဝန်ဟာ ကျွန်တော်တို့ပခုံးပေါ် ရောက်လာပြီလို့ ကျွန်တော်တို့ နားလည်ခဲ့ကြပါတယ်။
မေး – သိပ်မအံ့ဩဘူးဆိုတော့ စစ်တပ်က အာဏာသိမ်းနိုင်တယ်လို့ ဘယ်အချိန်လောက်ကတည်းက တွက်ဆမိထားလဲ။
ဖြေ – ရွေးကောက်ပွဲအကြိုကာလကတည်းကလို့ ပြောရမယ်။ စစ်အုပ်စုနောက်မြီးဆွဲပါတီတွေက စစ်ခေါင်းဆောင်နဲ့ သွားတွေ့ပြီး အာဏာသိမ်းဖို့ နှတ်ကြောင်းပေးနေတာတွေရှိတယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း သူမလုပ်ရဲတာ ဘာမှမရှိဘူးလို့ မိုက်လုံးကြီးပြနေတာတွေ ရှိတယ်။ ရွေး/ကော်ကိုလည်း အမျိုးမျိုးပြဿနာရှာနေတာတွေ ရှိတယ်။
သူတို့တရားသေကိုးကွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးမတည့်ရင် ဖျက်ပစ်ရမယ်လို့ စကားဦးသန်းလာတာ တွေ ရှိတယ်။ ရွေးကောက်ပွဲမှာ စစ်အုပ်စုအပြတ်အသတ်ရှုံးပြီးတဲ့နောက် ရွေး/ကော်အပေါ် ပြဿနာရှာတာ ပိုများလာတယ်။ လွှတ်တော်ခေါ်ခါနီးလေ အခြေအနေပိုဆိုးလေပဲ။ ခေါင်းဆောင်တွေဆီ သွားပြီး သူ့ကို ကာချုပ်သက်တမ်းတိုးပေးဖို့၊ အစိုးရသစ်မှာ သူ့ကို သမ္မတခန့်ဖို့ ဖိအားပေး အကျပ်ကိုင် ခြိမ်းခြောက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားလာရတယ်။
မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လောက် စိတ်ကြီးဝင်နေသလဲဆိုတော့ ကာချုပ်ဖြစ်ရုံနဲ့ သူ့ကိုယ်သူ ဘဝရှင်မင်းတရားအလောင်းအလျာလို့ အောက်မေ့တော့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာကလည်း Principle သမားပဲ။ ခြိမ်းခြောက်ခံရလို့တော့ သူကိုင်ထားတဲ့မူကို လျှော့မယ့်သူ မဟုတ်ဘူး။
မေး – ဘာကြောင့် စစ်တပ်က အာဏာသိမ်းတယ်လို့ ထင်သလဲ။
ဖြေ – တစ်ခွန်းတည်းပြောရရင် စစ်အာဏာ သက်ဆိုးရှည်ရေးအတွက်ပဲလို့ ပြောရမယ်။ သူတို့ ဉာဏ်နီ၊ ဉာဏ်နက် ရှိသမျှဖန်တီးထားတဲ့ ၂၀၀၈ အောက်မှာကို စစ်အုပ်စုရဲ့အနာဂတ် မရေရာတော့ဘူးဆိုတာ သူတို့ ပိုပိုပြီး သိလာတယ်။ ကျွန်တော်တို့နိုင်ငံအဖို့တော့ ဒီစစ်အုပ်စုဟာ တစ္ဆေမွေးထားရသလိုပဲ။ ဆီဦးထောပတ်လည်း ကျွေးထားရသေးတယ်။ ကိုယ့်ကုပ်ပေါ်လည်း ခွစီးခံထားရတယ်ဆိုတဲ့ အနေအထားပေါ့။
၂၀၀၈ အရ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို အပိုင်ယူထားတယ်။ ရွေးကောက်ပွဲမှာ စစ်အုပ်စုအနွယ်တော်တွေ ၂၆ ရာခိုင်နှုန်းလောက်တော့ အနည်းဆုံးနိုင်မှာပဲ။ ဒီနှစ်ရပ်ပေါင်းပြီး အာဏာကို ရာသက်ပန် အသေဆုပ်ကိုင်ထားမယ်ပေါ့။ သို့သော် ၇၅ ရာခိုင်နှုန်းပြိုင်ပွဲမှာ သူတို့ဘယ်လိုမှ အရေးမလှတော့ဘူးဆိုတာ ရွေးကောက်ပွဲနှစ်ကြိမ်(၂၀၁၅ နဲ့ ၂၀၂၀) ပြီးတာနဲ့ သူတို့ သဘောပေါက်သွားပြီ။
၂၀၀၈ ပေးထားချက်နဲ့ မလုံလောက်ဘူး။ NLD ကိုလည်း နောက်သက်တမ်းတစ်ခု အုပ်ချုပ်ခွင့်ပေးလို့ မရတော့ဘူး။ စစ်အုပ်စုအတွက်တော့ သေရေးရှင်ရေးပေါ့။ တစ်ဝက်တစ်ပျက်ဒီမိုကရေစီအောက်မှာပဲ ပြည်သူတွေဟာ နိုင်ငံရေးမှာ ပိုနိုးကြားလာတယ်။ ဒီမိုကရေစီလွတ်လပ်ခွင့်ကို ပိုပြီး စုံမက်လာတယ်။ NLD အစိုးရအပေါ် အားမရမှုတချို့ရှိပေမဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာကို သူတို့သိတယ်။
ကိုယ်ကျိုးမရှာဘဲ တိုင်းပြည်ကောင်းအောင် ကြိုးစားအလုပ်လုပ်နေတယ်ဆိုတာ ပြည်သူက အသိအမှတ်ပြုတယ်။ စစ်အုပ်စုအတွက်တော့ စားမဝင်၊ အိပ်မပျော်နိုင်စရာပေါ့။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း မိုက်ကြေးခွဲခံထားရတဲ့ အခြေအနေကလည်း ရွေးကောက်ပွဲဆိုရင် NLD နဲ့ ဒီမိုကရေစီသမားတွေမနိုင်လို့ မဖြစ်ဘူးလို့ ပြည်သူတွေ ဆုံးဖြတ်ချက်ချဖို့လည်း တစ်ဖက်မှာ တွန်းအားဖြစ်စေတာပေါ့။ ၁၀ နှစ်လောက် လွှတ်တော်ထဲ ဝင်ထိုင်ခွင့်ရပေမဲ့လည်း စစ်အုပ်စုကိုယ်စားလှယ်တွေ ပြောသမျှ၊ လုပ်သမျှဟာ ပြည်သူ့နှလုံးနှောက်စရာချည်းပဲ။
တိုင်းပြည်အကျိုးစီးပွားထက် စစ်အုပ်စုအကျိုးစီးပွားအတွက်ပဲ ပြောဆိုလုပ်ကိုင်နေကြတယ်ဆိုတာ ပြည်သူက ကောင်းကောင်းသတိထားမိတယ်။ လွှတ်တော်ထဲက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြောရရင် လက်တွေ့တော့ ဒီဖွဲ့စည်းပုံကို ကျွန်တော်တို့ မပြင်နိုင်ခဲ့ဘူး။ စစ်အုပ်စု အလိုမတူသမျှ ဘယ်တော့မှ ပြင်လို့ရမဲ့ ဖွဲ့စည်းပုံလည်း မဟုတ်ဘူး။ သို့သော် အတွေးအခေါ်တိုက်ပွဲမှာတော့ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ သူတို့ပြောနေကျ စစ်တပ်က ဘာကြောင့် နိုင်ငံရေးဦးဆောင်မှုမှာ အစဉ်တစိုက်ပါဝင်ဖို့ လိုအပ်သလဲဆိုတဲ့ အချက်အတွက် ဘယ်လို ယုတ္တိယုတ္တာမျိုးမှ သူတို့ မရှာနိုင်တော့ဘူး။
စစ်တပ်ဟာ နိုင်ငံရေးနဲ့ ဝေးလေကောင်းလေဆိုတာ ပြည်သူက ပိုပြီး သတိထားမိလာသလို စစ်သားကိုယ်စားလှယ်တချို့သည်ပင် ဒီအချက်ကို နားလည်လက်ခံကြတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ပြောမယ်ဆို ၂၅ ရာခိုင်နှုန်းဆိုတာ ပြည်သူ မသဒ္ဓါတဲ့ ဝေစုပေါ့။
နိုင်ငံရေးမှာ စစ်တပ်က ဗိုလ်ကျလွှမ်းမိုးရေးဝါဒ တစ်နည်းအားဖြင့် စစ်ဝါဒအတွေးအခေါ်ဟာ အရေးနိမ့်နေပြီ။ စစ်ဝါဒီတွေအတွက်လည်း မျှော်လင့်ချက် နည်းသထက်နည်းလာပြီ။ ရွေးကောက်ပွဲပြီးကတည်းက NLD ကလည်း အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ် ပြောတာကလည်း သူတို့အတွက် စိုးရိမ်စရာပဲ။ နောက်ငါးနှစ် ဆက်အုပ်ချုပ်ခွင့်ပြုလိုက်ရင် စစ်အုပ်စု နာလန်ထူစရာ အကြောင်းမရှိတော့ဘူးလို့ စဉ်းစားကြပုံပဲ။ နောက်ဆုံးတော့ ဘယ်သူသေသေ ငတေမာဇာတ်ခင်းတော့တာပဲပေါ့ဗျာ။
မေး – မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းတဲ့အပေါ်မှာကော ဘာမှတ်ချက်ပေးချင်သလဲ။
ဖြေ – ၂၀၂၀ ရွေးကောက်ပွဲက ကိုဗစ်ကာလ ခက်ခက်ခဲခဲ စီစဉ်ကျင်းပရတဲ့ ရွေးကောက်ပွဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်တွေအဖို့မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ ရွေးကောက်ပွဲကျရင် ကိုယ့်နယ်ကိုယ်ပြန်ပြီး မဲပေးဖို့ ရည်ရွယ်ထားပေမဲ့ ကိုဗစ်ကြောင့် ပြန်ခွင့်မရဘူး။ ဒီတော့ ကိုယ်ရောက်နေတဲ့ နေရာမှာပဲ မဲပေးခွင့်ရဖို့ ကြိုးစားရသူတွေ ရှိတယ်။
အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေပေါ့။ ရွေးကောက်ပွဲနီးတဲ့အထိ မဲစာရင်းတွေက မငြိမ်ဘူး။
မဲစာရင်းဖောင်းပွမှာကို ကျွန်တော်တို့ စိုးရိမ်ခဲ့ရတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း များသလို ပြည်သူက မဲစာရင်းစစ်ခွင့်မရတဲ့ တပ်နဲ့ ရဲ မဲ ၅ ပုံ ၁ ပုံ လောက်ရှိတဲ့ ကျွန်တော့မြို့နယ်(ပုဗ္ဗသီရိ) အတွက်ဆို ပိုစိုးရိမ်စရာကောင်းတယ်။ သို့သော် ပြည်သူက ရွေးကောက်ပွဲပါးဝနေပြီ။ ဘယ်သူမှ မဲမသမာမှု မပြုနိုင်အောင် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် မျက်စိဒေါက်ထောက် စောင့်ကြည့်ကြမှာပဲ။
နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေလည်း ရှိတယ်။ မဲရုံတိုင်းမှာ ကိုယ့်ပါတီက မဲရုံကိုယ်စားလှယ်တွေလည်း ရှိတယ်။ ကိုယ်က ဖိဖိစီးစီး စောင့်ကြည့်ဖို့ပဲ လိုတယ်။ မဲစာရင်းဖောင်းပွရုံနဲ့ မဲစာရင်းမှာ အမှားအယွင်းရှိရုံနဲ့ ရွေးကောက်ပွဲနေ့မှာ မဲမသမာမှုပြုဖို့ မလွယ်ဘူးဆိုတာ သိနေတော့ သိပ်တော့ စိတ်မပူပါဘူး။
ပြောမယ်ဆို ကျွန်တော့မြို့နယ် ရွေး/ကော်ဆို ပြိုင်ဘက်ပါတီ အနွယ်တော်တွေ လွှမ်းမိုးထားတဲ့ ကော်မရှင်လို့ ပြောလို့ရတယ်။ ဖွဲ့စည်းပုံထွက်လာတော့ ကျွန်တော်တို့ စိတ်တိုင်းမကျဘူး။ သို့သော် ရွေးကောက်ပွဲဥပဒေရှိတယ်။ ဥပဒေနဲ့အညီ လုပ်၊ မလုပ်ပဲ စောင့်ကြည့်ထိန်းကျောင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ရတယ်။ ဒီရွေးကောက်ပွဲ ကိုယ်နိုင်မယ်ဆိုတာလည်း ကြိုသိနေတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ တုန်းက ကိုယ်က အစိမ်းသက်သက် ဝင်ပြိုင်ခဲ့ရတာကိုး။ ၂၀၂၀မှာတော့ ကိုယ့်မဲဆန္ဒရှင်တွေကို အတိုင်းအတာတစ်ခုအထိ စည်းရုံးထားနိုင်ပြီလို့ ယုံကြည်လို့ပဲ။
စိတ်ဝင်စားဖို့ကောင်းတာက ပြိုင်ဘက်ပါတီအခြေအနေပဲ။ ငါးနှစ်လုံးလုံး စည်းရုံးရေး မည်မည်ရရလုပ်တာ မတွေ့ရဘူး။ ရွေးကောက်ပွဲအကြိုကာလမှာလည်း အလုပ်မလုပ်ဘူး။ ကျွန်တော့မဲဆန္ဒနယ်ဆိုရင် ရပ်ကွက် (၁၈) ခုနဲ့ ကျေးရွာပေါင်း (၇၀) ကျော်၊ ပေါင်း (၉၀) ကျော် ရှိတယ်။
ဒါပေမဲ့ ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေးဆင်းတာ ဆယ်နေရာထက် မပိုဘူး။ ရွေးကောက်ပွဲအတွက် အားစိုက်လုပ်ဆောင်မှု လုံးလုံးမတွေ့ရဘူး။ ဘာကြောင့်များလဲလို့ စဉ်းစားကြည့်ဖြစ်ခဲ့တယ်။ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မဲဆွယ်ဟောပြောပွဲ လက်ခံမဲ့ အိမ်ရှင်မရှိတာလည်း ပါမယ်။ ပြိုင်လည်း နိုင်မှာမဟုတ်ဘူးလို့ ကြိုတွက်ထားတာလည်း ပါနိုင်တယ်။
ငါတို့ရှုံးလည်း စစ်တပ်က အာဏာသိမ်းမှာပဲလို့ သေချာထားတာလည်း ပါနိုင်တယ်ပေါ့။
တစ်ဖက်ပါတီ အထိုက်အလျောက်အားကောင်းတဲ့ ရွာတွေဆိုရင် ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါ အမျိုးမျိုး အနှောင့်အယှက်ပေးလေ့ရှိတယ်။ ရန်စမယ်၊ ဆူပူအော်ဟစ်မယ်။ ကျွန်တော်တို့ဟောပြောပွဲလုပ်မဲ့အိမ်နဲ့ မလှမ်းမကမ်းက အသံချဲ့စက် အကျယ်ကြီးဖွင့်မယ်။ ကျွန်တော်တို့ပါတီထောက်ခံသူတွေ ဓားနဲ့ အခုတ်ခံရတဲ့ ဖြစ်စဉ်နှစ်ခုလည်း ရှိခဲ့တယ်။
ရွေးကောက်ပွဲရက်မှာ တစ်ယောက်တည်းက မဲနှစ်ကြိမ်ပေးတဲ့ အမှု ၂ မှု ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီနှစ်မှုစလုံးကလည်း တစ်ဖက်ပါတီလိုလားသူတွေ ကျူးလွန်တာချည်းပဲ။ ရွေးကောက်ပွဲမှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးခဲ့ကြပြီး အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် ပြီးသွားခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါတောင် စစ်ဝတ်စုံတွေဝတ်ပြီး အရပ်သားမဲရုံတွေနား ရစ်သီရစ်သီလာလုပ်တဲ့ ဖြစ်စဉ် ၂ ခုလောက် ရှိခဲ့သေးတယ်။ ရည်ရွယ်ချက်ရှိလို့ အဲဒီလို လာလုပ်တယ်ပဲ ပြောရမှာပေါ့။ မဲစာရင်းမှားလို့၊ မဲမသမာမှုပြုလို့ အာဏာသိမ်းရပါတယ်ဆိုတာ စစ်ကောင်စီရဲ့ မုသားသက်သက်ပါပဲ။
သက်သေအထောက်အထားလည်း မရှိဘူး။ ဘယ်သူကမှလည်း လက်မခံဘူး။ အာဏာဘာလို့သိမ်းသလဲ၊ သိမ်းချင်လို့ သိမ်းတာပဲ။ အာဏာလောဘဇော၊ ကိုယ်ကျိုးစီးပွားလောဘဇောပေါ့။၂၀၀၈ ဖွဲ့စည်းပုံနဲ့ တစ်ဝက်တစ်ပျက်ဒီမိုကရေစီကို လက်တည့်စမ်းကြည့်တာ စစ်အုပ်စုအတွက် အရေးမလှမှန်း သိလာတယ်။ အာဏာသိမ်းတာကလည်း အဓမ္မမှုပဲ။ သူတို့ကိုးကွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး ပြည်သူ့အစိုးရဆီက အာဏာလုယက်ခဲ့တာဆိုတော့ Unconstitutional ပဲပေါ့။ အခုတော့ ၂၅ ရာခိုင်နှုန်းကို လက်မလွှတ်ရုံမက ကျန်တဲ့ ၇၅ ရာခိုင်နှုန်းအပေါ်မှာ PR စနစ်ပြောင်းမယ်ဆိုပြီး လုပ်နေပြန်တယ်။ တစ်ဝက်တစ်ပျက်ဒီမိုကရေစီကနေ အတုအယောင်ဒီမိုကရေစီကို ပြောင်းမဲ့သဘော။
ဒီမိုကရေစီအစစ်အမှန်သမားတွေကို ဘေးဖယ်ထုတ်၊ နှိပ်ကွပ်၊ PR စနစ်သုံးတဲ့ အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီးပြီး စစ်အုပ်စုနဲ့ သူ့အနွယ်ဝင်တွေ အာဏာအရယူ၊ တိုင်းပြည်ကို ရာသက်ပန်စစ်ကျွန်ပြုဖို့ ကြံစည်တဲ့သဘောဆိုတာ အားလုံးသိပါတယ်။ စစ်အုပ်စု ဘယ်လောက် ဟီရိဩတ္တပ္ပ ကင်းမဲ့သလဲ ကျွန်တော်တို့ ပြည်သူတွေ ကောင်းကောင်းသိပါတယ်။
စစ်အုပ်စုကို အမြန်ဆုံး ဖယ်ရှား ရှင်းလင်းပစ်ခြင်းကသာ နိုင်ငံ့ကောင်းကျိုးဖြစ်စေလိမ့်မယ်ဆိုတာ ပြည်သူတွေ နားလည်ကြပြီးလည်း ဖြစ်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)